part 45

1.5K 144 2
                                    

Unicode

အပိုင်း (၄၅) မနာလိုမှု
လုလင်ကျစ်က သူ၏ သဘာဝ အစစ်အမှန်ကို မပြခင်ကဆိုလျှင် ယဲ့ကျန်းကလည်း သူက  ကူကယ်ရာမဲ့ နေသော စာသင်သား တစ်ယောက်ဟုသာ ထင်ခဲ့ပြီး သူနှင့် မိတ်ဆွေ ဖြစ်လိုခဲ့၏။ နောက်ပိုင်းတွင် သူ့ကြောင့် သူမ အဆိပ်ခွက်ကို ရခဲ့သည်။ ထိုအခါမှသာ သူက ကိုယ့်ကိုယ်ကို ဖုံးကွယ်ရာတွင် မည်မျှ တော်ကြောင်း နားလည် ခဲ့ရလေသည်။
ထိုသို့သော ပြောင်မြောက်သော လုပ်နိုင် စွမ်းအားများကြောင့်လည်း သူက မော့ရုန်ကျန်း၏ ညာလက်ရုံး တစ်ယောက် ဖြစ်လာခဲ့ခြင်းလည်း ဖြစ်သည်။ တိုက်ပွဲ နယ်မြေတွင် နောက်ထပ် အောင်မြင်မှုများနှင့် ပေါင်းစပ်လိုက်သော် သူက မြင့်မားသော အဆင့် တစ်ခုအထိ ရောက်ရှိသွားခဲ့၏။
သူ၏ သန်မာသော လက်မောင်းကို ကြည့်ပြီး ယဲ့ကျန်း ဓားတစ်ချောင်းကိုသာ ယူကာ ခုတ်ဖြတ် လိုက်ချင်သည်။
"တတိယညီမ ဒီမှာ"
လုလင်ကျစ်က ယဲ့ကျန်းကို ကြင်နာစွာ ပြုံးပြပြီးနောက် သူ၏ ဒဏ်ရာရသော လက်မောင်းကို ပြလိုက်သည်။ တတိယ ညီမက သူမ၏ အတွေးငယ်လေးများကို ဖုံးကွယ်ထားတတ်ခြင်း မရှိကြောင်း သူ တွေးမိလိုက်၏။ သူမလေး အကယ်ဒမီကို တက်ရောက်မည်အား သူ တားမြစ်ရုံမျှဖြင့် သူမက သူ့အပေါ် မကျေမနပ် ဖြစ်နေခဲ့သည်။ ထိုသို့ သူ ယုံကြည်ထား၏။
ယဲ့ကျန်းက သူ၏ လက်မောင်းမှ ဒဏ်ရာကို ကြည့်လိုက်သည်။ ထို့နောက် ဆေးကို ထည့်ပေးကာ အဝတ်သန့်သန့် တစ်ခုဖြင့် ပတ်တီးစည်း ပေးလိုက်၏။
သူမကသာ လက်ဖဝါးမှ ဝိညာဉ် စမ်းရေကို အသုံးပြုရန် ဆန္ဒရှိလျှင် ဒဏ်ရာက ချက်ချင်းလိုလို ပြန်ကောင်း သွားပေလိမ့်မည်။ သို့ရာတွင် သူမ၏ ရင်ထဲတွင် သူ့အပေါ် ကောင်းမွန်သည့် အရာများ ဖြစ်မလာစေချင်ပေ။ ထို့ကြောင့် ပတ်တီးကို သေသပ်စွာ စည်းပြီး နောက်တွင် နှုတ်ဆက်ရန် မတ်တတ် ထရပ်လိုက်၏။
"အခု အဆင်ပြေပြီ ဆိုရင် အဖေ၊ အစ်ကို ကျွန်မ ပြန်တော့မယ်"
ယဲ့ကျန်းက လုရှီမင်ကို ပြောသည်။
လုရှီမင်က သူ၏ သမီးက စာလေ့လာရန် ရှိနေသေးကြောင်း သူ၏ ဇနီးက မကြာခဏ ပြောပြလေ့ ရှိသဖြင့် နားလည်နေသည်။
"ကောင်းပြီ၊ အဆောင်ကို ပြန်တော့။ အဖေ မင်းရဲ့ အစ်ကိုနဲ့ တစ်စုံတစ်ရာ ဆွေးနွေးလိုက်အုံးမယ်"
