Part 106

963 83 1
                                    

Unicode

အပိုင်း (၁၀၆) သူက ငါတို့ကို ဘာများ အကြွေးတင်နေလို့လဲ ၁
အခန်းထဲတွင် သခင်မကြီးလုက မည်းမှောင်စွာထိုင်နေသည်။ လုရှီမင်နှင့် သူ၏ဇနီးကလည်း ထိုဝိုင်းတွင်ရှိနေ၏။
“မင်းရဲ့အကြီးဆုံးအစ်ကို ထွက်သွားတော့ သူက မင်းကို သတိရနေသေးတာ၊ နောက်ဆုံးအချိန်အထိ မင်းရဲ့ခွင့်လွှတ်မှုကို မရနိုင်တော့ဘူးဆိုပြီး မျက်လုံးမှိတ်ဖို့ကိုတောင် ငြင်းဆန်နေခဲ့တာ၊ နောက်ဆုံးမှာမှ မင်းက သူ့အပေါ် ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါဘူးလို့ပြောလို့ မျက်လုံးမှိတ်နိုင်သွားတာ၊ သူ နောက်ဆုံး ထွက်သက်မတိုင်ခင်မှာ မင်း သူ့အတွက်ပို့ပေးခဲ့တဲ့ ဂျင်ဆင်းဆေးတွေအားလုံးကို ငါပြခဲ့တယ်၊ ဒါကြောင့်ပဲ သူ မျက်စိမှိတ်နိုင်သွားခဲ့တာပဲ”
သခင်မကြီးလု၏လေသံက ဝမ်းနည်းဟန် ပေါက်နေသည်။
လုရှီမင်က ခေါင်းကိုငုံ့ထားသည်။ သူ သည်အကြောင်းအရာကို မသိပေ။ သူ၏အကြီးဆုံးအစ်ကို သေကြောင်းကြားသောအခါ သူ တတ်စွမ်းသမျှ ပြန်နိုင်ရန် ကြိုးစားခဲ့သေး၏။ သို့သော် တစ်ဖက်ကို အသက်ရှင်လျက် တွေ့ရန် အခွင့်အရေးမရှိတော့ပေ။
“အမေ ကျွန်တော်အစ်ကိုကြီးကို အပြစ်မတင်ပါဘူး”
“မင်းနဲ့မင်းရဲ့အစ်ကိုကြီးနဲ့ ဆက်ဆံရေးက အကောင်းဆုံးဆိုတာ ဒီအမေသိတယ်၊ ဒါကြောင့်ပဲ မင်းရဲ့အစ်ကိုကြီးက မင်းရဲ့တော်ဝင်စာမေးပွဲရလဒ်ကြောင့် အမြဲတမ်း စိတ်မကောင်းဖြစ်နေခဲ့ရတာပေါ့၊ မင်း အိမ်ကနေ ထွက်သွားတာကို သူ လုံးဝမမြင်ချင်ခဲ့ဘူး၊ မင်းကိုလည်း ဝမ်းမနည်းစေချင်ခဲ့ဘူး”
သခင်မကြီးလုက ညင်သာစွာသက်ပြင်းချသည်။
“မင်းရဲ့မရီးက အရမ်းကိုဝမ်းနည်းနေရုံပါ၊ သူမရဲ့စကားတွေကို စိတ်ထဲမထား ပါနဲ့”
လုရှီမင်က ခပ်တိုးတိုးပြောသည်။
“အမေ ကျွန်တော်လည်း မရီးရဲ့စကားကို စိတ်ထဲမထားပါဘူး၊ တကယ်မရည်ရွယ်မှန်း ကျွန်တော် နားလည်ပါတယ်”
“မင်းနဲ့မင်းရဲ့ဇနီးက မြို့တော်ကနေ ထွက်သွားတာကြာပြီ၊ မင်းတို့မိသားစုက ထပ်မခွဲဘဲ ဒီအတိုင်းဆက်နေကြဖို့ မျှော်လင့်ပါတယ်”
