Part 136

834 67 1
                                    

အပိုင်း ၁၃၆

ယဲ့ကျန်းက အဆောင်တော်သို့ ပြန်ရောက်သောအခါ ချက်ချင်းဆိုသလို သူမဖော်စပ်ထားသည့် ဆေးပုလင်းကိုသွားယူပြီး လင်းချွမ်တစ်စက် ထည့်သည်။ ထို့နောက် သိုက်မေ့ကို ပြောကာ လုလင်ကျစ်ထံသို့ ပေးပို့စေသည်။

"သူ့ကိုမြင်မှ ပေးနော်"

သူမက တင်းကြပ်စွာမှာလိုက်သေးသည်။

ယခုအခါ လုလင်ကျစ်ကို အမြန်ဆုံးသက်သာသွားစေရန်သာ ဆန္ဒရှိသည်။ သို့မှသာလျှင် သူက မြို့တော်မှ အစောဆုံးထွက်ခွာနိုင်ပေလိမ့်မည်။ သူသာ ပတ်ဝန်းကျင်တွင်ရှိနေမည်ဆိုလျှင် သူမအနေနှင့် သူမအား မျက်စိဒေါက်ထောက် စောင့်ကြည့်ခံနေရမည်ဖြစ်ပြီး သူ့အား အမြဲသတိထားနေရပေလိမ့် မည်။

သူမ၏ညွှန်ကြားချက်နှင့်အတူ လုလင်ကျစ်သည် သိုက်မေ့မှတစ်ဆင့် ယဲ့ကျန်း ပို့ပေးလိုက်သောဆေးကို လက်ခံရရှိသည်။ ကြည့်လိုက်ပြီးနောက်တွင်ပင် သူက ခေါင်းခါကာ ပေါ့ပါးစွာ ပြုံးလိုက်မိသည်။ ယခင်ဆေးပုလင်းနှင့် မည်သည့်အရာမျှ ကွာခြားချက် မရှိချေ။ သို့သော် သူ၏တတိယညီမဖြစ်သူက ကိုယ်တိုင်ကိုယ်က ပြောခဲ့ခြင်းဖြစ်သဖြင့် တစ်စုံတစ်ရာက ထူးခြားရန်မျှော်လင့်မိလေသည်။

နောက်တစ်ရက်တွင် သူက အံ့ဩသွားရတော့သည်။ အကြောင်းမူကား လုလင်ကျစ်က နိုးထလာချိန်တွင် သူ၏ဒဏ်ရာရနေခဲ့သောခြေထောက်က မနာတော့ရုံသာမက ယခင်နေ့ကထက် ပို၍သက်သာလာကြောင်း ခံစားလိုက်ရသည်။

"ယောင်ယောင့်ရဲ့ဆေးက မှော်ဆန်တဲ့သက်ရောက်မှုရှိတာပဲ"

မနက်ခင်းနေမင်းက တောက်ပနေချိန်တွင် လယ်သမားများအတွက် ကောက်ပဲသီးနှံများကို ရိတ်သိမ်းရန် အကောင်းဆုံးအချိန်ဖြစ်လာသည်။ ထိုအချိန်တွင် ယဲ့ကျန်းကလည်း အလားတူကြိုးစားသည်။ သူမက မနက်စောစောနိုးလာပြီး မင်းသမီးလျှိုဟွားထံမှ သူမ ရရမည့် လောင်းကြေးများကို ရယူလိုစိတ်ပြင်းပြလာသည်။

သူမ၏အကြံအစည်ကို လုရှန်းကျစ်နှင့်လုကျန်းတို့က ကြားသောအခါ သူမ၏ အတင်းတိုက်တွန်းမှုကြောင့် စံအိမ်တော်မှ ထွက်ခွာရန်ဖြစ်လာသည်။ ဆုံးဖြတ်ချက် ချပြီးကတည်းက ထိုနှစ်ယောက်လုံးကလည်း သူမအတွက် ငွေပြားများသွားယူပေးရန် ဆန္ဒရှိကြသည်။ ထို့ကြောင့် ယဲ့ကျန်းကိုယ်တိုင်လိုက်လာခဲ့ခြင်းကလည်း ပြဿနာရှိနိုင်သည့်အတွက် သူတို့က သူတို့သီးသန့်သာ သွားလိုကြလေသည်။ ထိုစီစဉ်မှုက ယဲ့ကျန်းအတွက် အဆင်ပြေသည်။ သူမကလည်း မသွားချင်ချေ။ သူမက လိုအပ်သည့်စာရွက်စာတမ်းများကို ထိုနှစ်ယောက်ထံသို့ ပေးအပ်လိုက်ရုံမျှဖြင့် ထိုနှစ်ယောက်က အလွယ်တကူ လုပ်ဆောင်ပေးနိုင်ကြသူဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမတွင် သက်သေခံမင်းသမီး၏ တံဆိပ်တုံးပါသည့်စာရွက်ရှိလေသည်။ ထိုစာရွက်နှင့်ဆိုလျှင် မည်သူကမျှ ငြင်းနိုင်တော့မည် မဟုတ်ချေ။ ထို့အပြင် မင်းသားငယ်ကလည်း မျက်မြင်သက်သေအဖြစ် တံဆိပ်တုံးထုထားသေးလေသည်။ နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ အမျိုးသားများက ထိုစာရွက်များနှင့်အတူ ထွက်သွားကြသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now