part 33

1.6K 169 1
                                    

Unicode

အပိုင်း ၃၃။  သူ သေသွားပါစေ (၁)
ထိုလူက အပြာရင့်ရောင်ချည်မျှင်များဖြင့် အလှဆင်ထားသည့် အနက်ရောင် ဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဒါက သူ၏ တောင့်တင်းသန်မာသောကိုယ်နှင့် ကွက်တိကျနေကာ ပတ်ဝန်းကျင်ရှိလေထုက သူ၏ တည်ရှိမှုကြောင့် အေးစက်သွားသယောင် ထင်ရသည်။ သူ၏မျက်ဝန်းကို ကြည့်မိချိန်တိုင်း လူတိုင်းကို အထင်သေးနေသော ထိုအကြည့်က အားလုံးက မသက်မသာဖြစ်စေနိုင်၏။
“အရှင်မင်းကြီး”
ဖြူဖျော့သောမျက်နှာထားနှင့် မိန်းမစိုးက သူ၏အနောက်တွင် အလန့်တကြား အော်လိုက်သည်။
ထိုလူ၏အကြည့်က မြေပြင်သို့ ချက်ချင်းရောက်သွားသည်။ သူ၏ကိုယ်မှ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော လှုပ်ရှားမှုက ဓါးအိမ်ထဲမှ ဓါးတစ်ချောင်း ဆွဲထုတ်လိုက်သည့်အလား ထင်ရကာ လေထုပြင်းအားကို မြင့်တက်သွားစေခဲ့သည်။
သူက ငုံ့ကိုင်းပြီး မြေပြင်ပေါ်ကျနေသော အဝတ်အပိုင်းအစတစ်ခုကို ကောက်သည်။
“ဖူတ ဝမ်ဖေး ဒီတောအုပ်ကို လာမလာ သွားပြီးစုံစမ်း”
ထိုလူ၏အသံက တိုးသည်။ သို့သော် အေးစိမ့်မှုများ ရောယှက်နေကာ လူတစ်ယောက် စိုက်မကြည့်ရဲအောင် ဖြစ်စေ၏။
“ဟုတ်ကဲ့ အရှင်မင်းကြီး”
မိန်းမစိုးဖူက ပြန်ဖြေပြီးနောက် ခေါင်းကိုငုံ့ကာ ဧကရာဇ်ခိုင်းသည့်ကိစ္စကိုလုပ်ရန် အနောက်သို့ လှည့်ထွက်သွားသည်။ ထိုလူက ခြောက်သွေ့နေသော ရေတွင်းနားတွင် ရပ်နေသည်။ ထိုလူက မော့ရုန်ကျန်းဖြစ်ကာ ပိုင်ဟွားသို့ ပန်းများရှုစားရန် ရောက်လာခဲ့ခြင်းဖြစ်၏။ ပန်းရှုစားတွေ့ဆုံပွဲတွင် ဘာဖြစ်ခဲ့ကြောင်း သူ မှတ်မိနေသေးသည်။ ထို့ကြောင့် အမှတ်တရနေရာများရှိရာ နေရာဟောင်းသို့ လာလည်ခြင်းလည်းဖြစ်၏။
ဘာကြောင့်ရယ်မသိ၊ သူ၏ရင်ထဲ အမြဲလိုလို နောင်တတရားကို ခံစားနေရသည်။ သူ့ကို ကယ်ခဲ့သောမိန်းကလေးက လုဝူရှန်းဟု သူ ယုံကြည်ထားသည့်တိုင်အောင် မသက်မသာ ခံစားနေရသေး၏။
အတိတ်အချိန်က သူ့ကို ကယ်ခဲ့ဖူးသောကောင်မလေးက လက်ရှိဝမ်ဖေး ဖြစ်ကြောင်း သူ အတည်ပြုပြီးလေပြီ။ ဒါကြောင့်လည်း သူ သူမကို အလိုလိုက်ပေး၏။ သို့ရာတွင် တစ်စုံတစ်ရာ လိုအပ်နေသေးသယောင် သူ အမြဲလိုလိုခံစားနေရသည်။ လုဝူရှန်းက သူတို့ ဝေမျှခဲ့သော အတိတ်အကြောင်းပြောရခြင်းကို မနှစ်သက်ပေ။ သူတို့ကြားမှ လျှို့ဝှက်စကားကိုပင် သူမ မေ့နေ၏။
သူမက ထိုအချိန်က ငယ်လွန်းသဖြင့် မေ့သွားသည်ဟုဆိုသည်။
တကယ်ပဲလား။
အဲဒီအချိန်က သူမက အသက် ၉ နှစ်ရှိနေပြီ။ ၉ နှစ်အရွယ် ကလေးတစ်ယောက်က ဒါတွေကို မှတ်မိနေသင့်တယ်လေ။
မော့ရုန်ကျန်း မျက်ခုံးပင့်လိုက်သည်။ သူ ထိုအချိန်က ထိုကောင်မလေးကို မမြင်နိုင်ခဲ့သည့်တိုင်အောင် သူမက အများဆုံးမှ ၆ နှစ်၊ ၇ နှစ်ခန့်သာရှိကြောင်း မှတ်မိနေသေး၏။
သူ ရှာတွေ့သော သည်အဝတ်အပိုင်းအစကို ဘာလုပ်ရမှန်း သူ မသိသော်လည်း မော့ရုန်ကျန်းက ချက်ချင်းဆိုသလို ခြောက်သွေ့သော ရေတွင်းထဲသို့ ခုန်ချလိုက်မိသည်။ သူ ငယ်ရွယ်ပြီး ကန်းနေခဲ့သောအချိန်က သည်ခြောက်သွေ့သော ရေတွင်းက သူ့ကို ပိတ်လှောင်ထားနိုင်သည်။ ယခုမူ ဒါက ပြဿနာမဟုတ်တော့ပေ။
