Part 109

976 78 1
                                    

Unicode
အပိုင်း (၁၀၉) နှုတ်ဆက်ခြင်း (၂)
ကျွင်းကျစ်တွင် ယဲ့ကျန်းနှင့်အတူ လဝက်ခန့် နေခဲ့ပြီးနောက် ဆရာမရှန်းက သူမကို သူစိမ်းဟု မသတ်မှတ်တော့ပေ။ သို့တိုင်အောင် အေးစက်စွာလည်း မဆက်ဆံတော့ပေ။
"ဆရာမ ဘာလို့ အနားမယူသေးတာလဲ"
ယဲ့ကျန်းက အပြုံးနှင့်ဝင်လာရင်းမှ ဆရာမရှန်းက ဘုတ်ပြားကို ရပ်ကြည့်နေကြောင်း မြင်လိုက်ရသောအခါ အနည်းငယ် မင်သက်သွား၏။
"မင်း ဒါကစားတတ်လား"
သူမက မေးသည်။
ယဲ့ကျန်းက ရှက်ရွံ့စွာပြုံးလိုက်၏။
"နည်းနည်းတော့ ကစားနိုင်ပါတယ်၊ ဒါပေမဲ့ ဆရာမ ရှန်းလောက်တော့ မတော်ဘူးပေါ့"
"ဒါဆိုလာလှည့် နောက်တစ်လှည့်ကို စကြမယ်"
ဆရာမရှန်းက လက်ယမ်းလျက် ယဲ့ကျန်းကို သူမ၏အရှေ့တွင် ထိုင်စေသည်။
ဒါက ...
ယဲ့ကျန်း၏အကြည့်များက သည်ပြင်ဆင်ထားသော ဘုတ်ပြားပေါ်သို့ ရောက်သွားသည်။ သူမ၏မျက်ဝန်းထဲ ဝမ်းနည်းမှုက လင်းလက်သွား၏။ သူမက ပြောသည်။
"ဆရာမ ဒါက ကော့ပါ"
ဆရာမရှန်းက သူ့ကိုမော့ကြည့်သည်။
"ဒါက ကော့မှန်း မင်းသိနေတာပဲ၊ ဒါဆို ကောင်းတယ်"
ငါ ဘယ်လိုများ မသိရမှာလဲ၊ အဖေက ဒီကစားနည်း ကစားရတာကို အရမ်းသဘောကျတာလေ၊ ရန်သူကျောက်တုံးတွေနဲ့ အဝိုင်းခံရပြီး ကိုယ်ပိုင်စွမ်းအားနဲ့ အားလုံးကို သတ်ဖြတ်ရတာကို ငါ့အဖေက အရမ်းသဘောကျတာ။
ယဲ့ကျန်း၏လက်ထဲတွင် အဖြူရောင်ကျောက်တုံးတစ်ခုရှိသည်။ သည်ကစားပွဲတွင် သူမ၏စွမ်းရည်က ဆိုးရွားခြင်းမရှိပေ။ သူမကသာ အလေးအနက်ထားမည်ဆိုလျှင် ဆရာမရှန်း၏ခုခံအားကို သူမ တိုက်ဖြတ်နိုင်သည်။
သို့သော် သူမ၏ရှေ့တွင် သည်လိုလုပ်နိုင်စွမ်းအားကို မပြချင်ပေ။ ထို့ကြောင့် ယဲ့ကျန်းက ပုံမှန်အတိုင်းသာ ကစားပြလိုက်၏။
"မနက်ဖြန်ကျရင် ငါ ထွက်သွားတော့မယ်"
ယဲ့ကျန်းက အံ့အားတကြီး မော့ကြည့်လိုက်မိသည်။
"ဆရာမရှန်း ဘာကို ဆိုလိုတာလဲ"
"အစပိုင်းမှာ အကယ်ဒမီစာမေးပွဲကို မင်း အောင်မြင်အောင် ကူညီပေးမယ်လို့ မင်းအမေကို ကတိပေးခဲ့တယ်၊ အခု စာမေးပွဲက ရောက်လာတော့မယ်၊ မင်းကိုလည်း ထပ်သင်စရာမရှိတော့ဘူး၊ ဒီတော့ ကိုယ်ပိုင်ကံကောင်းမှုအပေါ် မူတည်ပြီး ကောင်းကောင်းကြိုးစားပါ"
ပြောရလျှင် သူမ လုယောင်ယောင်ကို ကျောင်းသူတစ်ယောက်အဖြစ် ရခဲ့သည့်အတွက် မုန်းတီးခြင်း မရှိပေ။ အနှစ်ချုပ်ဆိုရသော် သည်ကျောင်းသူက ထူးချွန်လွန်းသည်ဟု ခံစားမိသေး၏။
"ဆရာမ တကယ်လို့ ကျွန်မ ဝင်ခွင့်စာမေးပွဲကို မအောင်မြင်ခဲ့ရင် ကျွန်မရဲ့ဆရာမ ထပ်ဖြစ်ပေးမှာလား"
ယဲ့ကျန်းက ခပ်တိုးတိုးမေးသည်။
