Part 83

1.2K 134 9
                                    

Unicode

အပိုင်း ၈၃။ တွေ့ကြပြီ (၂)
သူမ၏ရင်ထဲ ပြင်းထန်သောနောင်တက ပြည့်နှက်လာသည်။ ယဲ့ကျန်းက သူမ စောစောထွက်သင့်သည်ဟု တွေးလိုက်၏။
သူမ မြင်းပေါ်မှ ဆင်းပြီးသည်နှင့် ထန်းကျန့်၏နောက်တွင် ချက်ချင်း ရပ်လိုက်သည်။ ဧကရာဇ်က သူတို့ကိုငဲ့မကြည့်ရန်မျှော်လင့်နေ၏။  အရေးကြီးဆုံး အချက်မှာ မော့ရုန်ကျန်း သူမကို မမှတ်မိသွားစေရန်ဖြစ်သည်။ ထိုညက သူ့ကို ရေပူစမ်းတွင် ကန်ထုတ်ခဲ့သည်မှာ သူမဖြစ်ကြောင်း မမှတ်မိရန်မျှော် လင့်နေ၏။
တော်ဝင်အစောင့်များနောက်တွင် လိုက်ပါလာသော မော့ရုန်ကျန်းက သူ၏ခမ်းနားလှသော ရွှေရောင်တော်ဝင်မြင်းစီးဝတ်စုံဖြင့် အလွန်ကြည့်ကောင်း ချောမောနေ၏။ သူက အရပ်ရှည်သည့်အတွက် အစောင့်များနောက်မှပင် ထိုးထွက်နေသဖြင့် သူ့အား မြင်နေရသည်။ သူ၏မျက်နှာက ပုံမှန်အတိုင်း မကွာခြားပေ။ အလွန်အေးစက်နေသေး၏။
သူ၏နက်မှောင်သော နက်ရှိုင်းသောမျက်ဝန်းများက ပထမဦးဆုံး ကြည့်လိုက်ချိန်တွင် ယဲ့ကျန်းကိုမမြင်ပေ။ ထိုအစား လမ်းဘေးတွင်ရပ်နေသော ထန်းကျန့်ကိုသာ မြင်လိုက်၏။ သူ မျက်ခုံးပင့်သည်။ ထန်းကျန့်ဟာ လုလင်ကျစ်၏ မတော်တဆမှုကို စုံစမ်းရန် သူ အမိန့်ပေးထားသောအမတ် ဖြစ်၏။ သို့သော် စံအိမ်အပြင်သို့ ရောက်နေလေသည်။
သူက တစ်ဖက်သူ၏ရှေ့တွင် ရပ်လိုက်မှသာ ခေါင်းကို အသားကုန်ငုံ့ကာ သူ မမြင်ရစေရန် တစ်ဖက်သူ၏အနောက်တွင် ဖုံးကွယ်နေသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမက ရိုးရှင်းသောပန်းရောင်ပြောင် မြင်းစီးကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထား၏။ သို့ရာတွင် သူမ၏စကတ်က လွတ်လပ်စွာ လှုပ်ရှားနိုင်လောက်အောင် ပွရောင်းနေသည်။ သူမက ခေါင်းကိုအသားကုန်ငုံ့ထားလေရာ အပေါ်စီးမှ ကျော်ကြည့်ရသည့်အတွက် ဖြူဖျော့သော လည်တိုင်ကိုသာလျှင်မြင်ရသည်။
“ဒီအမတ်က တော်ဝင်ဧကရာဇ်ကို ဂါဝရပြုပါတယ်”
ထန်းကျန့်က ဒူးတစ်ဖက်ထောက်ချသည်။
ထိုသို့ဖြင့် ယဲ့ကျန်းကသာ ထင်ရှားစွာ ကျန်ရစ်နေတော့၏။ ယဲ့ကျန်း၏တုန်ယင်မှုကို မြင်နိုင်သည်။ သူမက ချက်ချင်းဆိုသလို ထန်းကျန့်၏နောက်မှ ဒူးထောက်ချ၏။
သူမ၏နှလုံးသားက တုန်ယင်ကာ ထိုသူကို ခပ်ယောင်ယောင်မျှပင် မကြည့်လိုဟန် သေချာနေခဲ့၏။ အကြောင်းမူကား သံသယဝင်ရန် မလိုလောက်အောင် သူမ၏မျက်ဝန်းအတွင်းမှ မုန်းတီးမှုများက မျက်လုံး ဖွင့်လိုက်သည်နှင့် ထွက်လာနိုင်သောကြောင့်ဖြစ်သည်။
“ခေါင်းမော့ပါ၊ မင်း ဘာလို့ ဒီနေရာကို ရောက်နေတာလဲ”
မော့ရုန်ကျန်းက လေးနက်သောအသံဖြင့်မေးသည်။ သို့သော် သူ၏အကြည့်ကမူ ယဲ့ကျန်းထံတွင်သာ ရှိနေခဲ့၏
