Part 122

844 82 1
                                    

Unicode

အပိုင်း (၁၂၂) သရဲ သရဲ (၂)

အမျိုးသမီးအကယ်ဒမီက အလွန်ကျယ်ပြောသောနေရာဒေသကို ပိုင်ဆိုင်ထားသည်။ မသိလျှင် မတူကွဲပြားသော အကယ်ဒမီဂိုဏ်းခွဲများစွာက မတူကွဲပြားသော နေရာအသီးသီးတွင် တည်ရှိနေကြသည့်အတွက် အကယ်ဒမီပေါင်းများစွာ စုဝေးနေကြသော အကယ်ဒမီကြီးတစ်ခုနှင့်တူ၏။ သူတို့ ရောက်သွားချိန်တွင် စာမေးပွဲက စတင်တော့မည်ဖြစ်သည်။ ယဲ့ကျန်းက ရထားလုံးကို ဆေးဝါးအကယ်ဒမီ၏ အရှေ့ဂိတ်သို့ တိုက်ရိုက်ဝင်သွားစေလိုက်၏။ သူမ ရထားလုံးပေါ်မှ ဆင်းလိုက်သည်နှင့် အဖက်ဖက်မှ အာရုံစိုက်မှုကိုလက်ခံရရှိလိုက်သည်။ သူမ တစ်ချက် မော့ကြည့်လိုက်သောအခါ သိပ်မဝေးသောနေရာမှ မင်းသမီးလျိုဟွားကို မြင်ရ၏။ ထိုမင်းသမီးက သူမထံ မသေချာမရေရာသော မျက်လုံးများဖြင့် ချဉ်းကပ်လာသည်။
“နင် နင်က အဲဒီနေ့က ပိုင်ဟွားဥယျာဉ်ရဲ့ လုယောင်ယောင်လား”
သူမက နားမလည်နိုင်စွာမေးသည်။
ယဲ့ကျန်းက ရိုသေစွာ နှုတ်ဆက်လိုက်၏။
“မင်းသမီးက မှတ်ဉာဏ်ကောင်းလိုက်တာ”
“မဖြစ်နိုင်ဘူး ဘယ်လိုဖြစ်ပြီး နင်က လုယောင်ယောင်ဖြစ်ရမှာလဲ”
မင်းသမီးလျိုဟွား၏အသံက မြင့်တက်လာတော့သည်။
မဖြစ်နိုင်ဘူး၊ အဲ့ဒီနေ့က သေချာပေါက် လုယောင်ယောင်က ပိန်ပါးမည်းကပ်နေတဲ့ တောရိုင်းမလေးတစ်ယောက်ပဲ၊ ပိုးသားကို ဝတ်ဆင်ထားမယ်ဆိုရင်တောင်မှ နယ်မြို့က တက်လာတယ်ဆိုတဲ့ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်မှာမှ မဟုတ်တာ၊ ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ပြောင်းလဲသွားရမှာလဲ။
“ရယ်ရလိုက်တာ၊ ကျွန်မက လုယောင်ယောင်မဟုတ်ဘူးဆိုရင် ဒီလုမိသားစုက သခင်မလေးကို ဒီလိုဆိုးရွားတဲ့မေးခွန်းမျိုး မေးမယ်လို့ အဲ့လိုလား”
လုကျင်းနှင့် မင်းသမီးလျိုဟွားတို့က တည့်ကြသည်မဟုတ်ပေ။ သူတို့အချင်းချင်း တွေ့လိုက်သည်နှင့် သံမဏိဓားများကို ဆွဲထုတ်ရန် အသင့်ပြင်ထားလေ့ရှိကြသည်။
မင်းသမီးလျိုဟွားက ယဲ့ကျန်းကို မနာလိုကြီးစွာကြည့်သည်။
“ဒီတိုင်းပြည်ရဲ့ဒီမင်းသမီးက ဒီနေ့ မင်း အကယ်ဒမီကို ဝင်နိုင်စွမ်းရှိမရှိ ကြည့်ပါအုံးမယ်”
ယဲ့ကျန်းက ခေါင်းညိတ်ပြီးပြုံးသည်။
“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“နင့်ကို ဘယ်သူက စိုးရိမ်နေလို့လဲ”
မင်းသမီးလျိုဟွားက ယဲ့ကျန်း၏ တည်ငြိမ်မှုကို အလွန်မုန်းတီးလာသည်။ ထို့ကြောင့် သူမ၏တုံ့ပြန်မှုက မုန်းတီးသည့်ဘက်သို့သာသွား၏။
“အား အား …”
ရုတ်တရက် တစ်စုံတစ်ယောက်က အော်သည်။
“သရဲ သရဲ”
အမျိုးသမီးနှစ်ယောက်လုံး တစ်ချိန်တည်း လှည့်ကြည့်လိုက်သောအခါ သိပ်မဝေးသောနေရာတွင် ရထားလုံးမှ ဆင်းလာခါစ မိန်းကလေးနှစ်ယောက်ကို မြင်ရသည်။ သူတို့က တတိယသခင်မလေးလုကို မြင်လိုက်သည်နှင့် အမူအရာများက ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အော်တော့၏။
မင်းသမီးလျိုဟွားက သူတို့ကို ပြန်ကြည့်သည်။
