Unicode
အပိုင်း (၁၂၀)လုလင်ကျစ်က သူမကို ပြုံးလျက် ကြည့်သည်။ သူမက အလွန်ချစ်မြတ်နိုးဖွယ်ကောင်းပြီး သွက်လက်ချက်ချာကြောင်း ခံစားမိသည်။ သို့သော် ဒါက အခြားသူများအတွက်သာဖြစ်သည်။ သူ့ကိုမူ ယောင်ယောင်က အမြဲလိုလို သဘောမကျဖြစ်နေတတ်သည်။
“ယောင်ယောင်က အရှေ့ဘက်ခြမ်းကို ဘယ်လိုများ တွေးမိပြီး သွားဖြစ်ခဲ့တာလဲ”
လုလင်ကျစ်က မေးသည်။
“အဲဒီနေရာကို ညီမလည်း မရောက်ဖူးဘူးလေ၊ ဒါကြောင့် သွားကြည့်ချင်ရုံပါပဲ”
ယဲ့ကျန်းက ပြောသည်။
“ဒါနဲ့သမီးက ဘာလို့ရွှီလောင်ရဲ့ကျောင်းသူ မဖြစ်ချင်ခဲ့တာလဲ”
လုရှီမင်က မေးသည်။
သေချာပေါက် သူ မေးလာပြီပဲ။သူမ၏မျက်ဝန်းများက အနည်းငယ် မည်းမှောင်သွားပြီး လုလင်ကျစ်ကို စိုက်ကြည့်လိုက်သည်။
ယဲ့ကျန်းက နှုတ်ခမ်းကိုမဲ့ကာ ပြောသည်။
“အရှင်ရွှီက သမီးကိုဘာများ သင်ပေးနိုင်မှာလဲ၊ သမီးက သူ့ကျောင်းသူဖြစ်သွားရင် အကယ်ဒမီဝင်ခွင့်စာမေးပွဲကို ဝင်ဖြေလို့မရတော့ဘူးလေ၊ ကော့၊ စာပေနဲ့ ပန်းချီဆွဲတာတွေလည်း စိတ်မဝင်စားပါဘူး၊ အဖေ အဖေလည်း သိရဲ့သားနဲ့ သမီးက ဆေးဝါးအကယ်ဒမီကို ဝင်ရောက်ချင်တာက တကယ်အသုံးဝင်တဲ့နည်းပညာတစ်ခုကို သင်ယူချင်လို့ပါ အခြားအရာတွေကိုတော့ သမီးက ဂရုမစိုက်ချင်ဘူး”
“သမီးက ဘာတွေ ပြောနေတာလဲ၊ ဒါတွေက အသုံးမဝင်ဘဲ ဘယ်နေမှာလဲ၊ မြို့တော်က ကောင်မလေးတွေ ဘယ်လောက်များ ရွှီလောင်ရဲ့ကျောင်းသူ ဖြစ်ချင်နေကြသလဲဆိုတာ သမီးသိလား၊ သမီးက တကယ့်ကို …”
လုရှီမင်က သည်သမီးက အခွင့်အရေးကောင်းကို ဖြုန်းတီးခဲ့သည့်အတွက် ဒေါသထွက်ချင်သည်။
လုလင်ကျစ်ကမူ သူမကို ခပ်မြန်မြန်သိမ်းသွင်းတော့၏။
“ယောင်ယောင်သာ အရှင်ရွှီရဲ့ကျောင်းသူဖြစ်လာမယ်ဆိုရင် မြို့တော်မှာ ပိုပြီးမြင့်မားတဲ့ဂုဏ်သတင်းကို ပိုင်ဆိုင်လာလိမ့်မယ်၊ ဒါက ယောင်ယောင့်အတွက် ပိုမကောင်းဘူးလား၊ ယောင်ယောင် ဆေးဝါးအကယ်ဒမီကျောင်းတော်ကို မသွားဖြစ်ဘူး ဆိုရင်တောင်မှ အဆင်ပြေနေသေးတာပဲ၊ အခုဆိုရင် လုမိသားစုရဲ့သမီးပျိုတွေမှာ ဆေးဝါးအကယ်ဒမီကို မသွားရင်တောင်မှ ပိုကောင်းတဲ့အနာဂတ် ရှိလာတော့မှာလေ”