ဒီအမျိုးသမီး ဟမ့်သူ သေချာပေါက် မှတ်မိနေတာပဲ၊ တကယ်ကိုရင်းနှီးနေတယ်၊ အဲဒီညက ရေပူစမ်းမှာ သူ့ကို ကန်ထုတ်ခဲ့တဲ့အမျိုးသမီးပဲ။
ထန်းကျန့်က ပြုံးကာဖြေ၏။
“အရှင်မင်းကြီးကို ပြန်ဖြေပါတယ်၊ ကျွန်တော်မျိုးရဲ့နောက်မှာ ရပ်နေတာက လုမိသားစုက တတိယသခင်မလေးပါ၊ သူမရဲ့အကြီးဆုံးအစ်ကိုက ဒဏ်ရာရသွားခဲ့လို့ လာရောက်ကြည့်ရှု့တာပါ၊ သူမရဲ့မိခင်ကလည်း စံအိမ်အတွင်းမှာ လက်ထောက်ဝန်ကြီး လုလင်ကျစ်ကို ဂရုစိုက်ပေးဖို့ ကျန်နေရစ်ပါတယ်”
ယဲ့ကျန်း နှလုံးခုန်သံ မြန်သွားသည်။ မည်သည့်အချိန်တွင်မဆို ထိုနှလုံးသား သူမရင်ထဲမှ ဆန်တက်ကာ လည်ပင်းတစ်လျှောက် ခုန်ထွက်တော့မည်ဟုပင် ခံစားရနေ၏။ သူမ ပထမဆုံးအကြိမ် ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း မော့ရုန်ကျန်းနှင့် ထိုမျှနီးကပ်စွာ ဆုံတွေ့ရခြင်းဖြစ်သည်။ သူမ ကြိုတင်ပြင်ဆင်ထားရခြင်း မရှိသေးပေ။
မော့ရုန်ကျန်း၏ဖီးနစ်ကဲ့သို့ ထင်ရှားတောက်ပသော မျက်ဝန်းများက ကျဉ်းမြောင်းသွားလျက် သူမကို မျက်မှောင်ကြုတ်ကာ ကြည့်လာသည်။
“လုမိသားစုက တတိယသခင်မလေး ဟုတ်လား”
ဧကရာဇ်ကိုမော့ကြည့်ကာ နှုတ်ဆက်ဂါရ၀ပြုရမည့်အစား ယဲ့ကျန်းက ခေါင်းကိုသာ ပို၍ငုံ့ထားကာ မကြားချင်ယောင်ဆောင်သည်။ အလွန်ကြောက်လန့်နေပြီး ဧကရာဇ်ကို ပြန်စကားမပြောနိုင်သည့်အလား ဟန်ဆောင်နေ၏။
ထန်းကျန့်က ထိုအချိန်တွင် အလွန်ဒုက္ခများနေလေသည်။ သူမ မည်မျှဆွဲဆောင်မှုရှိကြောင်းသူ သိ၏။
တကယ်လို့ ဧကရာဇ်ကသာ သူ့ကိုတွေ့သွားပြီး နန်းတော်ထဲကို ဆွဲခေါ်သွားခဲ့ရင် သူ ဘယ်လိုလုပ်ရပါ့မလဲ။
ယင်းက သူ ဧကရာဇ်ရှေ့ရောက်ရှိအချိန်တွင် အကြောက်ရဆုံး ကိစ္စလည်းဖြစ်၏။ မော့ရုန်ကျန်းကသာ သူ သဘောကျသောအမျိုးသမီးကို စိတ်ဝင်စားသွားခဲ့လျှင် သူ့အနေဖြင့် နန်းတော်အတွင်းတွင် နေထိုင်နေသော သူမကို ငေးကြည့်ရုံမျှတစ်ပါး တတ်နိုင်သည်မှာမရှိတော့ပေ။
နှောင့်နှေးကြန့်ကြားခြင်းမရှိဘဲ သူကချက်ချင်းဆိုသလို သူ၏ကိုယ်ကို တစ်ဖက်သို့ရွေ့လျက် ယဲ့ကျန်း၏ကိုယ်ကို သူ၏ကိုယ်တစ်ဝက်ခန့်ဖြင့် ပိတ်ကာလိုက်သည်။ ထို့နောက် စိုးရိမ်စိတ်ဖြင့် ပြုံးလျက်ပြောလိုက်၏။
“သခင်မလေးလုက နယ်စပ်ကနေ ပြန်ရောက်လာကာစပါ၊ သူမက အရှင်မင်းကြီး တည်ရှိတာကို ကျင့်သားမရသေးဘဲ ထိတ်လန့်တုန်လှုပ်နေတာဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် တစ်မျိုးမမြင်ပါနဲ့”
သူ၏လုပ်ရပ်ကို နားလည်နေသော မော့ရုန်ကျန်း၏မျက်ခုံးက ပို၍ ပင့်တက်သွား၏။
ထန်းကျန့် ရည်ရွယ်ချက်ရှိရှိ ထိုတတိယသခင်မလေးလုကို သူ၏မြင်ကွင်းမှ ပိတ်လိုက်ကြောင်း သူ သိသည်။