“ရွှီဟိန်ယွီ နင် ပြောတဲ့သရဲက ဘာလဲ”
အော်လိုက်သောသူက ယဲ့ကျန်း၏ ယခင်အတန်းဖော် ယခုမြို့တော်တွင် ကျော်ကြားသော ပါရမီရှင်အမျိုးသမီးဖြစ်သည့် ရွှီဟိန်ယွီ ဖြစ်သည်။ သူမက ရွှီရှန်း၏သမီး ဖြစ်၏။
“နင် နင်က ဘယ်သူလဲ”
ရွှီဟိန်ယွီက မင်းသမီးထံမှ မေးခွန်းကို ပြန်ဖြေရမည့်အစား ယဲ့ကျန်းကိုသာ မနာလိုသလိုကြည့်သည်။ ယဲ့ကျန်းက သူမကို သဘောတကျ ကြည့်လိုက်၏။
လုကျင်းက အမြဲလိုလို သူမကိုယ်သူမ အထက်တန်းလွှာပါရမီရှင်အမျိုးသမီးများနှင့် ဆက်ဆံရခြင်းကို နှစ်သက်လေ့ရှိသည်။ ရွှီဟိန်ယွီနှင့်အတွေ့များသေး၏။ ထို့ကြောင့် မေးလာသည်နှင့် ပြုံးကာ ဖြေသည်။
“အစ်မရွှီ ဒါက ကျွန်မရဲ့တတိယအစ်မ လုယောင်ယောင်လေ”
ရွှီဟိန်၏မျက်နှာက ဖြူဖျော့သွားကာ ယဲ့ကျန်း၏မျက်နှာသွင်ပြင်ကို သေချာကြည့်သည်။
“လုယောင်ယောင် ဟုတ်လား၊ နင့်ရဲ့နာမည်က လုယောင်ယောင်လား”
ယဲ့ကျန်းက ညင်သာစွာ ပြုံးလိုက်လျက် တစ်ချက်ဦးညွှတ်လိုက်သည်။
“မိန်းကလေးရွှီ ကျွန်မ ရှင့်အကြောင်းတွေ အများကြီး ကြားထားဖူးပါတယ်”
“နင် နင်က သူနဲ့အရမ်း အရမ်းတူနေတယ်”
ရွှီဟိန်ယွီက ခပ်တိုးတိုးမရေရွတ်ဘဲ မနေနိုင်တော့ပေ။
“မဖြစ်နိုင်ဘူး”
ယခင်ဝမ်ဖေးနှင့် လုယောင်ယောင်တို့က တစ်ထေရာတည်းနီးပါး တူညီနေသည့်အတွက် တစ်ယောက်တည်းဟုပင် သူမ တွေးမိသွားသည်။ သူမ သရဲဟု အော်မိသည်မှာ အံ့ဩစရာမရှိတော့ပေ။
ရွှီဟိန်ယွီပြောနေသူကို သိသော ယဲ့ကျန်းကလည်း သံသယအပြည့်ဖြင့် ဟန်ဆောင်မေးလိုက်၏။
“မိန်းကလေးရွှီက ဘယ်သူ့အကြောင်းကို ပြောနေတာပါလဲ”
ရွှီဟိန်ယွီက ခေါင်းကိုခါသည်။ သူမ အမှားလုပ်မိမှန်း သိလိုက်၏။
“ဘယ်သူမှ မဟုတ်ဘူး၊ ငါ ဘာများပြောမိလို့လဲ”
ယခုအချိန်တွင် မြို့တော်တွင် ထိုလူ၏နာမည်ကို ထည့်ပြောခြင်းက တားမြစ်ချက်ကဲ့သို့ ဖြစ်နေခဲ့သည်။ မည်သူကမျှ ထုတ်မပြောရဲကြပေ။ သည်လိုထုတ်ပြောလိုက်သည်နှင့် သူတို့ထံသို့ ကံဆိုးမှုများ ယူဆောင်လာမည်ဟုပင် ထင်မှတ်ထားကြ၏။ ရွှီဟိန်ယွီက အရူးမဟုတ်ပေ။ ထို့ကြောင့် သည်နေရာတွင် ယဲ့ကျန်း၏နာမည်ကို ထုတ်ပြောလိမ့်မည်မဟုတ်ပေ။
ယဲ့ကျန်းကလည်း ခေါင်းညိတ်ပြီးနောက် သူမ၏ညီအစ်မများထံသို့ ပြန်သွားသည်။
“စာမေးပွဲဖြေမဲ့အချိန်က နီးကပ်နေပြီ၊  တို့သွားပြီး နာမည်စာရင်းသွင်းမှ ဖြစ်တော့မယ်”
ချန်းချုံပင်းက ယဲ့ကျန်း၏လက်ကိုကိုင်သည်။
“ယောင်ယောင် အခြားသူတွေ ဘယ်လိုထင်ထင် မကြောက်နဲ့၊ အကောင်းဆုံးသာလုပ် ဟုတ်ပြီလား”
“အင်း”
ယဲ့ကျန်းက ကြင်နာစွာပြုံးသည်။
“ညီမအထင် စာမေးပွဲကိုအောင်မြင်မှာပါ”
ထိုစကားကို ကြားသောအခါ မင်းသမီးလျိုဟွားက ပြုံးသည်။
“စာလုံးရေ သုံးထောင်လောက်ပဲပါတဲ့ ကလေးစာအုပ်ကို ဖတ်ထားတဲ့နင့်လိုလူက ဒီလိုအကယ်ဒမီစာမေးပွဲကို အောင်မယ်တဲ့လား၊ ဆရာမတွေက ကန်းနေတယ်လို့ နင်ထင်လား”
ယဲ့ကျန်းက ရယ်သည်။
“အစ်မ ဆရာမတွေက တော်ကြပါတယ်”

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now