part 4

2.9K 284 2
                                    

unicode
အပိုင်း ၄။ သူမ ပြန်လာပြီ (၁)
“ယောင်ယောင် နိုးပြီလား”
ယဲ့ကျန်းက အလွန်အမင်း ခေါင်းကိုက်ခြင်းကို ခံစားနေရချိန်တွင် သူမ၏ဘေးမှ သူမနာမည်ခေါ်သော အမျိုးသမီးတစ်ယောက်၏အသံကို ကြားလိုက်ရသည်။ သူမ မျက်လုံးကို ဖွင့်လိုသော်လည်း အလင်းရောင်က အလွန်စူးရှလွန်းနေခဲ့၏။ အစပိုင်းတွင် သူမ၏အမြင်အာရုံက ဦးတည်ရာမဲ့ ဖြစ်နေခဲ့သေးသည်။ သို့သော် သိပ်မကြာခင်တွင်မူ ထိုအမျိုးသမီး၏ စိုးရိမ်သောမျက်နှာကို မြင်လိုက်နိုင်သည်။
သူမ၏ရှေ့မှ မရင်းနှီးသောအမျိုးသမီးကို ကြည့်ပြီးနောက်တွင် သူမ ခက်ခက်ခဲခဲကြိုးစားကာ သတိရအောင် ကြံစည်၏။ သို့ရာတွင် ထိုသူကို မည်သို့မျှကြိုးစားစေကာမူ မမှတ်မိပေ။
“နင်က ဘယ်သူလဲ”
ယဲ့ကျန်းက မေးလိုက်သည်။
ထိုအမျိုးသမီးက ထိုစကားကြောင့် အလွန်အံ့ဩသွား၏။
“ယောင်ယောင် ကိုယ့်အမေကိုတောင် မမှတ်မိတော့ဘူးလား”
ယောင်ယောင် ဟုတ်လား၊ ဘာလို့ ငါ့ရဲ့အိမ်ခေါ်နာမည်ကို ခေါ်နေရတာလဲ၊ ငါ သေသွားတာ မဟုတ်ဘူးလား၊ ဘာလို့ ဒီကိုရောက်နေရတာလဲ။
ယဲ့ကျန်း၏ ကိုယ်လက်၊ ခြေထောက်များက ကလေးတစ်ယောက်ကဲ့သို့ အားနည်းနေသည်။ သူမ၏ခေါင်းမှ နာကျင်မှုက ပြင်းထန်သထက်ပြင်းထန်လာခဲ့ကာ အသိစိတ်မဲ့လုမတတ် ဖြစ်လာခဲ့ပြန်၏။ သူမ၏ စိတ်ထဲ ပုံရိပ်များစွာက ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ ထိုသို့ဖြင့် ဗလာဖြစ်နေပြီးနောက်တွင် အရာအားလုံးက ပေါင်းစပ်သွားခဲ့ကာ သူမ၏ မျက်နှာက သေလုအောင် ဖြူဖျော့သွား၏။ သူမ အမှောင်ထုထဲသို့ ကျရောက်သွားခဲ့လေပြီ။
ယဲ့ကျန်း ပြန်နိုးလာသောအခါ သုံးရက်ခန့် ကုန်လွန်သွားခဲ့ချေပြီ။ သူမ၏စိတ်က အရာအားလုံးကို မှတ်မိနေသေး၏။
သူမက အိပ်ရာ၏တစ်နေရာသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။ မှန်ထဲတွင် သူမ၏ လက်ရှိ ထိုင်နေပုံအနေအထားအရ အနည်းငယ်မင်သက်ပြီး ချက်ချင်း မတုံ့ပြန်နိုင်သော အမူအရာမျိုးက ရှိနေခဲ့၏။ သူမ အသက်ပြန်ရှင်လာခဲ့သည်။ လုရှီမင်၏ မွေးစားသမီးဖြစ်လာခဲ့၏။ လုရှီမင်က လုလင်ကျစ်၏ ဦးလေးဖြစ်ပြီး သူမက သူမ၏ အမြွှာညီအစ်မခန္ဓာကိုယ်ထဲတွင် ပြန်လည်မွေးဖွားလာခဲ့ခြင်းလည်းဖြစ်သည်။ သူမ အတွေးတစ်ချက်နှင့်အတူ အလွန်အမင်း ထိတ်လန့်သွားရ၏။
အာ ဟုတ်သားပဲ၊ သူမရဲ့အမြွှာညီအစ်မ၊ ယဲ့မိသားစုမှာ သူမအကြောင်းကို ထည့်ပြောနေကြပဲ။
သူမ၏အမြွှာညီအစ်မအကြောင်းကို သူမ၏အဖွားသေမှသာ သူမ သိခဲ့ခြင်းလည်းဖြစ်သည်။ သူမ၏မိသားစုက တာအိုဘုန်းတော်ကြီး၏ စကားများကို ယုံကြည်ပြီး အမြွှာနှစ်ယောက်ထဲမှ တစ်ယောက်ကို ရွေးချယ်ရင်ရွေးချယ် သို့မဟုတ် မိသားစုတစ်ခုလုံးက ပျက်စီးရမည်ဆိုသော စကားကိုလက်ခံခဲ့သည်။ ထို့ကြောင့် သူမ၏အဖွားက သူမ၏ထိုအမြွှာညီမငယ်ကို အပြင်သို့ ပေးပစ်ခဲ့သည်။
