Part 92

1.1K 128 1
                                    

Unicode
အပိုင်း (၉၂)
ယဲ့ကျန်းကလည်း တစ်စုံတစ်ယောက်သည် မော့ရုန်ရီကို လာရှာမည်မှန်း သိထားသည်။ ထို့ကြောင့် ထိုနေရာတွင်နေပြီး ကျေးဇူးအတင်မခံလိုတော့ပေ။ မည်သို့ပင်ဆိုစေ သူ့ကို သူမ ကယ်ပြီးလေပြီ။ သဘာဝကျကျပင် သူမ၏ သူရဲကောင်းဆန်သော အပြုအမူကို သူ့တစ်ဘဝလုံး မှတ်မိနေပေလိမ့်မည်။
သူမက ဆရာမရှန်းကို ပြန်သွား၍ရှာသော်လည်း မတွေ့ခဲ့ပေ။ သည်တောအုပ်အတွင်း အနေအထားက တော်ဝင်အမဲလိုက်ကွင်းပြင်နှင့်ယှဉ်လျှင် သေးငယ်သော်လည်း အလွန်ကျယ်နေသေး၏။
သူမ သိထားသမျှဆိုလျှင် ဆရာမရှန်းက မျက်နှာချင်းဆိုင်ဘက်ခြမ်းတွင် ရှိနေလောက်သည်။ တောအုပ်၏အစွန်းတစ်နေရာတွင် သူမကို ရှာနေလောက်၏။
သူမ အကောင်းဆုံးလုပ်ရန်က ရောက်ရာနေရာတွင် စောင့်ဆိုင်းရန်ဖြစ်သည်။ သူမက သူမ၏နေရာမှ ထွက်ခွာပြီး ဆရာမရှန်းကို သွားရှာချိန်တွင် ဆရာမရှန်းကလည်း သူမရှိရာနေရာသို့ အချိန်မရွေး လာရှာနိုင်သေး၏။
ဘာမှ လုပ်စရာမရှိသောအခါ သူမက သူမကိုယ်တိုင်အတွက် အမဲလိုက်ပြီး စိတ်ပြေစေရန်သာ ဆုံးဖြတ်လိုက်တော့၏။
နာရီအနည်းငယ် ကုန်လွန်ပြီးနောက် ဆရာမရှန်း၏အရိပ်အယောင်ကို မမြင်ရသေးပေ။ ထိုအချိန်တွင် သူမ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်၏။
သူမ၏မြင်းပေါ် တက်တော့မည့်အချိန်တွင်ပင် အဝေးမှ ရင်းနှီးကျွမ်းဝင်သောပုံရိပ်ကို မြင်လိုက်ရသည်။
မော့ရုန်ကျန်းက တစ်စုံတစ်ယောက်ကို လာရှာဟန်ရသည်။ သူ၏မျက်လုံးများက သူမကို ရှာတွေ့သောအခါ အေးစက်သွား၏။
မော့ရုန်ကျန်းက ဒီကို ဘာလို့ရောက်နေတာလဲ။
ယဲ့ကျန်း၏နှလုံးက ချက်ချင်းဆိုသလို ခုန်လှုပ်သွားသည်။ သူမ ချက်ချင်းဆိုသလို အေးခဲသွား၏။
သူ ဒီကိုရောက်နေတာက မော့ရုန်ရီကြောင့်လား၊ ငါ မြင်းပေါ်က ဆင်းပြီး အရိုအသေ ပေးလိုက်သင့်တာလား။
ယဲ့ကျန်းသည် တုံ့ဆိုင်းသွားသည်။ သူမ သည်လူကို ဦးမညွှတ်လိုပေ။ သို့ရာတွင် လက်ရှိအချိန်တွင် သူက သူမ၏အထက်မှ ဧကရာဇ်တစ်ပါးဖြစ်နေသေး၏။ သူမက နိမ့်ကျသော အရာရှိငယ်တစ်ယောက်၏ သမီးတစ်ယောက်မျှသာဖြစ်သည်။ သူမက ဆားပုံထဲရောက်နေသော ပိုးကောင်တစ်ကောင်ကဲ့သို့ နိမ့်ကျရိုကျိုးနေသင့်၏။
