part 24

1.8K 157 1
                                    

Unicode

အပိုင်း ၂၄ ပန်းရှုစားခြင်းတွေ့ဆုံပွဲ (၂)
ယဲ့ကျန်းက ရထားလုံး၏လိုက်ကာမှတစ်ဆင့် အပြင်ဘက်ရှုခင်းကိုကြည့်သည်။ သူတို့ ရောက်ရှိနေသောနေရာကို သူမ မြင်လိုက်သောအခါ သူမ ကြီးပြင်းခဲ့သောနေရာ၊ မြို့တော်တစ်ခုလုံးတွင် အရင်းနှီးဆုံးနေရာတစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရ၏။ သို့သော် လက်ရှိအချိန်တွင်မူ သူစိမ်းများ၏အမြင်တွင် မနှစ်မြို့မှုများကိုမြင်ရသည်။
ယဲ့ကျန်းက လိုက်ကာဆွဲချတော့မည့်အချိန်တွင် ရထားလုံးက ရုတ်တရက်ရပ်သွားသည်။ ထိုအချိန်တွင်ပင် အဝေးတွင်ရှိသော တောင်ကုန်းမှ ထူးဆန်းသော နေရာတစ်ခုကို သတိထားလိုက်မိ၏။ သူမ မျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။
“ဒါက စိတ်အခြေအနေဆိုးရွားစေပြီး မကောင်းတဲ့ဓာတ်သဘောတွေပြည့်နေတဲ့ တောင်ကုန်းသေ မဟုတ်လား၊ ပြောရမယ်ဆိုရင် ယဲ့မိသားစုကို အဲဒီမှာမြှုပ်ထားကြတာတဲ့၊ သူတို့မျိုးနွယ်စုက လူရာကျော် ဒီမှာရှိနေကြတယ်၊ သူတို့ရဲ့ကိုယ်ပိုင်မြေမှာ အမြှုပ်ခံရတယ်လို့တော့ ငါ ကြားတာပဲ”
လုဖန်းက ယဲ့ကျန်းစိုက်ကြည့်နေကြောင်း မြင်သည်နှင့် ပြောပြလာသည်။
ယဲ့ကျန်း၏လိုက်ကာကို ဆုပ်ကိုင်ထားသောလက်က တင်းကြပ်သွားသည်။ သူမအသံကို ကြိုးစားထိန်းကာ ရုန်းကန်ပြီးနောက်တွင် ပြောလိုက်၏။
“ယဲ့မိသားစု … သူတို့တွေ အကုန်သေကုန်ကြပြီလား”
“ဘယ်သူသိမှာလဲ”
လုဖန်းကပြောသည်။
“အစ်ကိုကြီးပဲ သိလိမ့်မယ်၊ ငါ ကြားထားတဲ့အတိုင်းဆိုရင် သူတို့ သေချာပေါက်သေသွားကြပြီပဲ”
“ယဲ့မိသားစုက သူတို့လုပ်ခဲ့တဲ့ ဆိုးရွားတဲ့ကိစ္စတွေကြောင့် သေဖို့တန်တယ်”
လုကျင်းကလည်း နှာခေါင်းရှုံ့ကာ ဝင်ပြောသည်။
“သူတို့အားလုံး သေသွားတော့ရော ဘယ်သူက စာနာပေးမှာလဲ”
သူမက ဆက်ပြောသေးသည်။
“ယဲ့မိသားစုက လူတိုင်း ဒီလိုသေသွားရအောင် ထိုက်တန်ဖို့အတွက် သူတို့ ဘယ်လိုအရာကိုများ လုပ်ခဲ့ကြလို့လဲ၊ အနာဂတ်မှာ နင်က ဒီလိုနှလုံးသားမျိုးကို ပိုင်ဆိုင်ထားပြီး နင် အနာဂတ်မှာ ဘယ်လိုများကြင်နာပြီး အထက်တန်းဆန်တဲ့ မိန်းမတစ်ယောက် ဖြစ်လာမလဲဆိုတာကို ငါ မသိဘူး”
ယဲ့ကျန်းက သူမ၏အသံကို အတတ်နိုင်ဆုံးထိန်းထားပြီးနောက် လုကျင်းကို ပြောသည်။
လုကျင်းက ယဲ့ကျန်းကို အချိန်မရွေးပြန်ပြောရန် ပြင်ဆင်နေချိန်တွင် ကိုယ်ကိုထိန်းပြီးနောက် အံကိုကြိတ်ကာပြောသည်။
“နင် ဘာကိုဆိုလိုတာလဲ”
“နင် ထင်တဲ့အတိုင်းပဲ”
ယဲ့ကျန်းက အေးစက်စွာပြန်ဖြေသည်။
သူမ ပထမဆုံးအကြိမ် မွေးဖွားလာပြီးကတည်းက သည်လိုစိတ်ရင်းအမှန်ကို ထုတ်ပြမိခြင်းလည်းဖြစ်၏။
“နင် …”
လုကျင်းက ယဲ့ကျန်းကို စိုက်ကြည့်ကာ ခုန်တက်လာတော့မည့်အချိန်တွင်ပင် သူမ၏အစ်မက  တားသည်။
“ငါတို့ ပိုင်ဟွားဥယျာဉ်ကို ရောက်တော့မယ်”
လုဖန်းက အလျင်စလိုဖြင့် လုကျင်းကို စိတ်ငြိမ်အောင် ထိန်းခိုင်းသည်။
“တတိယညီမ တတိယညီမက ငါတို့ရဲ့မိသားစုကို ယဲ့မိသားစုက ဘာတွေ လုပ်ခဲ့သလဲဆိုတာကို နားမလည်ထားဘူးပဲ”
ယဲ့ကျန်း ပြန်ပင်မငြင်းချင်တော့ပေ။ ထို့အပြင် သူမ နောက်ပိုင်းတွင် နောင်တရစေမည့် တစ်စုံတစ်ရာ ပြောမိမည်ကို စိုးရိမ်လာခဲ့ရ၏။
သူမက သွေးပူတတ်သောသူ မဟုတ်ပေ။ ဝမ်ဖေးတစ်ယောက်ဖြစ်ရန်အတွက် သူမ အကောင်းဆုံး သင်ကြားပြသခံခဲ့ရ၏။ သို့သော် တစ်စုံတစ်ယောက်က သူမ၏ မတရားခံခဲ့ရသော မိသားစုအကြောင်းကို သည်လိုဆိုးရွားသောစကားများ ပြောသံကြားရသောအခါ သူမသည်လည်း ခံစားချက်များ ထိန်းချုပ်လွတ်ကင်းရ၏။
ရထားလုံးရပ်တန့်သွားသောတစ်ခဏတွင် သူမ လိုက်ကာကို မပြီး အလျင်စလိုထွက်လိုက်သည်။
သခင်မကြီးလုနှင့်ဆရာမရှန်းတို့ကလည်း ရထားလုံးမှ ဆင်းလာကြပြီးလေပြီ။ ယဲ့ကျန်းက သူမတို့၏အနားသို့ လျှောက်သွားကာ သူမ၏နှလုံးသားကို လက်ဖဝါးဖြင် ