Part 78

1.3K 140 3
                                    

Unicode
အပိုင်း ၇၈။ ဒဏ်ရာရခြင်း(၁)
နောက်တစ်ရက်တွင် လုရှီမင်က မြို့တော်သို့ အပြေးအလွှား ပြန်သွားရသည်။ သူ၏မိသားစုကို ကျွင်းကျစ်တွင် ထားခဲ့ရ၏။ အခြားတစ်ဖက်တွင် လုလင်ကျစ်နှင့်အတူ အမဲလိုက်ရာတွင် လိုက်ပါသွားသော လုရှန်းကျစ်က ပြန်ရောက်လာခဲ့သည်။ ယဲ့ကျန်းက သည်ရက်အနည်းငယ်အတွင်းတွင် စာပေများကို လေ့လာသင်ယူနေရသည်။ လောကဝတ်ကမူ ယဲ့ကျန်း ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ခဲ့ရသောအရာဖြစ်၏။ သို့သော် စာပေအရေးအသားကမူ သူမအတွက် ခက်ခဲစေသည်။ သူမ ကောင်းကောင်း မရေးနိုင်မည်ကို ထိတ်လန့်၍မဟုတ်ဘဲ သူမလက်ရေးက အလွန်ကောင်းလွန်းလှလွန်းပြီး ဆရာမရှန်းကို သံသယဝင်စေမည်ကို စိုးရိမ်ခြင်းဖြစ်သည်။ သူမကို သံသယ မဝင်စေရန်အလို့ငှာ ဆရာမ၏ရှေ့တွင် လေ့ကျင့်ချိန်တွင် မင်များကို ဖိတ်ကျစေလျက် ဖိအားများသော အမူအရာမျိုး လုပ်လိုက်၏။
“ဆရာမ စာပေအရေးအသားက တစ်ရက်နှစ်ရက်တည်းနဲ့ လေ့လာလို့ရတာမှ မဟုတ်တာ၊ ကျွန်မ လေးပစ်တဲ့အတတ်တို့ အခြားနယ်ပယ်တွေကို ဘာလို့ အရင်မလေ့ကျင့်တာလဲ”
ဆရာမရှန်းက ယဲ့ကျန်း၏လက်ရေးနှင့် သူမ၏လက်ရေးဆင်တူကြောင်း သိသွားမည်ကို စိုးရိမ်ခြင်းမဟုတ်ပေ။ နန်းတော်အတွင်း နှစ်နှစ်ခန့် လှည့်လည်သွားလာပြီးနောက်တွင် သူမတွင် လုပ်စရာ မရှိသည့်အခါ ကူးယူထားသော အမျိုးမျိုးသောစာအုပ်များကို လေ့ကျင့်ခြင်းကိုသာ သူမ လုပ်ခဲ့ရ၏။ ထို့ကြောင့် သူမသာ ဆန္ဒရှိလျှင် မည်သို့သော လက်ရေးမူပုံစံကိုမဆို ပြောင်းရေးနိုင်လေသည်။ သို့သော် သူမမင်က စာရွက်ကို ထိတွေ့လိုက်ချိန်တိုင်း သူမ၏အရေးအသားက နှစ်ပေါင်းများစွာ လေ့ကျင့်ထားခြင်းဖြစ်ကြောင်း သိသွားစေပေလိမ့်မည်။ လုယောင်ယောင်အနေဖြင့် စာပေအရေးအသားကို အလွန်ဂရုစိုက်သောသူ မဟုတ်လေရာ သူမ ထိုသို့ ထူးချွန်နေရန် မဖြစ်သင့်ပေ။ ကျေးဇူးတင်စရာကောင်းသည်ကား ဆရာမရှန်းက သူမပြောသည်ကို သဘောတူပြီး အရေးအဖတ်တွင် အချိန်မဖြုန်းတော့ရန် ပြောလာ၏။ သူမ သဘောကျသည့်ဘက်ခြမ်းကိုသာ လေ့ကျင့်ခိုင်းလေသည်။
“ဒါဆိုလည်း မြင်းစီးနဲ့လေးအတတ်ကို မနက်ဖြန်စ လေ့ကျင့်ကြရအောင် “
သူမက ပြောသည်။
“အင်း မနက်ခင်းမှာ မြင်းစီးလေ့ကျင့်ပြီး နေ့လယ်ခင်းမှာ မြားပစ်လေ့ကျင့်တာက အဆင်ပြေနိုင်တာပဲ”
ယဲ့ကျန်းက ချက်ချင်းဆိုသလို ခေါင်းမော့ပြီးနောက် ပြန်ချသွားသည်။ သူမ အကယ်ဒမီသို့ ဝင်ရောက်လိုလျှင် ဂီတ၊ လေးပစ်ခြင်း၊ မြင်းစီးအတတ်နှင့် လောကဝတ်အပိုင်းတွင် ထူးချွန်ရမည်မှန်း နားလည်နေ၏။
ညနေခင်းတွင် သိုင့်မေ့က သူမ၏သခင်မအဆောင်သို့သွားပြီး ယဲ့ကျန်း ရေပူစမ်းတွင် ရေစိမ်ချင်စိတ်ရှိမရှိ သွားမေးလေသည်။
ယဲ့ကျန်း တစ်ခဏခန့် တုံ့ဆိုင်းသွား၏။ သူမ မော့ရုန်ကျန်းနှင့်ဆုံပြီးကတည်းက လွန်ခဲ့သော နှစ်ရက်လုံးလုံး ထိုရေပူစမ်းသို့ မသွားခဲ့ပေ။ သူသည်လည်း အမဲလိုက်ကွင်းတွင်သာ ရှိနေလောက်သေး၏။
“တစ်ခဏလောက် ရေသွားစိမ်ကြတာပေါ့၊ ငါ လည်းနားချင်ပြီ”
ယဲ့ကျန်းက သူမ၏အစေခံကို ပြောလိုက်သည်။ သူမ ရေပူစမ်းသို့ ရောက်လာကတည်းက သူမ၏လက်ဖဝါးမှ လင်းချွမ်တစ်စက်ပင် မသုံးရသေးပေ။
အာ ငါသာ တစ်ခုခုလုပ်လိုက်ရင် သရဲနဲ့တူသွားလိမ့်မယ်။
သို့ရာတွင် သူမ ထိုနေ့က သောက်ပြီးသောအခါ လုရှီမင်၊ သူ၏ဇနီးနှင့် ဆရာမရှန်းတို့သောက်သော ရေခွက်များအတွင်းသို့လည်း တစ်စက်ကိုခွဲကာ ရောထားပေးခဲ့သေး၏။
နောက်ရက်တွင် သူတို့က ပုံစံများက ပို၍ကောင်းမွန်လာဟန်ရသည်။ သူတို့၏ တိုးတက်မှုကမူ ယဲ့ကျန်းလောက် သိသာထင်ရှားခြင်းမရှိပေ။
သူမ မှတ်မိသည်မှာ မှန်ကန်မည်ဆိုလျှင် သူမ တစ်စက်လုံးလုံး ကိုယ်တိုင်သောက်ခဲ့ခြင်းဖြစ်ပြီး ထိုသုံးယောက်အတွက်မူကား တစ်စက်ကို ခွဲ၍ တိုက်ခဲ့ခြင်းဖြစ်၏။ သူမ မသောက်ရဲတော့သော်လည်း သူမ မျက်နှာသစ်သော ရေထဲသို့ထည့်ကာ သန့်စင်ခြင်းကိုမူ ပြုလုပ်နေသေးလေသည်။
