Part 117

964 92 2
                                    

Unicode
အပိုင်း (၁၁၇)

ယခင်က ကျင်းတိုင်းပြည်တွင် အစွမ်းအထက်ဆုံးမိသားစု ဖြစ်ခဲ့ဖူးသော ယဲ့မိသားစုပိုင်ဆိုင်သော စံအိမ်က ယခုကဲ့သို့ ပျက်စီးယိုယွင်းသော အနေအထားအထိ ရောက်သွားခဲ့လေပြီ။
ယဲ့ကျန်းတွင် ယဲ့မိသားစု၏ နက်ရှိုင်းသောခံစားချက်များ ရှိနေသည်။ သို့သော် သူမ မထုတ်ပြဝံ့ပေ။
“ဒီနေရာက တိတ်ဆိတ်တယ်၊ ငါသခင်မလေးက ခဏလောက် လမ်းလျှောက်လိုက်ဦးမယ်၊ နင်က ဒီမှာစောင့်နေခဲ့”
ယဲ့ကျန်းက လိုက်ကာစကို ဖယ်လိုက်ကာ ရထားလုံးထဲမှ ဆင်းသည်။ သူမက ထိုအစေခံကို အမိန့်ပေးလိုက်သည်။
“တတိယသခင်မလေး ဒီအစေခံက လိုက်လာခဲ့ပါရစေ”
ထိုအစေခံက စိုးရိမ်သောလေသံမျိုးဖြင့် သူမ၏ခြေလှမ်းများကို တားသည်။
ယဲ့ကျန်းက သူ့ကို ကြည့်လိုက်သောအခါ သူက ၁၃ နှစ်၊ ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်မျှသာဖြစ်ကြောင်း မြင်လိုက်ရသည်။ သူမက ကြင်နာစွာပြုံးကာ မေးလိုက်သည်။
“နင့်နာမည် ဘယ်လိုခေါ်လဲ”
အစေခံကောင်လေးက ယဲ့ကျန်း၏ တောက်ပသောအပြုံးကြောင့် မှင်တက်သွားပြီးနောက် ဝေဝါးဝါး ဖြေလိုက်သည်။
“တတိယသခင်မလေးကို ပြန်ဖြေပါတယ်၊ ဒီအစေခံကို ချွမ်ဖူလို့ခေါ်ပါတယ်”
“ချွမ်ဖူ နင်လည်း ဒီလမ်းရဲ့အဆုံးကို မြင်နိုင်နေတာပဲ၊ ငါက လမ်းပျောက်ဖို့ မဖြစ်နိုင်ဘူး၊ ဒီအတိုင်း ဒီမှာပဲ စောင့်နေပါ၊ ငါ လုံလုံခြုံခြုံနဲ့ ပြန်လာပါ့မယ်လို့ ကတိပေးတယ်”
မနက်ဖြန်ဆိုလျှင် အမျိုးသမီးအကယ်ဒမီ၏ ဝင်ခွင့်စာမေးပွဲ ဖြေရတော့မည်ဖြစ်ကာ သူမဘဝ၏ အဓိကစမ်းသပ်စစ်ဆေးမှုက စတင်မည်ဖြစ်သည်။
ယဲ့စံအိမ်အပြင်ဘက်တွင် ရပ်နေသော ယဲ့ကျန်း၏နှလုံးသားက အံ့အားသင့်စရာ ကောင်းလောက်အောင်  တည်ငြိမ်နေသည်။ အမှန်အတိုင်းဆိုရသော် သူမမိသားစု၏ ပတ်ဝန်းကျင်က မည်သည့်အတွက်ကြောင့် ဝရုန်းသုန်းကား ဖြစ်ခဲ့ကြောင်းကို သူမက စတင်နားလည်လာခဲ့သည်။ ယဲ့မိသားစုက မနှေးမမြန် မှေးမှိန်သွားတော့မည်ဖြစ်ကြောင်း သူမလည်း ခံစားမိခဲ့ဖူးလေသည်။  သူမ၏ အဘွားအသက်ရှင်နေချိန်က မိသားစုက ပြီးပြည့်စုံခဲ့သည်။ အဘွားက သူမ၏ကြင်နာမှုနှင့် တတိယဦးလေးကို ရက်စက်သောလမ်းစဉ်အောက် မလိုက်စေရန်အတွက် ကောင်းမွန်စွာ ထိန်းကြောင်းနိုင်ခဲ့သည်။ သို့သော် သူမက သေသွားသောအခါ မိသားစုရှိ မည်သူကမျှ ဦးလေးဖြစ်သူကို မတားဆီးနိုင်ကြတော့ပေ။ သူမ၏ဖခင်ကပင် ထိုအစ်ကိုကို မတားနိုင်ခဲ့ပေ။
သူမ၏ဖခင် ပြောခဲ့ဖူးသည့်အတိုင်း သူမ၏ဦးလေးဖြစ်သူ၏ အာဏာအပေါ် တပ်မက်မှုက တားဆီး၍မရသော အဆင့်အထိ ရောက်နေခဲ့ချေပြီ။ သူက ယခင် ဧကရာဇ်အတွက် သစ္စာရှိဝန်ကြီးများကို သတ်ပေးခဲ့သည်။ ထိုသူများအားလုံးက သူ့ကို ရန်ဘက်အဖြစ် သဘောထားကြသည်။ ထိုအချိန်ကမူ ယဲ့မိသားစုက အလွန်ထင်ရှားကျော်ကြားခဲ့၏။
