part 7

2.6K 240 1
                                    

unicode

အပိုင်း ၇။ ဖီးနစ်(၂)

အဆောင်ခန်းသို့ အပြေးအလွှားသွားပြီးနောက်တွင် ယဲ့ကျန်းက လက်ဖဝါးကို ဖြန့်ကာ ထိုအသက်ရှင်လာတော့မည် ထင်ရသော ဖီးနစ်တက်တူးလေးကို ကြည့်လိုက်သည်။ သူမ၏စိတ်ဝိညာဉ်က နန်းတော်ထဲတွင် နှစ်နှစ်တိုင်တိုင် ပိတ်လှောင်ထားခံရပြီး နောက်ဆုံးတွင် ထိုကျောက်စိမ်းတံဆိပ်က အက်ကွဲသွားမှသာ လွတ်မြောက်သွားခဲ့ခြင်းကို မှတ်မိနေသေး၏။
လုဝူရှန်း၏လက်များက ကျောက်တုံးမှထွက်လာသော မီးတောက်များဖြင့် လောင်ကျွမ်းခံခဲ့ရကာ ဆုပ်ကိုင်ထားရာမှ လွှတ်ချမိလိုက်သောကြောင့် မာကြောသော ကြမ်းပြင်နှင့် ရိုက်မိသွားခြင်းလည်းဖြစ်သည်။ ထိုသင်္ကေတက သူမအထင်အရ မော့ရုန်ကျန်းပေးထားခဲ့သော တံဆိပ်ပြားနှင့် ဆက်စပ်နေရပေလိမ့်မည်။
ထိုအတွေးများကို သိမ်းပြီးနောက်တွင် အနားတွင်ရှိသော မှန်ကို သတိလက်လွတ် ကြည့်လိုက်မိကြသည်။ သူမ မြင်လိုက်ရသောအရာကို ကြည့်ကာ သက်ပြင်းချမိသွား၏။ လက်ရှိအချိန်တွင် သူမ၏ ရုပ်ရည်သွင်ပြင်အတွက် စိုးရိမ်ရန် မလိုအပ်တော့ပေ။
အကြောင်းမူကား သူမအမြွှာညီမ၏ရုပ်ရည်က သူမနှင့်တစ်ထပ်တည်း မတူညီပေ။ အချို့သောသွင်ပြင်များက တူညီနေသည့်တိုင်အောင် ညီမဖြစ်သူ၏ အသားအရေ၊ ဆံပင်နှင့် ရုပ်ပိုင်းဆိုင်ရာက ကွာခြားလွန်းလှ၏။
ယဲ့ကျန်းက ငယ်ရွယ်စဉ်ကတည်းက စံအိမ်တွင် ကောင်းမွန်စွာ ပျိုးထောင်ခံလာရသော သန့်စင်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမ၏အသားအရေက ပုလဲလုံးကဲ့သို့ ဖြူဖွေးကာ နေရောင်နှင့် ထိတွေ့ခံရလျှင်ပင် ရောင်ပြန်ဟပ်လောက်အောင် ကောင်းမွန်သည်။ သူမ၏ဆံပင်များကလည်း ဖျော့တော့သော ဆီရနံ့ကို သင်းသင်းထုတ်လွှတ်နိုင်စွမ်း ရှိလောက်အောင် ကောင်းမွန်သေး၏။
သို့ရာတွင် သူမညီမ လုယောင်ယောင်ကမူ နယ်မြို့လေးတွင် ကြီးပြင်းလာခြင်းဖြစ်ကာ သည်လိုအထူးဂရုစိုက်မှုကို မခံခဲ့ရပေ။ နေလောင်ခံထားရသော အသားအရေအပြင် သူမ၏အသားအရေက ပို၍ မည်းနက်နေသေး၏။ အမဲစက်များကို ထင်ရှားစွာမြင်နိုင်သေးကာ မြင်ရမကောင်းပေ။ ထို့အပြင် နေမကောင်းဖြစ်ထားသောကြောင့် ကိုယ်တွင် အသားရှိရုံ အနေအထား ဖြစ်နေခဲ့ပြီး အလွန်ပိန်ကာ မကျန်းမမာပုံ ပေါက်နေသေး၏။
အသားမဲပြီး ပိန်ပါးသည်။ လူအများက ကြည့်ရုံဖြင့်ပင် သူမကို ယခင်ဝမ်ဖေးနှင့် ဆက်စပ်မိလောက်မည် မဟုတ်ပေ။
