part 42

1.6K 160 1
                                    

Unicode

အပိုင်း (၄၂) ဉာဏ်မရှိသော လှုပ်ရှားမှု (၂)
ယဲ့ကျန်းက နေရာတွင် ကြောင်အစွာ ရပ်နေမိသည်။ ထန်းကျန့်၏ မြားကြောင့်သာ မဟုတ်လျင် သူမ လုလင်ကျစ်ကို သတ်မိလောက်လေပြီ။
အသက်ပြင်းပြင်း ရှူပြီးနောက် သူမ နောက်ဆုံးတွင် သတိကို ထိန်းနိုင်သွားပြီး လုလင်ကျစ်ကို ဒီလို စောစောသတ်ရန် ကြံစည်ခြင်းက ဉာဏ်မဲ့သော လုပ်ရပ် ဖြစ်ကြောင်း သိလိုက်ရ၏။ လုမိသားစုက သူမကို ကွပ်မျက်ရန် တွန်းအားပေးလာနိုင်သည်။ ထိုသို့ဆိုလျှင် သူမ ကျန်သော သူများကို ကလဲ့စား ချေနိုင်တော့မည် မဟုတ်ပေ။
အား ငါ အရမ်း စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်။
လုလင်ကျစ်ကို သတ်သော နည်းလမ်းက သူမ ကလဲ့စားချေလိုသော လမ်းကြောင်း အမှန် မဟုတ်ပေ။ သူမက လုမိသားစု တစ်ခုလုံးကို ဖျက်ဆီးသွားစေလိုသည်။ မော့ရုန်ကျန်း အုပ်ချုပ်သော ကျင်းတိုင်းပြည်ကြီး ကျရှုံးသွားခြင်းကိုလည်း မြင်လို၏။ မည်သို့ပင်ဆိုစေ သူတို့ကို သေတာထက် ဆိုးသော နာကျင်မှုကို ရစေချင်ခြင်း ဖြစ်သည်။
မဟုတ်သေးဘူး ငါ အခု သေလို့ မရသေးဘူး။ ငါ သေချာပေါက် ဒီလူတွေ အားလုံးကို ကလဲ့စား ချေရဦးမှာ။
"ယောင်ယောင် ဘယ်လိုဖြစ်တာလဲ"
လုရှန်းကျစ်က အသံ တိုးတိုးဖြင့် မေးသည်။
ယဲ့ကျန်းက မျက်တောင် ခတ်ပြီးနောက် မျက်ရည်များ ကျဆင်းလာသည်။
"ညီမ ညီမ ပစ်ချင်တာက ယုန်ကို သူ့ကို မဟုတ်ဘူး၊ ဒါပေမဲ့ ညီမရဲ့ လက်က တုန်သွားပြီးတော့ နောက်တော့ နောက်တော့..."
သူမ၏ လက်မောင်းလေး နှစ်ဖက်က တုန်ယင် နေကြောင်းကို မြင်သောအခါ လုရှန်းကျစ်က ဆက်မမေးတော့လေဘဲ သူ၏ ညီမကို ထွေးပွေ့ ထားလိုက်သည်။ သူမကို သူသံသယ မဝင်ပေ။ မည်သို့ပင်ဆိုစေ ဒါက သူ၏ ညီမ ဖြစ်နေ၏။ ညီမ အရင်းမဟုတ်သည့်တိုင် ဒါက သူ၏ ညီမ ဖြစ်နေသေးသည်။
"ညီမလေး အမဲလိုက်တာ ကြာသွားလို့ ပင်ပန်းသွားတာ ဖြစ်ပါလိမ့်မယ်"
"အကြီးဆုံးအစ်ကိုကြီးက ညီမကို အပြစ်တင်မှာလား"
ယဲ့ကျန်းက မျက်ရည်များဖြင့် မေးသည်။
"မတင်ပါဘူး၊ အစ်ကိုကြီးက ဒါက မတော်တဆ ဖြစ်ရပ်မှန်း သိတယ်၊ အိမ်ပြန်ပြီးတော့ ဒဏ်ရာကို ဆေးထည့် ပတ်တီး စည်းပေးပြီး တောင်းပန်လိုက်မယ်"
လုရှန်းကျစ်က ပြောသည်။