ဆရာမရှန်းကလွဲပြီး မည်သူကမျှ သူမကို ကောင်းမွန်စွာ သင်ကြားနိုင်မည်ဟု သူမ မယုံပေ။ သူမ သင်ကြားသင့်သမျှ အရာအားလုံးကို သင်ကြားပြီးမှန်း သေချာနေသော်လည်း သည်လိုမျိုး မခွဲခွာချင်သေးပေ။
"မသင်ဘူး"
ဆရာမရှန်းက ရှင်းလင်းစွာ ငြင်းသည်။
"မင်း အကယ်ဒမီထဲကိုတောင် မဝင်နိုင်ရင် ငါ့ရဲ့ကျောင်းသူထပ်ဖြစ်ဖို့ ဘာများ အရည်အချင်း ပြည့်မီနေမှာလဲ"
ယဲ့ကျန်းက ခေါင်းကိုငုံ့သည်။
"ဆရာမရှန်း ပြောတဲ့အတိုင်း ကျွန်မ သေချာပေါက် အကယ်ဒမီကိုဝင်ခွင့်ရအောင် လုပ်မှာပါ၊ ကျွန်မ ဆရာမကို ယုံကြည်တယ်"
"မင်း စိုးရိမ်ဖို့မလိုဘူး၊ မင်းက စကားပြောအတန်းကို သွားတက်မှာမဟုတ်ဘူး၊ ဆေးပညာအကယ်ဒမီကို သွားတက်မှာ၊ ဒါကြောင့် ပုံမှန်ထက်ဝင်ဖို့ ပိုလွယ်ပါတယ်"
ဆရာမရှန်းက သူမအား နှစ်သိမ့်ပေးသည်။
အမျိုးသမီးအကယ်ဒမီတွင် ကဏ္ဍခွဲ၊ ကျောင်းခွဲများစွာရှိသည်။ တစ်တန်းစီတွင် အခန်းသုံးခန်းနှင့် သုံးဆင့်ခွဲထား၏။ မိန်းကလေးများက အသက် ၁၂ နှစ်အရွယ်တွင် အကယ်ဒမီသို့ ဝင်နိုင်ကြသည်။
အနုပညာခြောက်မျိုးအပြင် သူတို့၏နောက်ခံကလည်း မျှော်လင့်ထားသည့်အတိုင်း မြင့်မားနေမှသာလျှင် ဆရာမများထံတွင် ဝင်ခွင့်ဖြေရသည်။
အမျိုးသမီးအကယ်ဒမီတွင် အကျော်ကြားဆုံးကျောင်းခွဲက ဆေးဝါးအကယ်ဒမီ ကျောင်းတော်ဖြစ်ပြီး အသက် ၁၆ နှစ်အထိ အကန့်အသတ်ရှိ၏။ သည်နေရာမှ ဘွဲ့ရပြီးလျှင် နန်းတော်အတွင်းသို့ဝင်ကာ တော်ဝင်ဆေးဆရာများ ဖြစ်လာနိုင်ရန် အခွင့်အရေးရှိ၏။
အခြားသော တန်းခွဲများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် စွမ်းရည်များရှိပြီး ထိုအတန်းများကို တက်သူများက သာမန်နောက်ခံများ သို့မဟုတ် မုဆိုးမများဖြစ်ကြ၏။
အကယ်ဒမီက အထွတ်အထိပ်အခြေအနေတွင် အတန်းတိုင်း၌ ပါရမီရှင်များ ပြည့်နှက်နေလေ့ရှိသည်။ သို့ရာတွင် လက်ရှိအချိန်တွင် ဧကရီချီယန်လင်၏ခေတ် မဟုတ်တော့ပေ။ သူမကဲ့သို့ အမျိုးသမီးများလည်း မရှိတော့သည့်အတွက် ယခုကဲ့သို့ အခြေအနေအထိ ဖြစ်သွားခဲ့ရခြင်းဖြစ်သည်။
ဆရာမရှန်းက လည်ချောင်းကို ရှင်းပြီးနောက် သူမ ဝတ်ထားသော ကိုယ်ကြပ်ဝတ်စုံက သည်တစ်ခဏတွင် အလွန်လေးလံသွားသည်ဟု ခံစားလိုက်ရ၏။
ဒါက တကယ်ပဲ ဝတ်စုံလား။
ယဲ့ကျန်းက သူမကိုမော့ကြည့်ပြီး တစ်ဖက်သူ၏ပုံရိပ်ကိုစိတ်ထဲတွင် စွဲထင်အောင် မှတ်သားထားသည်။ မနက်ဖြန်ဆိုလျှင် သူမ၏ယခင်ဝမ်ဖေးဆိုသော ဘဝတွင်ပင် စတင်ရင်းနှီးခဲ့သော သည်အမျိုးသမီးက သူမအား ထားရစ်ခဲ့တော့မည်ဖြစ်၏။
သူမ အတိတ်အကြောင်း ပြန်တွေးမိသည်။ လက်ရှိအချိန်တွင် တစ်ဖက်သူ မရှိဘဲ သူမ သည်တာဝန်ကို ဆက်လက် လုပ်ဆောင်ရတော့မည်ဖြစ်၏။
"ဒီလိုဆိုရင် ကြိုတင်နှုတ်ဆက်ပါတယ် ဆရာမရှန်း"

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now