သခင်မကြီးလုက ဖေးရှီကိုကြည့်ကာ ပြောခြင်းဖြစ်သည်။
ဖေးရှီက ပြုံးပြီးပြောသည်။
“အမေ အမေက မောင်းမထုတ်မချင်း ကျွန်မတို့မသွားပါဘူး”
သခင်မကြီးလုက စိတ်အေးသွားသည်။
“မင်းတို့သွားရင် ဒီထက်ပိုပြီး ဝမ်းနည်းစရာတွေ ရှည်ကြာသွားဖို့ပဲရှိလိမ့်မယ်”
သူမက ပြောရင်းမှ သူတို့၏ချစ်မြတ်နိုးရသော ယောင်ယောင်အကြောင်းကို ပြန်တွေးမိသွားသည်။
“အမေ ကျွန်မတို့သိပါတယ်”
ဖေးရှီကပြောသည်။
“မင်းရဲ့အကြီးဆုံးအစ်ကို သေဆုံးပြီးကတည်းက လျှိုရှီက အိမ်ထဲမှာပဲ ပိတ်နေခဲ့တာ၊ ကံကောင်းစွာနဲ့ သူမမှာ ကလေးတွေ ရှိနေတာကို သိခဲ့သေးလို့ အသက်ဆက်ရှင်နေသေးတာပဲ၊ မဟုတ်ရင် ငါ့ရဲ့အကြီးဆုံးသားနောက်ကို လိုက်သွားလောက်ပြီ”
“မင်းရဲ့အကြီးဆုံးမရီးက နားထောင်လို့မကောင်းတဲ့အရာတွေ နောက်ပိုင်း ထပ်ပြောနေခဲ့မယ်ဆိုရင်တောင်မှ ကျေးဇူးပြုပြီး သည်းခံပေးပါ၊ အထူးသဖြင့် ဒီအဖွားကြီး အတွက်ပေါ့”
သခင်မကြီးက သက်ပြင်းချသည်။
“ငါ ဒီအသက်အရွယ်အထိ နေခဲ့ပြီးပြီ၊ မိသားစုကို ကောင်းကောင်းမွန်မွန် စည်းစည်းလုံးလုံးရှိတာကိုပဲ မြင်ချင်တယ်၊ ငါ သေတဲ့အချိန်မှာ မင်းတို့လိုချင်တဲ့အတိုင်း အားလုံးကို ခွဲဝေပေးပါ့မယ်၊ ဒါကြောင့် မစိုးရိမ်ပါနဲ့”
“အမေ …”
လုရှီမင်က သခင်မကြီးလု၏ရှေ့တွင် သက်ပြင်းချကာ ဒူးထောက်သည်။
“ကျွန်တော်က အသုံးမကျပါဘူး၊ ကျွန်တော် နှစ်အများကြီးထွက်သွားပြီး ဘာမှ မကူညီနိုင်ခဲ့ဘူး”
သူ၏မိခင်က သူ့ကိုထူပေးသည်။
“ထပါ၊ မင်းရဲ့လုပ်နိုင်စွမ်းကို မိသားစုအတွက် စတေးပေးခဲ့တာနဲ့တင် အကူအညီအများကြီး ဖြစ်နေခဲ့ပါပြီ”
“အမေ ဒါကလည်း ကျွန်တော့်အတွက် လုပ်ခဲ့တာပါပဲ …”
ဖေးရှီက အလျင်စလိုဝင်ပြောသည်။
“ဟုတ်တယ်၊ ဒါတွေအားလုံးက အတိတ်ဖြစ်သွားပြီ”
သခင်မကြီးလုက ဖေးရှီ၏စကားကို ဖြတ်ပြောသည်။
“သွားစို့ ညစာစားဖို့ နောက်ကျနေတော့မယ်၊ ကလေးတွေ ကြောက်နေလောက်ပြီ”
ဖေးရှီက သူ၏သမီးဖြစ်သူက အကြီးဆုံးအိမ်တော်နှင့် သူတို့အိမ်တော်ကြားမှ အတိတ်အကြောင်းကို မသိကြောင်း နားလည်ထားသည်။ ထို့ကြောင့် လုယောင်ယောင်ကို အခြားကလေးများ ပြောနေခြင်းက သူမကို စိုးရိမ်သွားစေနိုင်လေ၏။