သူတို့ တွေ့ဆုံသည့် နေရာသို့ ရောက်လာသော အခါ ဆရာမရှန်းကို မမြင်ရတော့ပေ။ သခင်မလေး လုကို အဖော်ပြုရသည်မှာ သူမ၏ အခြေအနေကို ဆိုးရွားသွားစေဟန် ရသည်။ သူမ၏ ဝတ်ရုံတွင် ရှိနေသော သွေးစများက အခြားသူများ၏ အာရုံကို ဆွဲဆောင်သွား၏။ ထို့ကြောင့် လုရှန်းကျစ်က အဆောင်တော် တစ်ခုတွင် သူမကို နားစေလိုက်ပြီး သခင်မကြီးလုကို သူ ကိုယ်တိုင် သွားရှာလိုက်သည်။
မော့ရုန်ကျန်းနှင့် လုဝူရှန်းတို့ ထွက်သွားခဲ့သည်မှာ ကြာလှချေပြီ။ သူတို့က အင်ပါယာ နန်းတော် အတွင်းသို့ ရောက်ရှိနေ၏။ လုရှန်းကျစ်က သခင်မကြီး လုကို ရှာတွေ့သည်နှင့် ယဲ့ကျန်းက သူတို့နှင့်အတူ အမဲ လိုက်သွားကြောင်း ပြောပြလိုက်သည်။ သို့သော် လုလင်ကျစ်၏ မတော်တဆမှုကိုမူ သူ မပြောရဲပေ။ ထို့ကြောင့် သူမ ပင်ပန်းလာ၍ အိမ်ပြန် အနားယူချင်သည် ဟုသာ ဆိုလိုက်၏။ ထို့ကြောင့် သူတို့ မြန်မြန် ထွက်သွား ရလောက်သည်။
သခင်မကြီးလုကလည်း ယဲ့ကျန်းက သူမကို အပေါ်ဝတ် ပေးရန်အတွက် အမဲလိုက်ခဲ့ကြောင်း ကြားသောအခါ အလွန် စိတ်ထဲ ခံစားသွားရသည်။ ထို့ကြောင့် လုရှန်းကျစ်ကို အမိန့်ပေး၍ ယဲ့ကျန်းကို ပြန် ခေါ်သွားစေလိုက်၏။
တောအုပ်ထဲမှ ပြန်လာပြီးနောက် လုလင်ကျစ်က အပေါင်းအဖော်များ၏ အကူအညီဖြင့် ဒဏ်ရာကို ဆေးထည့်သည်။ ထို့နောက် ဒဏ်ရာကို ပတ်တီးစီးလိုက်၏။ အင်ပါယာနှင့် ဝမ်ဖေးတို့က နန်းတော်ထဲသို့ ပြန်ရောက်သွားပြီ ဖြစ်ကြောင်း ကြားရသောအခါ သူ စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်သည်။
သူ၏ အနောက်တွင် ရှိနေသော ထန်းကျန့်က လက်မောင်းမှ ဒဏ်ရာကို ကြည့်ပြီးနောက် ခေါင်းကို ငုံ့ကာ တစ်စုံတစ်ရာကို တွေးသည်။
"ပျောက်ဖို့ နှစ်ရက်မက အချိန် လိုလိမ့်မယ်"
ထန်းကျန့်က ပြောသည်။ သူ၏ နှုတ်ခမ်းတွင် ခပ်ညစ်ညစ် အပြုံးက ရှိနေ၏။
လုလင်ကျစ် အနေဖြင့် သူ့တွင် ပြောစရာ တစ်စုံတစ်ရာ ရှိနေမှန်း နားလည်နေသည်။
"မင်း ဘာပြောချင်လို့လဲ"
လုလင်ကျစ်က သူ့ကို တိုက်ရိုက် မေးလိုက်သည်။
"တတိယ ညီမက အားနည်းပြီး ငယ်ရွယ်သေးတာကတော့ ပုံမှန်ပါပဲ၊ စိတ်ထဲ ထားမနေနဲ့။ မင်း အကြီးအကဲတွေကို သိစေလိုက်မယ်ဆိုရင် သူမအပေါ် တစ်ခုခု လုပ်လောက်တယ်"
လုလင်ကျစ်က တည်ငြိမ်စွာ ပြန်ပြောသည်။
"သူက ငါ့ညီမ မင်းညီမ မဟုတ်ဘူး၊ ဘာတွေကို လာစိုးရိမ်နေတာလဲ"