ဘာကို ကွယ်ချင်နေတာလဲ။
ဒီအမတ်တွေရဲ့အမြင်မှာ သူ့လိုဧကရာဇ်က အလှတရားကြောင့် စုံလုံးကန်းသွားမဲ့သူလား။
ဒီသခင်မလေးလုက လှကောင်းလှနိုင်ပါတယ်၊ ဒါပေမဲ့ သူ့မျိုးရိုးနာမည်က လုဖြစ်နေသေးတယ်၊ နန်းတော်ထဲမှာ လုတစ်ယောက် ရှိနေတာကိုတောင် သူ မတတ်နိုင်တာ၊ နောက်ထပ်တစ်ယောက်ကို သူ ဘယ်လိုများ တတ်နိုင်ပါ့မလဲ။
“လုလင်ကျစ် ဘယ်လိုနေလဲ”
သူက သာမန်ဟန်မေးလိုက်သည်။
အမဲလိုက်သွားသောအခါ မတော်တဆမှု ဖြစ်ရပ်အကြောင်း သူ ကြားခဲ့ရ၏။ လုလင်ကျစ်သည် မြင်းကို မထိန်းချုပ်နိုင်ခဲ့ပေ။ တစ်စုံတစ်ယောက်က ထိုမြင်းတွင် တစ်စုံတစ်ရာကြံစည်ထားကြောင်း သူ ချက်ချင်းသိလိုက်လေသည်။  မည်သူမှ မည်သို့လုပ်ခဲ့ကြောင်းကိုမူ လေ့လာစုံစမ်းရအုံး မည်ဖြစ်၏။
ဒါက ထန်းကျန့်ကို တစ်စက္ကန့်၊ နှစ်စက္ကန့် အချိန်ယူရပြီးမှသာလျှင် ဧကရာဇ်က လုလင်ကျစ်အကြောင်းကို မေးနေခြင်းဖြစ်ကြောင်း သတိထားမိသွား၏။ သူတို့၏စကားပြောခန်းက အမျိုးသမီးတစ်ယောက်ထံမှ တစ်ဖက်ထံသို့ ရောက်သွားသည်။
“အရှင်မင်းကြီး တော်ဝင်ဆေးဆရာက လုလင်ကျစ်ကို စစ်ဆေးပြီးပါပြီ၊ သူ့ရဲ့ခြေထောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး အိပ်ရာထဲမှာနေဖို့ လိုအပ်နေပါတယ်”
မော့ရုန်ကျန်းက မျက်မှောင်ကြုတ်ပြီးပြောသည်။
“ကျန်း သိပြီ”
ခေါင်းကို အသားကုန်ငုံ့ထားကာ တိတ်ဆိတ်စွာ တစ်ချိန်လုံး ပုန်းကွယ်နေသော အမျိုးသမီးတစ်ယောက်ထံသို့ နောက်ဆုံးအကြည့်တစ်ချက် ပို့လွှတ်ပြီးနောက် မော့ရုန်ကျန်း သူမ၏ကိုယ်က မည်မျှသေးသွယ်ကြောင်းနှင့် မည်မျှ တောင့်တင်းနေကြောင်း သတိထားလိုက်မိသည်။ သူမ သူ့ကို အလွန်ကြောက်လန့်နေဟန် ရ၏။
ထိုညတွင် မော့ရုန်ကျန်း သေချာနေခဲ့သည်မှာ သူက  ဧကရာဇ်တစ်ပါးဖြစ်ကြောင်း မသိခဲ့၍သာ သူကို ကန်ရဲခဲ့ခြင်း ဖြစ်လောက်သည်။ သို့မဟုတ်လျှင် သူမတွင် မည်သို့သောသတ္တိများရှိခဲ့စေကာမူ ဧကရာဇ်တစ်ပါးကို ထိုသို့မတုံ့ပြန်ရဲနိုင်ချေ။
“သွားရအောင်”
မော့ရုန်ကျန်းက ခေါင်းပင် မော့မကြည့်ရဲသော ထိုသခင်မလေးကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့၏။ မြင်းဇက်ကြိုးကို ဆွဲပြီးနောက် ခြေထောက်အား မြင်းဝမ်းဗိုက်ပိုင်းကို အသာတို့ထိလိုက်သည်။ ချက်ချင်းဆိုသလို စံအိမ်၏နှစ်ဖက်လုံး ဖွင့်ထားသောဂိတ်မှတစ်ဆင့် အတွင်းသို့ဝင်သွား၏။
ဧကရာဇ်က သူတို့ကို ဖြတ်သန်းသွားသည်နှင့် ယဲ့ကျန်း၏ပခုံးများက ပြန်ပြေလျော့ကျသွားသည်။ သူမက မြင်းပေါ်သို့ ချက်ချင်းတက်ပြီး သူမ၏နောက်မှလိုက်လာသော ထန်းကျန့်ကို လျစ်လျူရှုကာ ချက်ချင်းသွား၏။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now