ညစာစားခန်းမအတွင်းတွင် လုမိသားစုအိမ်တော်မှ သားနှင့်သမီးများ ရှိနေကြသည်။ မည်သူကမျှ မစားကြသေးဘဲ လူကြီးများကို စောင့်နေကြ၏။
“ကျန်း သွားပြီး မင်းရဲ့အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုတို့ ပြန်လာပြီလား ကြည့်လိုက်”
လုလင်ကျစ်နှင့်လုထင်ကျစ်တို့က အကြီးဆုံးသခင်မလုကို သူ၏အိပ်ဆောင်သို့ ပြန်ပို့နေခြင်းဖြစ်သည်။ လျှိုရှီက သူ့သားနှစ်ယောက်၏လက်ကို ဖက်ပြီး ငိုနေ၏။
“ငါ ဒီလိုဆက်ဆံခံရတာကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး၊ မင်းတို့အဖေက လုမိသားစုအပေါ် ဘဝတစ်ခုလုံး အကြွေးတင်နေတာမှ မဟုတ်တာ၊ ဘာလို့ ဒီလူတွေက သူ့ကြောင့်နဲ့ရလာတဲ့ အကျိုးအမြတ်ကို ခံစားနေတာကို ကြည့်နေရမှာလဲ၊ မင်းတို့က ငါ့ရဲ့သားတွေပါ၊ ဒီအမေရဲ့နှလုံးသားကို နားမလည်နိုင်ဘူးလား”
“အမေ ကျွန်တော်တို့အားလုံး သိပါတယ်၊ ဒါပေမဲ့ သူက ကျွန်တော်တို့ရဲ့ တတိယဦးလေးပဲလေ”
လုထင်ကျစ်က ပြောသည်။
သူက အစောပိုင်းအသက်ကတည်းက သူ၏ဖခင်နောက်သို့လိုက်ခဲ့ပြီး နေ့ရက်များကိုအတူ ကုန်ဆုံးခဲ့၏။ သူ ဖခင်လုပ်ခဲ့သည်က မှားယွင်းသည်ဟု သူ မယုံကြည်ပေ။ သို့သော် သူ၏ဦးလေးကလည်း မှားသည်ဟု သူ မထင်ပေ။ ထို့ကြောင့် အမှန်အမှားကို ရွေးချယ်ရာတွင် မည်သည့်ဘက်မှ သူ မလိုက်ချင်ပေ။
သူမက ငိုကာ ဆက်ဆူသည်။
“မင်းတို့က အပြင်လူကိုကူပြီး ငါ့ကိုအရှက်ခွဲနေကြတာပဲ”
“ထင်ကျစ် အဖွားဆီ အရင်သွားလိုက်၊ အကြာကြီးမစောင့်ခိုင်းနဲ့”
လုလင်ကျစ်က သူ၏ညီကို အပြင်သို့ပို့သည်။
သူတို့သားအမိနှစ်ယောက်တည်း ကျန်တော့သည့်အချိန်တွင် အခန်းတစ်ခုလုံးက တိတ်ဆိတ်သွား၏။
“အမေ ဦးလေးက ကျွန်တော်တို့အပေါ်မှာ ဘာများအကြွေးတင်နေတယ်လို့ ထင်နေတာလဲ”
လုလင်ကျစ်က သူ၏အမေကိုကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်၏။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now