"မင်းညီမက ငါ့ညီမပဲလေ၊ ငါတို့က ညီအစ်ကိုတွေ"
ထန်းကျန့်၏ ခံ့ညားသော မျက်နှာက တောက်ပသွားသည်။
"ငါ့ကို ပြောစမ်းပါ၊ တတိယ ညီမ စေ့စပ်ပြီးသွားပြီလား"
သူက တိုက်ရိုက်ပင် မေးသည်။
"မေ့လိုက်တော့၊ မင်း အခု ဘယ်လိုပဲ တွေးနေတွေးနေ၊ ငါ့ညီမက ငယ်သေးတယ်"
လုလင်ကျစ်က ချက်ချင်း မတ်တတ် ထရပ်ပြီး မကျေမနပ် ပြောလိုက်သည်။
ထန်းကျန့်က ရယ်သည်။
"ရတယ်၊ ငါ စောင့်နိုင်တယ်"
လုလင်ကျစ်ခမျာ ထိုစကားကို ဆက်ပြောရန်ပင် ပျင်းသွားသည်။ အဝတ်အစားကို သေသပ်အောင် ပြင်ဆင်ပြီးနောက် သူ၏ မြင်းပေါ်သို့ တက်လိုက်၏။ ထို့နောက် အင်ပါယာက နန်းတော်သို့ ပြန်သွားပြီ ဖြစ်ကြောင်းကိုလည်း ထန်းကျန့်ကို ပြောလိုက်သည်။
"အား ဒီနေ့ ခရီးက အလကားတော့ မဟုတ်ဘူးပဲ"
ထန်းကျန့်က မတ်တတ် ထရပ်ရင်း လုလင်ကျစ်၏ အနောက်မှ လိုက်လာသည်။
ယဲ့ကျန်းက လုစံအိမ်တော်သို့ ပြန်ရောက်လာပြီး နောက်တွင် အဝတ်အစား လဲရန် သူမ၏ အဆောင်တော်သို့ ပြန်သွားသည်။ သို့မှသာလျင် သွေးရနံ့ကို ဖယ်ရှားနိုင်ပေလိမ့်မည်။
ဖေးရှီက သူမက အမဲလိုက်သွားကြောင်း သိသောအခါ သူမကို ဆုံးမပြန်သည်။ ထို့အပြင် လုလင်ကျစ်ကို ယဲ့ကျန်းက နာကျင်အောင် လုပ်ခဲ့ကြောင်းကိုလည်း သိသွား၏။ လုရှန်းကျစ်က ထိုအကြောင်းကို သူ၏ မိခင်ထံမှ မဖုံးကွယ်ထားလိုပေ။
"သမီးရဲ့ အစ်ကိုကြီး ပြန်လာရင် သမီး သူ့ဆီကို သွားပြီး အစ်ကိုကြီးရဲ့ ဒဏ်ရာကို ဆေးထည့်ပြီး ပတ်တီး စည်းပေးရမယ် ကြားလား။ သမီးရဲ့ အစ်ကိုကြီးက သခင်မကြီးကို ဒီကိစ္စကို မပြောဘူးဆိုတာက သမီးကို ဘယ်လောက် ချစ်သလဲ ဆိုတာ ပြနေတာပဲ"
ဖေးရှီက  ပြောသည်။
ယဲ့ကျန်းက ချစ်စဖွယ် ကောင်းသော သမီးငယ်လေး၏ အပြုံးကို ပြုံးပြလိုက်၏။
"အမေ သမီးမှားတာ သမီး သိပါတယ်။ နောက်တစ်ကြိမ် ဒီလို ထပ်မလုပ်ရဲတော့ပါဘူး။ အဖွားက သူ့အတွက် သမင် သားရေ အပေါ်ဝတ် လုပ်ပေးမယ်လို့ ကြားတော့ သမီးကို အပြစ်မတင် တော့ဘူး"
ဖေးရှီကလည်း သူမ၏ သမီးက စံအိမ်ထဲတွင် အချိန်အတန်ကြာ အပိတ်ခံခဲ့ရ၍ အမိန့်ကို မလိုက်နာခြင်း ဖြစ်ကြောင်း ထို့အပြင် အမိန့်များနှင့်လည်း ကျင့်သား ရနေသေးခြင်း မရှိကြောင်း နားလည်နေသည်။
"အမေ့ရဲ့ ချစ်ရတဲ့ သမီးလေး စိတ်အေးအေးထားပါ"
...
Zawgyi

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now