Part 81

1.3K 149 2
                                    

Unicode
အပိုင်း ၈၁။ ထိန်းချုပ်မှုလွတ်ကင်းခြင်း (၂)
ကျေနပ်မှုကို ဖုံးကွယ်ထားသော ယဲ့ကျန်းက ခေါင်းကိုငုံ့ပြီးနောက် ဖေးရှီအနားသို့ နီးကပ်သွားကာ ခပ်တိုးတိုးပြောသည်။
“အမေ သမီး ပြန်မှရမယ်”
ထိုအချိန်တွင် လုလင်ကျစ်သည်လည်း သူ၏တတိယညီမက သူ့အပေါ်ဆိုလျှင် ရေခဲကဲ့သို့ အေးစက်နေသေးကြောင်း ခံစားလိုက်မိသည်။ တံခါးက ဝင်လာကတည်းက သူမက သူ့ကို အကြည့်တစ်ချက်ပင် မပို့လာခဲ့ပေ။
ငါ ယောင်ယောင့်ကို အမျိုးသမီးအကယ်ဒမီကို မတတ်ခိုင်းတာနဲ့ပဲ အခုအချိန်အထိ စိတ်ဆိုးနေတုန်းလား၊ သူ့တတိယညီမက ဒီကိစ္စလေးကြောင့်နဲ့ သူ့ကို မုန်းသွားမှာတော့ မဟုတ်ပါဘူးနော်။
အနှစ်ချုပ်ဆိုရသော် ဖေးရှီက ယဲ့ကျန်း၏ လုလင်ကျစ်အပေါ် ထားသော ထူးဆန်းသည့်အပြုအမူကို သတိမထားမိပေ။ သူမ၏သမီးက သည်အကြီးဆုံးအစ်ကိုနှင့် မရင်းနှီးသည့်အတွက် သည်လိုမကပ်တွယ်ခြင်းဟုသာ နားလည်နေ၏။ ထို့အပြင် သူ၏ဒဏ်ရာကိုလည်း သူမက မည်သို့မှ ကူညီပေးနိုင်မည် မထင်ပေ။
သူ၏မျက်ဝန်းထဲတွင်ရှိသော ကျေးဇူးတင်စိတ်များဖြင့် သူမက ထန်းကျန့်ကို အပြုံးလေးပြပြီးနောက် သမီးဖြစ်သူ၏လက်ကို ကိုင်ကာပြောသည်။
“ကောင်းပြီ၊ ဒါဆိုလည်း အမေ အမတ်မင်းကို သမီးကို အဖော်ပြုပြီး ကျွင်းကျစ်ရေပူစမ်းကို လိုက်ပို့ခိုင်းလိုက်မယ်”
“တတိယသခင်မလု မစိုးရိမ်ပါနဲ့၊ ကျွန်တော် ယောင်ယောင့်ကို အိမ်ကို လုံလုံခြုံခြုံပြန်ပို့ပေးမှာပါ”
“အမေ ကျွန်တော် ယောင်ယောင့်ကို အဖော်ပြုပြီး အပြင်ကို လိုက်ပို့ပေးလိုက်မယ်”
လုရှန်းကျစ်က ကမ်းလှမ်းလာသည်။
ထန်းကျန့်ကို လုလင်ကျစ်၏ သတိပေးလိုသောအကြည့်များက ဓားတစ်ချောင်းကဲ့သို့ သူ့ကို လှီးဖြတ်တော့မည့်ပမာ စိုက်ကြည့်လိုက်သည်။ ထိုအကြည့်ကို သူ၏မျက်ဝန်းထောင့်မှ မြင်နေရသော်လည်း ထန်းကျန့်ကမူ မမြင်ချင်ယောင်ဆောင်ထားကာ အရူးကဲ့သို့ ရယ်နေသည်။ သို့သော် တစ်ခဏခန့် ကြာသည်နှင့် ချက်ချင်းဆိုသလို မျက်နှာကိုလက်ဖြင့် သပ်ချလိုက်ကာ ထိန်းသိမ်းလိုက်၏။ ထန်းကျန့်က ယဲ့ကျန်းကို ယဉ်ကျေးစွာပြောသည်။
“တတိယညီမ သွားစို့”