ထိုညတွင် ယဲ့ကျန်း ရေပူစမ်းသို့ ထပ်သွားသည်။ သည်တစ်ကြိမ်တွင် သူမ သိုင့်မေ့ကို အပြင်ထွက်ခွင့်မပြုတော့ပေ။ ထိုအစား အနီးအနားတွင်သာ သူမကို စောင့်ဆိုင်းခိုင်းထား၏။ သူမ သစ်သားနံရံကို ကျော်ဖြတ်ကာ မသွားရဲတော့ပေ။ သူမ ရေကန်ထဲမှ ပြန်ထွက်လာချိန်တွင် အလွန်မောပန်းနွမ်းနယ်နေခဲ့လေပြီ။
နောက်တစ်ရက်တွင် မနေ့ကထက် ပို၍တက်ကြွလန်းဆန်းသော စိတ်ဝိညာဉ်များဖြင့် ဥယျာဉ်အတွင်းတွင် မြားပစ်လေ့ကျင့်နေသည်။ သူမက သိပ်မကြာခင်ကမှ ရထားသော ဝတ်စုံသစ်ကို ဝတ်ထား၏။ မြင်းစီးရာတွင် ဝတ်ဆင်သောဝတ်စုံက သူမနှင့်အလွန်အဆင်ပြေနေသည်။
လတ်ဆတ်မည့်ပုံရသော မက်မွန်ရောင်ဝတ်စုံက သူမ၏ပုံရိပ်ကိုပို၍ပင် တက်ကြွလန်းဆန်းဟန် ရသွားစေ၏။ သူမ၏မျက်နှာကို ဆေးရည်ဖြင့် ရုပ်ဖျက်ထားခြင်းမရှိပေ။ သူမ၏ဆံပင်များကိုလည်း ရိုးရှင်းစွာ ချထားလေရာ ဘေးတိုက်ကြည့်မည်ဆိုလျှင် အလွန်အမင်း လှပကြောင်း သိသာထင်ရှားနေစေလေသည်။
ဆရာမရှန်းက သူမ ရိုးရှင်းပြီး ကြော့ရှင်းသောဝတ်စုံကို ဝတ်ဆင်သောအခါ ကျေနပ်အားရဟန် ဖြစ်လာသည်။ လုယောင်ယောင်က ယဲ့ကျန်းကဲ့သို့ တောက်ပခြင်း မရှိသော်လည်း သူမ၏လှပသော ဘက်ခြမ်းကို ဖော်ထုတ်ပြသနိုင်စွမ်းတွင် ပါရမီရှိနေဟန်ရ၏။
“ဆရာမ ကျွန်မ အကယ်ဒမီမှာ မြားပစ်လေ့ကျင့်တဲ့အချိန်မှာ ပစ်မှတ်နဲ့ ခြေလှမ်း ဘယ်လောက်ဝေးဝေးထားဖို့ လိုအပ်ပါသလဲ”
ယဲ့ကျန်းက မသိဟန်ဆောင်ကာ မေးလိုက်သည်။
“ခြေလှမ်းနှစ်ဆယ်၊ ဒါပေမဲ့ မင်းအနေနဲ့ ခြေလှမ်းသုံးဆယ်ကနေ စပြီး လေ့ကျင့်ရင် အကောင်းဆုံးပဲ”
ထိုစကားကိုကြားသောအခါ သူမက ပစ်မှတ်မှ ခြေလှမ်းသုံးဆယ်အကွာသို့ ဆုတ်လိုက်သည်။ သူမ လေးနှင့်မြားကို သဏ္ဍာန်ပုံစံကျကျ ချိန်ရွယ်ပြီးနောက် သူမ၏လက်ကောက်ဝတ်ကို တင်းကြပ်လိုက်၏။ သူမက သူမ၏ရှေ့ရှိပစ်မှတ်ကို ထက်ရှစွာစူးစိုက်ကြည့်ကာ အရှိန်ပြင်းအားဖြင့် လေးကြိုးကို ဆွဲပြီး မြားကို ပစ်လွှတ်လိုက်သည်။