သူမ၏ညီမ မည်သည့်နေရာသို့ စေလွှတ်ခံခဲ့ရမှန်း အဖွားကသာလျှင် သိထားခဲ့၏။ မည်သို့ပင်ဆိုစေ အဖွားက လျှို့ဝှက်စွာ ကာကွယ်ပေးခဲ့လေသည်။ သူမ၏ညီမကို ဂရုစိုက်ပေးခဲ့သည့်အပြင် အဆုံးတွင် ထိုကလေးကို လုရှီမင်က မွေးစားသွားခဲ့၏။ ပြီးခဲ့သောလက လုရှီမင်သည် မြို့တော်သို့ သူမနှင့်အတူ ပြန်လာခဲ့သည်။ သူ၏မွေးစားသမီးက လဝက်ခန့် သတိလစ်မေ့မြောခဲ့၏။ ယင်းက ပြင်းထန်သော နှလုံးရောဂါကြောင့်ဖြစ်သည်။ သူမ ပြန်နိုးထလာချိန်တွင် လုယောင်ယောင် မရှိတော့ဘဲ ယဲ့ကျန်းဖြစ်နေခဲ့ချေပြီ။
သူမ မည်သည့်အတွက်ကြောင့် သူမ၏မိခင်က သူမအပေါ် နှစ်ပေါင်းများစွာ ခွဲခွဲခြားခြား ဆက်ဆံကြောင်း နောက်ဆုံးတွင် နားလည်လိုက်ရသည်။ သူမ၏အမြွှာညီမက အဝေးသို့ အပို့ခံထားရသည်။ လက်ရှိအချိန်တွင် သူမညီမ၏ကိုယ်ကိုပင် သူမက ယူထားခဲ့သေးသည်။ ထို့ကြောင့် သူမ တုံ့ပြန်စကားတစ်ခွန်းပင် မဆိုဝံ့တော့ပေ။
သို့ရာတွင် သူမ သိထားသည်မှာ သူမ၏ညီမက အံ့ဩဖွယ်ကောင်းသောဘဝကို ပိုင်ဆိုင်ထားသည်။ သူမက လုရှီမင်နှင့်သူ၏ဇနီးမှ ကောင်းကောင်းဂရုစိုက်ခံရသည့်အပြင် အဖွားကလည်း အချိန်တိုင်း ဖြေရှင်းပေးနေခဲ့သေးသည်။ အနည်းဆုံး ယဲ့ကျန်းက ညီမဖြစ်သူ၏ မှတ်ဉာဏ်ထဲတွင် ပျော်ရွှင်ဖွယ်အခြေအနေများကိုသာ မြင်ရ၏။ အတိုက်အခံဖြစ်သော အခြေအနေများပင် မရှိခဲ့ဖူးပေ။ ဒါက သူမကို စိတ်သက်သာရာ ရသွားစေ၏။
အိပ်ရာနှင့်သိပ်မဝေးသောနေရာမှ မှန်ကိုကြည့်ပြီးနောက်တွင် သူမ၏ညီမခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခြင်းကို သံသယမဝင်တော့ပေ။ သူမ၏မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီးနောက် ခံစားချက်များစွာက ယိုဖိတ်လာခဲ့၏။
ဘာလို့အရာအားလုံးက ဒီလိုဖြစ်သွားရတာလဲ။
“ယောင်ယောင် ဘာဖြစ်တာလဲ၊ တစ်ခုခုများဖြစ်လို့လား”
သူမ အတွေးနက်နေချိန်တွင်ပင် အသက် ၁၇ နှစ်၊ ၁၈ နှစ်ရှိမည့် ကောင်လေးတစ်ယောက်က အခန်းထဲသို့ ဝင်လာကြောင်းကို မြင်လိုက်ရသည်။ သူမညီမ၏မှတ်ဉာဏ်အရ အတိတ်က သူက ၁၃ နှစ်ခန့်သာ ရှိနေခဲ့သေး၏။
ယဲ့ကျန်းက လှည့်ကြည့်လိုက်သည်။ သူမ ညီမ၏မှတ်ဉာဏ်မှတစ်ဆင့် ထိုသူက လုရှီမင်၏သားဖြစ်ပြီး သူမညီမ၏ တရားဝင်အစ်ကိုဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့က ကလေးဘဝတည်းက အလွန်ရင်းနှီးကြ၏။ သူမညီမတွင် အစ်ကိုကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုရမည်ဖြစ်သည်။ ဒါကို ခံစားမိသောအခါ သူမ ပြုံးလိုက်သည်။
“အစ်ကိုကြီး ညီမ ဘယ်လိုဖြစ်ပြီး ဒီနေရာကိုရောက်နေတာလဲ”
လုရှန်းကျစ်က အိပ်ရာပေါ်တွင် ထိုင်ချပြီးနောက် ယဲ့ကျန်းကို စိုးရိမ်စွာကြည့်လာသည်။
“ယောင်ယောင် မသက်မသာ ခံစားရသေးလား၊ ငါ အခုချက်ချင်း အမေ့ကို သွားခေါ်မယ်”
သူ၏စိုးရိမ်မှုကို မျက်နှာတွင် အတိုင်းသားမြင်နေရလေသည်။
“မဟုတ်ဘူးမခေါ်နဲ့ ညီမ အချိန်အကြာကြီး လှဲနေရလို့ ခန္ဓာကိုယ်က အားနည်းနေတာပါပဲ၊ ထူးထူးခြားခြားဘာမှ မရှိပါဘူး၊ အဆင်ပြေပါတယ်”
ယဲ့ကျန်းက ပြောသည်။
တိုက်ဆိုင်စွာနဲ့ သူမရဲ့အဖေက အစောပိုင်းအသက်မှာ သူမရဲ့နာမည်ပြောင်ကို ယောင်ယောင်လို့ ပေးခဲ့တယ်၊ မမျှော်လင့်ထားဘဲ ဒါက သူမညီမရဲ့နာမည် ဖြစ်နေခဲ့တာပဲ။
ဒါက အမြွှာပူးတွေရဲ့ကံကြမ္မာလား။
...


နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now