ယဲ့ကျန်းက သည်ဆိုးရွားသောနေရာတွင် ဆက်မနေလိုပေ။ ထို့ကြောင့် ထိုစကားကိုကြားသည်နှင့် ချက်ချင်းဆိုသလို အပြင်သို့ထွက်သည်။ အနောက်မှ မကောင်းဆိုးဝါးဝိညာဉ်များ လိုက်ဖမ်းလာသည့်အလား ထင်ရ၏။
“ယောင်ယောင် ဘာလို့ အလောတကြီးသွားနေတာလဲ”
လုရှန်းကျစ်က သူမကို အမှီလိုက်ပြီးနောက် သူ၏အကောင်းအတိုင်းလက်ဖြင့် လှမ်းဖမ်းထိန်းကာ မေးသည်။
“အကြီးဆုံးအစ်ကိုရဲ့ဒဏ်ရာကို ညီမလေးက မစိုးရိမ်ဘူးလား”
“ဒါပေါ့ ညီမ စိုးရိမ်တာပေါ့၊ အမေကလည်း ဒီကိုရောက်ပြီး မေးမြန်းနေပြီလေ၊ သူကလည်း အဆင်ပြေတာနဲ့ ညီမလည်း မေးစရာမရှိတာနဲ့ မမေးမြန်းခဲ့ရုံပါပဲ”
ယဲ့ကျန်းက တည်ငြိမ်ကာ အပြစ်ကင်းစင်သော မျက်ဝန်းများဖြင့် ပြောသည်။
လုရှန်းကျစ်က မျက်မှောင်ကြုတ်သည်။ သူ၏ သည်ညီမက လူတိုင်းအပေါ် ကောင်းမွန်စွာ ဆက်ဆံသော်လည်း သူ၏အကြီးဆုံးအစ်ကိုအတွက်ဆိုလျှင် အလွန်အေးစက်နေသည်။
ထန်းကျန့်က သူတို့နှစ်ယောက်ကို အနောက်မှကြည့်သည်။ ထိုစကားများကို သူ ကြားနေရသေး၏။ သို့သော် သူ၏အမြင်တွင် ယဲ့ကျန်းက မည်သို့ဝတ်ဆင်ထားစေကာမူ အလွန်ကြည့်ကောင်းစမြဲ ဖြစ်သည်။ သူမ၏အသံကပင် သူ့အနားအတွင်းတွင် အလွန်နားထောင်ကောင်းနေ၏။
“ငါ ပြန်လာမှ ငါတို့ စကားပြောကြမယ်”
လုရှန်းကျစ်က ပြောသည်။ သည်နေရာက သူ့ညီမ၏ ထိုရှင်းပြ၍မရသော စိတ်အခြေအနေကို ရှင်းလင်းရန် မလုံလောက်သေးကြောင်း သူ နားလည်နေ၏။
ခြေလှမ်းများကို နှေးကွေးပြီးနောက်  ယဲ့ကျန်းက ချိုမြိန်စွာပြုံးသည်။ သူမ၏မျက်ဝန်းထောင့်များက လခြမ်းကွေးများကဲ့သို့ ကော့တက်သွား၏။
“အစ်ကိုကြီး အစ်ကိုကြီး အများကြီးမတွေးသင့်ဘူး၊ လောလောဆယ် သေချာပူးပေါင်းပြီး နေကောင်းအောင်နေပါ၊ အစ်ကိုကြီးရဲ့လက်အခြေအနေက ပြင်းထန်လား မပြင်းထန်ဘူးလားဆိုတာ ညီမတစ်ချက်ကြည့်မယ်”
လုရှန်းကျစ်က သဘောတကျပင် သူ၏ဒဏ်ရာကိုပြသည်။ ထိုလက်တွင် ပတ်တီးစည်းထား၏။
“ဒီအတိုင်း ကျောက်တုံးကြမ်းကြီးတွေနဲ့ခြစ်မိရုံပါပဲ၊ ယောင်ကိုင်းသွားရုံထက် မပိုပါဘူး၊ စိုးရိမ်စရာလည်းမလိုဘူး”