ခြောက်သွေ့သောရေတွင်းထဲတွင် ပျက်စီးနေသောသေတ္တာတစ်ခုရှိသည်။ သေတ္တာအပိုင်းအစများက ရေတွင်းအနှံ့ ပြန့်ကျဲနေ၏။ မော့ရုန်ကျန်း၏ နှလုံးသားက ထူးခြားစွာထိုင်းမှိုင်းသွားသည်။ သူ တွေ့သမျှ အဝတ်အပိုင်းအစတိုင်းကို ကောက်လိုက်၏။ ဒါက ဘရိုကိတ်အသားဖြစ်ကာအရောင်က ဖျော့နေလေပြီ။ အသစ်နှင့်မတူတော့ပေ။ နှစ်ပေါင်းများစွာ ကြာနေသည့်အလားထင်ရ၏။
သူ စုတ်ပြဲနေသော အဝတ်အပိုင်းအစများကို ဆက်ပြီးနောက်တွင် ပျက်ယွင်းနေသော စကားလုံးတစ်လုံးကို ဖတ်မိလိုက်၏။ သူ၏မျက်နှာက တစ်စုံတစ်ရာ နားလည်သွားသယောင်ဖြစ်သွားသည်။
ယောင်
ရင်းနှီးကျွမ်းဝင်သော နာမည်ကို ရေးထွင်းထားသည့် ထိုအဝတ်အပိုင်းအစကိုကြည့်ပြီး သူ့ကို ကယ်ခဲ့သောကောင်မလေးနှင့် ပတ်သက်သော အချိန်ကို သူ ပြန်ရောက်သွားခဲ့၏။
“အစ်ကိုမော့ အစ်ကိုမော့က အရမ်းချောတာပဲ၊ အစ်ကိုမော့သာ မျက်လုံး ပြန်မြင်နိုင်မယ်ဆိုရင် မြို့တော်မှာ အချောဆုံးလူတစ်ယောက်ဆိုတာ သိလာရမှာပဲ၊ မဟုတ်သေးဘူး၊ ဒုတိယအချောဆုံးဆိုတာ သိလာရလိမ့်မယ်၊ အဖေပြောထားတဲ့ အတိုင်းဆိုရင် ငါ့ ယောင်ယောင်ကမှ တစ်လောကလုံးမှာ အလှဆုံးလူတဲ့”
ရုတ်တရက် ချိုမြိန်ပြီး ပျားရည်ကဲ့သို့သော သစ်သီးရနံ့က သူ၏နှာခေါင်းအတွင်း ပြည့်သွားခဲ့ကာ ထိုချိုမြိန်နူးညံ့သောအသံက နားအတွင်း ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။ သူ ခေါင်းကိုငုံ့ပြီး အဝတ်အပိုင်းအစပေါ်မှ စကားလုံးကို ကြည့်လိုက်၏။
ဒါရဲ့နောက်ကွယ်မှာ သူမရှိနေတာလား၊ ဒါဆို ဘာလို့ ဖျက်ဆီးလိုက်ရတာလဲ။
အဝတ်အပေါ်တွင် ဘာမျှပေကျံခြင်းမှ မရှိပေ။ လွှင့်ပစ်ထားဟန်လည်းမတူပေ။ သည်အတိုင်း တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် သူ ရပ်နေရာနေရာသို့ ရောက်လာခဲ့ပြီး ဖျက်ဆီးသွားသည်ဟု ခံစားမိ၏။
မော့ရုန်ကျန်းက ချက်ချင်းဆိုသလို ရေတွင်းထဲမှ ခုန်တက်လိုက်သည်။
တောအုပ်အတွင်းကို ဝင်သွားတာ ဘယ်သူလဲ၊ ဒီနေရာကို ရောက်လာခဲ့တာက ဘယ်သူလဲ။
သူ တောအုပ်ထဲကို လှည့်ပတ်ကာ ရှာဖွေသော်လည်း မည်သည့်ပုံရိပ်ကိုမျှ မမြင်ရပေ။ သူ လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်မိ၏။ သူ၏ရင်ထဲ သံသယများ ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။ သူကသာ ထိုယောင်ဆိုသည့်စကားလုံးကိုသာ မမြင်ခဲ့လျှင် သူမ၏နာမည်ပြောင်က ယောင်ယောင်မှန်း သူ မေ့တော့မည်ပေ။
လုဝူရှန်းသည် သူမတွင် နာမည်ပြောင်ရှိသည်ဟု တစ်ခါမှ မဆိုဘူးပေ။
“အရှင်မင်းကြီး ကျွန်တော် အခုပဲ အရှင်မင်းကြီး ခိုင်းတဲ့ကိစ္စကို  လုပ်ပြီးပါပြီ၊ ဝမ်ဖေးက တွေ့ဆုံပွဲကို ရောက်လာကတည်းက ပန်းတွေကိုရှုစားနေပြီး ဒီကို မလာခဲ့ပါဘူး”
မိန်းမစိုးဖူက ပြန်ရောက်လာသည်နှင့် လျှောက်တင်သည်။
မော့ရုန်ကျန်း၏ မျက်နှာထားကို မြင်သည်နှင့် သူ၏ စိတ်အတွင်းခံစားချက်များက မည်မျှပင် ရက်စက်ကြမ်းတမ်းကာ ဆိုးရွားနေကြောင်း ခံစားမိနေသည်။
မော့ရုန်ကျန်းက အေးစက်စွာပြောသည်။
“ဒီနေရာကို ဘယ်သူလာသွားသလဲဆိုတာကို အခုချက်ချင်း သွားရှာ”

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now