ကောင်းမွန်သောဘက်ခြမ်းအရ တွေးမည်ဆိုလျှင် ဒါက အခွင့်သာနေခြင်းဖြစ်၏။ သူမနှင့်ယဲ့မိသားစုမှ ဆက်ဆံရေးကို မည်သူ့ကိုမျှ မသိစေချင်သေးပေ။ လက်ရှိက အချိန်မတန်သေးပေ။ ရန်သူက သူမ၏အမြွှာညီမကို ကိုယ်တိုင်ကြုံတွေ့ရသောအခါ မသက်မသာဖြစ်သွားမည်ကို စိုးရိမ်၏။
လွန်ခဲ့သော လဝက်ခန့်အတွင်းတွင် သူမက ကလဲ့စားချေလိုသော လူတစ်ယောက်နှင့် တူညီခဲ့ခြင်း မရှိပေ။ သည်အတိုင်း ဆက်ခံသူသမီးတစ်ယောက်နှင့် ကောင်းမွန်သော ညီမတစ်ယောက်မျှသာ ဖြစ်ခဲ့၏။ ယခင်ဘဝမှ အောင်မြင်ကြွယ်ဝမှုများကို ပြန်တွေးမနေတော့ဘဲ လက်ရှိအချိန်တွင် လုပ်နိုင်စွမ်းအားရှိရာကိုသာ ဆောင်ရွက်ရတော့မည်ဖြစ်သည်။
ငါ ဘယ်လိုကလဲ့စားချေရမလဲ။
အခြားအရာများထက် သူမ အမြင်ချင်ဆုံးက သူမ၏မိသားစုကို ဆိုးရွားသောအဆုံးသတ် ရောက်စေသည့်သူများအားလုံးကို နင်းခြေကာ အက်ကွဲစေလိုခြင်းဖြစ်သည်။ သို့သော် သူမ၏လက်ရှိပိုင်ဆိုင်မှု၊ လုပ်နိုင်စွမ်းအားနှင့်ဆိုလျှင် ဘာမှ တတ်နိုင်လိမ့်မည်မဟုတ်ပေ။
ဖျက်ဆီးရန် မဆိုထားဘိ ထိုသူများကို လက်ညှိုးဖြင့်ပင် မထိုးနိုင်သေးချေ။
သူမအပေါ် အမှားလုပ်ခဲ့သူများထဲမှ တစ်ယောက်က မော့ရုန်ကျန်းဖြစ်ပြီး သည်ခေတ်တွင် အင်အားအကြီးဆုံး အရှင်သခင်ဖြစ်နေသေးသည်။
သူမလိုအသက် ၁၅ နှစ်ပဲရှိတဲ့ သာမန်ခပ်ညံ့ညံ့မိန်းမတစ်ယောက်က သူ့ကို ဘယ်လို ပေးဆပ်အောင် လုပ်နိုင်မှာတဲ့လဲ။
“ယောင်ယောင်”
တံခါးအပြင်ဘက်မှ လုရှန်းကျစ်၏အသံကို ကြားလိုက်ရသည်။
ယဲ့ကျန်းက သူမ၏အနေအထားမှ ချက်ချင်းပြန်အသိပြန်ဝင်လာခဲ့ကာ မှန်အတွင်းသို့ ကြည့်သည်။ သည်တစ်ကြိမ်တွင် သူမက တောက်ပပြီး ပျော်ရွှင်ဖွယ်ကောင်းသောအပြုံးကို မြင်လိုက်ရ၏။ မုန်းတီးမှုများအားလုံးက ပျောက်ကွယ်သွားရသည်။ အခြားသူများ၏အမြင်တွင် မည်သို့သော ပုံစံရှိသင့်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတိပေးပြီးနောက် သူမက အကောင်းဆုံးအနေအထားဖြင့် မွေးဖွားလာသော ယဲ့ကျန်း မဟုတ်ကြောင်း ယဲ့မိသားစုမှ ချိုမြိန်သော ချစ်စရာကောင်မလေး မဟုတ်ကြောင်း သတိပေးရသည်။ ထိုအစား လုရှီမင်၏မွေးစားသမီးနှင့် လုမိသားစုမှ တတိယသခင်မလေးဖြစ်ကြောင်း အသိဝင်စေရ၏။
သူမက လက်ရှိတွင် လုယောင်ယောင်ဖြစ်သည်။ အိမ်ခေါ်နာမည်ကလည်း ယောင်ယောင်ဖြစ်၏။ သူမနှင့်အတူတူသာလျှင်ဖြစ်သည်။
ယဲ့ကျန်းက အမူအရာပြောင်းကာ သူ့ကိုခေါ်လိုက်သည်။
“အစ်ကိုကြီး ဘာလို့ရောက်လာတာလဲ”
“မင်း ငါ့ကို အစ်ကိုကြီးလို့ ခေါ်လို့မရဘူး၊ မိသားစုမှာ နောက်ထပ် အစ်ကိုသုံးယောက် ရှိနေသေးတယ်လေ”