တုံ့ဆိုင်းနေပြီးနောက် ယဲ့ကျန်းက သူမ၏အင်္ကျီအတွင်းဘက်မှ ပုလင်းတစ်လုံးကို ထုတ်ပေးလိုက်သည်။ ထိုထဲတွင် သူမ စံအိမ်သို့လာကတည်းက ထည့်ထားသော လင်းချွမ်ရေစက်များရှိနေ၏။ တစ်စက်တည်းနှင့်ပင် လုရှန်းကျစ်၏ဒဏ်ရာများကို နောက်နေ့မနက်ခင်းတွင် ပျောက်ကင်းသွားစေရန် လုံလောက်နေသည်။
“ညီမ ဒါကိုအိမ်က ယူလာခဲ့တာ၊ ဒီည ပတ်တီးလဲတဲ့အချိန်မှာ ဒါကို လိမ်းလိုက်ပါ”
“ဒါမလိုပါဘူး၊ ဧကရာဇ်က အစ်ကိုကြီးတို့မှာရှိတာထက်ပိုသာတဲ့ ဆေးတွေ ပေးထားပြီးသား”
လုရှန်းကျစ်က ပြောသည်။
“ညီမရဲ့ဆေးကို အထင်သေးတာလား”
ယဲ့ကျန်းက လုရှန်းကျစ်၏လက်ကို ဖမ်းဆုပ်ထားလျက် မျက်ရည်ပြည့်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
လုရှန်းကျစ်က သူ့ညီမ မျက်ရည်ကျမည်ကို အကြောက်ဆုံးဖြစ်သည်။ သူ ငယ်ငယ်ကဆိုလျှင် သူ့ညီမ မျက်ရည်ကျတိုင်း သူ အရိုက်ခံရလေ့ရှိ၏။
“ဟေး အစ်ကိုကြီး မပြောတော့ဘူး၊ ဒီဆေးကိုယူလိုက်မယ်၊ ဟုတ်ပြီလား၊ ဒီည လိမ်းကို လိမ်းလိုက်မယ်”
သူက စကားကို ချက်ချင်းပြန်သိမ်းကာ စိုးရိမ်စိတ်ဖြင့် ခေါင်းကိုကုတ်သည်။
“ဒီဆေးကို အထင်မသေးပါနဲ့၊ ဒါကို ညီမကိုယ်တိုင်ပြင်ဆင်ထားတာ၊ သေချာပေါက် ဧကရာဇ်ပေးတဲ့ဆေးထက် သာတယ်”
သူမက ထိုပုလင်းကို လုရှန်းကျစ်၏လက်ထဲသို့ ထည့်ပေးလိုက်၏။
“ကောင်းပြီ၊ ငါ့ညီမဟာ အကောင်းဆုံးပဲ”
လုရှန်းကျစ်က ရယ်သည်။
ထန်းကျန့်က လုရှန်းကျစ်ကို မနာလိုကြီးစွာ ကြည့်သည်။ သူ၏စိတ်တွင် သည်တတိယညီမက ကိုယ်တိုင်ကိုယ်ကျ ဆေးပြင်ပေးရခြင်းသည် အလွန်ကောင်းမွန်သော အခွင့်ထူးကြီးဖြစ်သည်။ သူကသာ ထိုသို့ကံကောင်းလျှင် ထိုဆေးပုလင်းကို နေ့တိုင်းနေရာတိုင်းသို့ အဆောင်အမွှေးအိတ်ကဲ့သို့ နေ့တိုင်းနီးပါး သယ်ဆောင်သွားပေလိမ့်မည်။ သူက သူ၏ကိုယ်ပိုင်ပျော်ရွှင်မှု ပူပေါင်းအတွင်းသို့ ရောက်နေချိန်တွင် သူ၏ဂရုစိုက်မှုအောက်တွင် ယဲ့ကျန်းကို ကျွင်းကျစ်ထံသို့ ပြန်ပို့ပေးနေခဲ့သည်။
သူတို့စံအိမ်ဂိတ်မှ ကျော်ဖြတ်နေကာစအချိန်တွင်ပင် ယဲ့ကျန်း ခြေလှမ်းများကို ရပ်တန့်ကာ တစ်စုံတစ်ရာကို သတိရသွား၏။
“အစ်ကိုကြီး ညီမကိုပြောပါအုံး၊ အစ်ကိုကြီးရဲ့မြင်းက ဘယ်လိုများ ထိန်းချုပ်မှု လွတ်ကင်းသွားတာလဲ”

နတ်ဆေးသမားတော် ယဲ့ကျန်းTahanan ng mga kuwento. Tumuklas ngayon