မော့ရုန်ကျန်းတွင် အချိန်ဖြုန်းရန် အားမနေသည့်အတွက် ယဲ့ကျန်းအနား ချက်ချင်းဆိုသလို ချဉ်းကပ်လာ၏။ သူက မြင်းပေါ်ကဆင်းပြီး ယဲ့ကျန်းအနား ချက်ချင်းဆိုသလို ရောက်လာပြန်သည်။
“မင်းက မင်းသားကို ကယ်ခဲ့တာလား”
မော့ရုန်ကျန်းက သူမကို တောက်လောင်နေသော အကြည့်များဖြင့် ကြည့်လျက် မေးလာသည်။
သည်နေ့မှသာ သူ သည်အမျိုးသမီး၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ သူမက သူ ထင်ထားသည်ထက် ပို၍ ကြည့်ကောင်းနေသေး၏။
တောက်ပသော နေရောင်အရိပ်အာဝါသအောက်တွင် သူမက မွှေးပျံ့သော ကိုယ်သင်းရနံ့နှင့် နူးညံ့နေပြီး ကျောက်စိမ်းကဲ့သို့ ထင်ရလောက်သော အသားအရောင်က ရောင်ပြန်ဟပ်နေ၏။
ယဲ့ကျန်းသည် သူ့ကို တည့်တည့်မကြည့်ရဲပေ။ ထို့အစား သူမ၏မျက်လွှာကိုသာ ချလျက် သူ၏လက်ထဲမှ ကြိုးကိုသာ ကြည့်မိသွား၏။ သူမ ချက်ချင်းဆိုသလို နားလည်သွားသည်။
ဒါက ကြိုးထုံးပဲ။
ထိုသို့ ကြိုးထုံးရန် သူမ၏ဖခင်က သူမအား သင်ပေးခဲ့သည်။ သူမ သူ့အားကယ်တင်ရန် ကြိုးထုံးခဲ့စဉ်ကလည်း သည်နည်းတူဖြစ်၏။
“ကျန်း မင်းကို မေးစရာရှိတယ်”
မော့ရုန်ကျန်း၏မျက်နှာက အေးစက်နေသည်။ သူ သူမကို တည့်တည့်စိုက်ကြည့် ၏။
“ဟုတ်ကဲ့ပါ အရှင်”
ယဲ့ကျန်းက တိုးလျသောလေသံဖြင့်ပြောသည်။ သူမ၏လည်ပင်းက မသက်မသာ ဖြစ်လာ၏။
သူမ သူနှင့်နှစ်နှစ်တိုင်တိုင် လက်ထပ်ခဲ့ပြီးသည့်တိုင် သူမ၏စိတ်ဝိညာဉ်က သူ၏ဝန်းကျင်တွင် နှစ်နှစ်တိုင် လွင့်မြောခဲ့သည့်တိုင် ဒါက သူမတို့၏နှစ်ဦးတည်း ပထမဦးဆုံး စကားပြောခန်း ဖြစ်လောက်၏။
မော့ရုန်ကျန်းက လက်ထဲရှိကြိုးကို ပြသည်။
“ဒီလိုကြိုးထုံးကို မင်းကို ဘယ်သူ သင်ပေးခဲ့တာလဲ”
သူ လူအချို့စေလွှတ်ပြီး သူမ၏အကြောင်း စုံစမ်းခဲ့ပြီးလေပြီ။ သူ့ရှေ့မှ ထိုအမျိုးသမီးက မြို့တော်ကို တစ်ကြိမ်သော်မျှ မရောက်ခဲ့ဖူးပေ။ ထို့ကြောင့် ဒါ သူ ရှာနေသော အမျိုးသမီးမဖြစ်နိုင်ပေ။
ယဲ့ကျန်းက ခေါင်းကို ညင်သာစွာခါသည်။
“ကျွန်မ မမှတ်မိတော့ပါဘူး”
မော့ရုန်ကျန်းက မြင်းပေါ်မှဆင်းပြီး ယဲ့ကျန်းအနားသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။
ယဲ့ကျန်းသည်လည်း သူမ မြင်းပေါ်တွင် နေသည်က အလုံခြုံဆုံးဟုခံစားမိသည်။