လုရှန်းကျစ်က သူ၏ညီမကို ချစ်မြတ်နိုးစွာကြည့်ပြီးနောက် လက်ကိုမြှောက်ကာ ခေါင်းကို အသာပုတ်ပေးသည်။
“ဒီနေ့ ငါတို့ရဲ့အစ်ကိုကြီးတွေထဲက တစ်ယောက်က အင်ပါယာအရာရှိအဖြစ် အသိအမှတ်အပြုခံရတယ်၊ သူက အခုလက်ထောက်စစ်ဝန်ကြီးဖြစ်သွားပြီ”
လုရှန်းကျစ်က ပြောပြသည်။ သူ၏မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုကိုမြင်နိုင်၏။
“အဖွားက ဂုဏ်ပြုဖို့ ညစာပွဲကျင်းပလိမ့်မယ်၊ အမေက မင်းကို ခေါ်လာခိုင်းတယ်”
ယဲ့ကျန်း၏မျက်ဝန်းထဲ မုန်းတီးမှုအလင်းများ လက်သွားသည်။ ပြန်လည်မွေးဖွားလာပြီးသည့်တိုင် သူမဟာ ရန်သူ၏အိမ်တော်တွင် နေရသည်ဆိုသောအချက်အပြင် ထိုသူကို နောက်ထပ် လပေါင်းများစွာကစပြီး အစ်ကိုကြီးဟု တစ်ဘဝလုံး ဆက်တိုက်ခေါ်သွားရတော့မည်ဖြစ်ကြောင်း တွေးမိသောအခါ ကိုယ့်ကိုယ်ကိုယ် လှောင်မိသည်။ လုလင်ကျစ်ကိုတွေ့ရခြင်းက သူမ ထိုအချိန်က နောက်ဆုံး လုပ်ချင်ခဲ့သောအရာလည်းဖြစ်သည်။
“အစ်ကိုကြီး ညီမစိုးရိမ်တာက ညီမ အပြင်ထွက်ဖို့ နေလို့မကောင်းသေးမှာကိုပဲ”
ယဲ့ကျန်းက ခေါင်းကိုငုံ့ထားသည်။ သူမက အားနည်းဟန်ဆောင်လိုက်၏။
“ဘယ်နေရာက နေလို့မကောင်းတာလဲ၊ ပေါက်ကရတွေမပြောပါနဲ့၊ ညီမလေး အများကြီးတွေးမနေနဲ့၊ ညီမလေးက ငါတို့မိသားစုရဲ့ တတိယသခင်မလေးပဲ၊ ညီမလေးပွဲကို မတက်တော့ ဘယ်အဆင်ပြေပါ့မလဲ”
ယဲ့ကျန်းက စိတ်ထဲတွင် အော်ရယ်ချင်သွားသည်။ သူမက မနည်းထိန်းချုပ်ထားကာ ပြောလိုက်၏။
“ကောင်းပါပြီ”
သူမ၏ပခုံးပေါ် အပေါ်ဝတ်က တင်ရုံတင်ထားကြောင်း မြင်သောအခါ လုရှန်းကျစ်က မနေနိုင်ဘဲ အနာပေါ် ဆားသိပ်လာ၏။
“ငါ့ညီမ အရမ်းပိန်သွားပြီ၊ အခုကြည့်ပါအုံး၊ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ရမယ်နော်၊ မဟုတ်ရင် …”
သူက အော်ရယ်နေသည်။
“မဟုတ်ရင် ဘာလဲ”
ယဲ့ကျန်းက စိန်ခေါ်သလိုမေးလိုက်သည်။
“မင်းတစ်ဘဝလုံး မျောက်မည်း ဖြစ်နေလိမ့်မယ်”
လုရှန်းကျစ်က သူ့နဖူးကိုပွတ်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
“အစ်ကိုကြီး နင်ကသာ မျောက်”
ယဲ့ကျန်းကလည်း ပြန်အော်သည်။
သူမညီမ၏ မှတ်ဉာဏ်ထဲမှတစ်ဆင့် လုရှန်းကျစ်က လုယောင်ယောင်၏ ရုပ်ရည်ကို အမြဲစနောက်လေ့ရှိကြောင်း သိထားသည်။ သို့သော် ဒါက သူ၏ စိုးရိမ်မှုကို ဖော်ပြရုံမျှသာဖြစ်ကာ သူ၏ ရင်ထဲမှ စကားများ မဟုတ်ပါပေ။
...
paid Group/ Paid Docs ရှိပါတယ်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now