နှလုံးသား တည့်တည့်
ဆရာမရှန်းထံမှ ကျယ်လောင်သောလက်ခုပ်သံ ထွက်လာလေသည်။ ဆရာမရှန်းသည်လည်း သည်မိန်းကလေးက မြင်းစီးအတတ်နှင့် မြားပစ်ခြင်းအတတ်တွင် အလွန်ထူးချွန်ကြောင်း လက်ခံထား၏။
တမင်သက်သက် သူမကိုသာ ခက်ခဲအောင် မလုပ်ခဲ့လျှင် အကယ်ဒမီသို့ဝင်ရန်က ကိတ်မုန့်စားသည်ထက်ပင် လွယ်နေလောက်သည်။ သို့သော် သူမကို စိုးရိမ်စေသော ကိစ္စရှိနေသေး၏။
မော့ရုန်ကျန်း။
မော့ရုန်ကျန်းကသာ ယခင်ဝမ်ဖေးကို မှတ်မိနေပြီး လုယောင်ယောင်ကို မြင်တွေ့လိုက်လျှင်...ဆိုသော အချက်ကို သူမ နေ့ညမရွေး တွေးတောနေမိ၏။ သို့သော် အတွေးတစ်ချက်က ဝင်လာလေသည်။
ဧကရာဇ်က လက်ထပ်ပြီးတာနဲ့ စစ်ထွက်သွားတယ်၊ ယဲ့ကျန်းရဲ့မျက်နှာကို လုံးဝမမှတ်မိတာလည်း ဖြစ်နိုင်တာပဲ။
သူမ တွေးသည့်အတိုင်း မှန်ကန်နေစေရန်သာ မျှော်လင့်နေတော့သည်။ လုယောင်ယောင်က ဧကရာဇ်၏အာရုံစိုက်မှုကို မရလျှင် အကောင်းဆုံးဖြစ်၏။ အရေးကြီးဆုံးအချက်မူကား လုယောင်ယောင်၏ မျိုးရိုးနာမည်က ယဲ့မဟုတ်ပေ။ ထို့ကြောင့် သူတို့ကြား မုန်းတီးမှု ရှိမနေခဲ့။
“ဆရာမ ဆရာမ”
ယဲ့ကျန်းက သူမလက်ထဲရှိမြားများအားလုံး ပစ်ပြီးသွားလေပြီ။ ပြန်လှည့်ကြည့်သောအခါ ဆရာမရှန်းက ငေးရီနေကြောင်း မြင်လိုက်ရ၏။ သူမ အကြိမ်အနည်းငယ် ခေါ်သော်လည်း တုံ့ပြန်မှုမရှိပေ။
ဆရာမရှန်းက အသိပြန်ဝင်လာပြီး ယဲ့ကျန်းကိုကြည့်ကာ ပြုံးသည်။
“ဘာကိစ္စများလဲ”
“ဆရာမ ခြံဝန်းထဲကို ပြန်ပြီး ဘာလို့ ခဏလောက်အနားမယူတာလဲ၊ ကျွန်မအစ်ကိုက နေ့လယ်လောက်ဆို ပြန်လာလောက်ပြီ၊ အဲဒီနောက်မှာ ကျွန်မကို ကူညီပြီး အပြင်ဘက်မှာ မြင်းစီးဖော်လုပ်ပေးနိုင်ပါတယ်”
ယဲ့ကျန်းက သူမ ပင်ပန်းနေသည်ဟု ထင်ပြီး အနားယူစေလိုသည်။ ဆရာမရှန်း မငြင်းနိုင်ခင်မှာပင် ဖေးရှီက အဝေးမှ အပြေးလာနေကြောင်း မြင်လိုက်ရသည်။ သူမက အထိတ်တလန့် လက်ရမ်းပြသည်။
“ယောင်ယောင်”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now