အခန်း ၁၅၄
ထိုစကားကို ကြားလိုက်ပြီးသောအခါ လုဝူရွှမ်း၏အပြုံးက အေးခဲသွားသလို နှလုံးခုန်နှုန်းကလည်း မြန်ဆန်လာသည်။
"မယ်တော်ကြီးက လုယောင်ယောင်ကို တွေ့ချင်တာတဲ့လား"
သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှုက ပြည့်နှက်နေသည်။
"ဟုတ်ပါတယ် ဝမ်ဖေး.."
ဒေါ်လေးချန်းက ပြုံးပြီး ခေါင်းညိတ်ပြသည်။
"သိပ်မကြာခင်က မင်းသားငယ်က ချန်းသဲ့တောင်စံအိမ်ကို ခွင့်ပြုချက်မရှိဘဲ သွားခဲ့ပြီး ထောင်ချောက်အတွင်းကို ကျဆင်းသွားခဲ့ပါတယ်။ ဒါကို တတိယသခင်မလေးလုက တိုက်ဆိုင်စွာနဲ့ ကယ်တင်ပေးနိုင်ခဲ့တာပါ။ အဲဒီအချိန်ကတည်းက အရှင့်သားက တတိယသခင်မလေးလုကိုပဲ တွေ့ချင်စိတ် ပြင်းပြနေခဲ့တာပါ"
ငါ အဘွားကို လုယောင်ယောင်ကို ဒီနေ့ နန်းတော်ထဲကို ခေါ်သွင်း မလာခိုင်းသင့်ဘူး။
လုဝူရွှမ်းက သူမ၏ဆုံးဖြတ်ချက်ကြောင့် နောင်တတကြီးဖြစ်နေလေပြီ။
"ဒေါ်လေးချန်း ကျေးဇူးပြုပြီး မယ်တော်ကြီးကို ပြောပေးပါ။ တို့တွေ သိပ်မကြာခင် လာခဲ့ပါ့မယ်"
သူမက မနည်းဖျစ်ညစ်ပြုံးထားရသော အပြုံးဖြင့် ပြောသည်။
"ဒါဆိုရင် ဒီအစေခံ သွားပြီး သတင်းပို့လိုက်ပါ့မယ်"
သခင်မကြီးလုက ပြန်ထွက်သွားသော ဒေါ်လေးချန်းကို ကြည့်ပြီးနောက်တွင် လုဝူရွှမ်းကို သဘောတကျ ကြည့်လိုက်သည်။
"ဝမ်ဖေး.. မယ်တော်ကြီးက ဝမ်ဖေးကို အရမ်းချစ်ခင်မြတ်နိုးတာ သိသာနေတာပဲ။ ဘာတွေကိုများ စိုးရိမ်နေတာလဲ"
"အဘွားက ဘာလို့ အဲဒီလို ပြောတာလဲ"
လုဝူရွှမ်းက မည်းမှောင်သော မျက်နှာထားဖြင့် မေးသည်။
"မယ်တော်ကြီးကသာ မင်းကို တန်ဖိုးမထားရင် ဘာလို့ ဒီအဘွားကို တွေ့ချင်မှာတဲ့လဲ။ ဒါက မင်းကို မျက်နှာသာပေးတာပဲ"
သခင်မကြီးလု၏ ကြိုးစားအားထုတ်မှုက လုဝူရွှမ်း၏ စိတ်အခြေအနေကို ကောင်းမွန်စေရန်အတွက် ဖြစ်သော်လည်း လုဝူရွှမ်း၏မျက်နှာကမူ မည်းမှောင်နေသေးလေသည်။ သခင်မကြီးလုကို ခါးသီးသော အပြုံးတစ်ချက် ပေးလိုက်ပြီးနောက် အစေခံများကို ဘေးခန်းမမှ ယဲ့ကျန်းကို သွားရောက်ခေါ်ဆောင်ခိုင်းလေသည်။