ယဲ့ကျန်းက သူမ၏ဦးလေး ယဲ့ရီစုန့်အပေါ်  ကလဲ့စားမချေလိုပေ။ မည်သို့ပင်ဆိုစေ သူက မိသားစုအတွက် လုပ်ခဲ့ခြင်းဖြစ်နေသည်။
“ငါ အမုန်းဆုံးက မော့ရုန်ကျန်းရဲ့အမိန့်က ဒီဦးလေးကို သတ်ဖို့တင် မဟုတ်နေခဲ့တာပဲ၊ မဟုတ်ဘူး ဒီထဲမှာအပြစ်ကင်းတဲ့လူတွေ ပါနေတယ်ဆိုတာ သူ သိနေတယ်၊ ငါ့အဖေ၊ ငါ့အစ်ကို သူတို့တွေ ဘယ်လောက်တောင် အပြစ်ကင်းလိုက်ကြသလဲ၊ အနည်းဆုံး ယဲ့မိသားစုဝင်တိုင်းက မသေသင့်တာ အမှန်ပဲ”
သူမ၏အမုန်းက မော့ရုန်ကျန်းအတွက်သာလျှင် မကဘဲ လုလင်ကျစ်နှင့် လုဝူရှန်းအတွက်လည်း ပါသည်။ သူမက ယခုအချိန်တွင် ကလဲ့စား မချေနိုင်သေးပေ။ သို့သော် အနာဂတ်တွင် အခွင့်အရေး ရှိလာနိုင်သည်။
သူမက ယဲ့စံအိမ်ကို တမ်းတလွမ်းဆွတ်စွာ တစ်ဖန်ကြည့်ပြန်သည်။ အနာဂတ်တွင်သာ အခွင့်အရေး ရှိမည်ဆိုလျှင် သူမက သည်နေရာသို့ တစ်ဖန် ပြန်ရောက်လာလောက်သည်။
သူမက ထွက်သွားရန် နောက်လှည့်လိုက်ချိန်တွင် ရုတ်တရက် သူမက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရင်းနှီးသောပုံရိပ်တစ်ခုကို ကြည့်လိုက်မိသည်။ ယဲ့ကျန်းက အံ့ဩသွားသည်။ သူမက အလွန်မှင်တက်မိသွား၏။
ခေါင်းတစ်ဝက်ခန့်ကို တိုင်ဖြင့်ကွယ်ကာရပ်နေသော အမျိုးသမီးတစ်ယောက် ကို သူမက မြင်လိုက်ရသည်။ ထိုအမျိုးသမီးကလည်း ယဲ့ကျန်းကို မျက်လုံးပြူးလျက်သားနှင့် ကြည့်နေ၏။
သူမပဲ
ယဲ့ကျန်းက အလွန်အံ့ဩသွားသည်။ သူမ၏ မျက်လုံးကိုပင် သူမ မယုံနိုင်တော့ပေ။ ထိုအမျိုးသမီး၏မျက်လုံးများနှင့် ရုပ်ရည်အားလုံးကို သူမက ကျွမ်းဝင်နေခဲ့သည်။
သူမက ရထားလုံးဘက်သို့ ပြန်လှည့်ကြည့်ပြီးနောက် ချွမ်ဖူက သူမကို လိုက်မရှာသေးကြောင်း မြင်လိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလို တစ်ဖက်သို့ ပြန်လိုက်သည်။
“ဝမ်ဖေး ဝမ်ဖေး ဝမ်ဖေး မဟုတ်လား”
ယဲ့ကျန်း ပြန်လာကြောင်းမြင်သောအခါ ထိုအမျိုးသမီးက ဒူးထောက်လုမတတ် ကုန်းကာ တုန်ယင်သောလေသံမျိုးဖြင့် မထိန်းချုပ်နိုင်စွာခေါ်သည်။
ယဲ့ကျန်းက သူမကို အေးစက်စွာ ကြည့်လိုက်သည်။ တစ်ဖက်လူ မည်သူမှန်း သူမကလည်း သိသည်။ သို့သော် မသိချင်ယောင် ဟန်ဆောင်ရမည်ပေ။
“တို့ကို သိလို့လား”
ဒါက သူမ၏အစေခံဟုန်လျန် ဖြစ်ပြီး သူမနှင့်အတူ ကြီးပြင်းလာခဲ့သူဖြစ်၏။ မီးထဲတွင် သေသွားပြီဟု သူမက ယူဆခဲ့သူလည်းဖြစ်သည်။
ဒါပေမဲ့ ဘာလို့ သူမက အသက် ရှင်နေသေးတာလဲ။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now