ဆေးများကို သေချာ စီပြီး နောက်တွင် အချို့ကို စားပွဲပေါ်တွင် တင်ထားခဲ့လိုက်သည်။ ထို့နောက် လုလင်ကျစ်ကို စကားအနည်းငယ် ပြောပြီးသည်နှင့် ထွက်လာခဲ့လိုက်၏။
လုရှီမင်က သူ၏ သမီးကို လက်ဝှေ့ရမ်းပြလိုက်သည်။ ထို့နောက် ခေါင်းကို ခါနေ၏။
" ဒီကလေးမကို အလိုလိုက်လွန်း အားကြီးသွားတာ"
"လုမိသားစုက မိန်းကလေးတွေကို အလိုလိုက်ဖို့ တတ်နိုင်ပါတယ်၊ ကိစ္စကြီးမှ မဟုတ်တာ"
လုလင်ကျစ်က လုရှီမင်ကို ကြည့်သည်။
ထို့နောက် တွက်ချက် နေသော အမူအရာမျိုး တစ်ချက် ပြုံးပြီးနောက် ပြော၏။
"တတိယ ဦးလေး ဦးလေး အနေနဲ့ အဖွား ဆန္ဒ ရှိတဲ့အတိုင်း အရာရှိ တစ်ယောက် ဖြစ်ဖို့ဆိုတာက လွယ်ကူလွန်းပါတယ်။ ဦးလေးအနေနဲ့ နယ်မြို့ကို ပြန်ဖို့ အစီအစဉ် မရှိတော့ဘူးလို့လည်း ကျွန်တော် ထင်တယ်"
လုလင်ကျစ်က သူ၏ ဦးလေးကို တရား ရုံးတော်သို့ ဝင်ရောက်လိုသည်။ လုရှီမင်ကလည်း ဒါက ဖြစ်သင့်သည်ဟု ခံစားမိလာခဲ့၏။ ကျန်သော မိသားစု၀င်များနှင့် မတူညီဘဲ လုရှီမင်က နယ်မြို့တွင်သာ ပျော်ရွှင်ပြီး ရိုးသားစွာ ကျင်လည်ခဲ့သူလည်း ဖြစ်သည်။
"ငါ အမေ့ကို  ဒီအတောအတွင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြောမိရုံပါပဲ။ သူမရဲ့ ဆန္ဒကိုလည်း ငါ မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ ငါက တာဝန်ကျေတဲ့ သားတစ်ယောက် အဖြစ် သတ်မှတ်လို့တောင် မရပါဘူး။ သူမက အမြဲတမ်း ဒီအခွင့်အရေး ပျက်စီးသွားတဲ့အတွက် အရှက် ရနေခဲ့ရတာ"
"အစကတော့ အမြဲတမ်း ခက်ခဲတာပါပဲ၊ ဒါပေမဲ့ ဦးလေး ဒီကမ်းလှမ်းမှုကို အခွင့်ကောင်း ယူပြီး ကြိုးစား ကြည့်သင့်တယ်။ ဦးလေး မြို့တော်မှာ နယ်မြို့မှာ ဆေးခန်း ဖွင့်ခဲ့သလိုမျိုး ဒီမှာ မဖွင့်ချင်ဘူးလား"
လုလင်ကျစ်က လက်ချောင်းကို တတောက်တောက် ခေါက်ပြီးနောက် သူ၏ ဦးလေး၏ မျက်နှာကို စစ်ဆေးနေသည်။
"နောက်နှစ်ကျရင် စတုတ္ထ ညီငယ်က အင်ပါယာ ဝင်ခွင့် စာမေးပွဲကို ဖြေလိမ့်မယ်။ တတိယညီမကသာ အကယ်ဒမီကို ဝင်ရောက် နိုင်ခဲ့တယ်ဆိုရင် သူမရဲ့ အဆင့်အတန်းက ကွာခြားသွားလိမ့်မယ်။ တကယ်လို့ ဦးလေးကသာ အရာရှိ တစ်ယောက် ဖြစ်လာခဲ့မယ် ဆိုရင် ဒါက နှစ်ယောက်လုံးအတွက် လမ်းကြောင်း ဖောက်ပေးတဲ့ အနေအထားမျိုး ဖြစ်သွားပြီ"

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now