သို့သော် မော့ရုန်ကျန်းက မြင်းပေါ်မှ ဆွဲချ၏။ သူ၏လက်ဖဝါးကြီးများက သူမ၏လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လာလျက် မြေပေါ်တွင် မတ်မတ်ရပ်နိုင်သည်အထိ အောက်သို့ဆွဲချ၏။ ထို့နောက် သူက သူမကို ငုံ့ကြည့်လာသည်။
“ကျန်း မင်းကို နောက်ဆုံးအကြိမ်မေးမယ်၊ ဒီလိုကြိုးထုံးကို ဘယ်သူ သင်ပေးတာလဲ”
“အရှင်မင်းကြီးကို ပြန်ဖြေပါတယ်၊ ဒီသခင်မလေးက နယ်မြို့မှာ လူအများကြီးကို သိကျွမ်းခဲ့ပါတယ်၊ သခင်မလေးကို သင်ပေးခဲ့တဲ့သူကတော့ ဘယ်သူလဲဆိုတာ မေ့သွားခဲ့ပါပြီ”
ယဲ့ကျန်းက ခေါင်းကိုငုံ့ထားသည်။
သူ၏အလွန်တရာ ခံ့ညားချောမောသော မျက်နှာကို မကြည့်ပေ။ သူမ၏နှလုံးသားက အပေါ်ယံတွင် ထင်ရှားနေသလောက် တည်ငြိမ်ခြင်းမရှိပေ။ သည်လူက သူမ ရှစ်နှစ်တိုင်တိုင် ချစ်မြတ်နိုးခဲ့သူ ဖြစ်သည်။ ယခုအခါတွင် သူမကို ဆူပူနေ၏။
သူမ ရင်နာရသည့်တစ်ချိန်တည်းတွင်ပင် သူမ ဝမ်းနည်းရသည်။သူမ၏နှလုံးသားတွင်ရှိသော နူးညံ့ပြီး အကောင်းဆုံးဖြစ်သော ထိုမှတ်ဉာဏ်များက မတည်ရှိတော့ချေ။ တစ်ချိန်က သူမ အလွန်တမ်းတ မြတ်နိုးခဲ့ရသော ထိုဆယ်ကျော်သက်ကောင်လေးက ယဲ့ကျန်း၏မှတ်ဉာဏ်များနှင့်အတူ သေဆုံးသွားခဲ့ချေပြီ။
မော့ရုန်ကျန်းက သူမကို အေးစက်စွာ ကြည့်သည်။ သူ့တွင် သံသယမှ ပေါက်ဖွားလာသော မေးခွန်းများစွာ ရှိနေ၏။
လုဝူရှန်းက သူ့ကို အစကတည်းက ကယ်ခဲ့တာမဟုတ်ဘူး၊ ဘာလို့ သူမက ဒီလျှို့ဝှက်စကားကလွဲပြီး အရာအားလုံး သိနေတာလဲ၊ ဘာလို့ ကျောက်စိမ်းပြားကရော သူမမှာ ရှိနေရတာလဲ။
လုမိသားစုမှာ ယောင်ယောင်လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရှိနေတယ်၊ ဒါက တိုက်ဆိုင်မှုလား ဒါမှမဟုတ်ရင် တစ်ယောက်ယောက်ကများ သူ့ကို တမင်သက်သက် လှည့်စားနေခဲ့တာလား။
လုဝူရှန်း... ရုတ်တရက် မော့ရုန်ကျန်း အသိပြန်ဝင်သွားသည်။
သူ ဘာလို့ လုယောင်ယောင်ကို အာရုံစိုက်နေရမှာလဲ၊ လုဝူရှန်းက အားလုံးကို သိထားမှာပဲ၊ သူ ပြန်ပြီး သူမကို အမှန်တရားအတိုင်း ပြောခိုင်းလိုက်ရုံပဲ။
သူ့ရှေ့ရှိအမျိုးသမီးကို ကြည့်ပြီးနောက် သူ မနေနိုင်ဘဲ မေးလိုက်မိသည်။
“မင်း ယောင်ယောင်လို့ခေါ်တဲ့နာမည်နဲ့ အမျိုးသမီးကိုသိသလား”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now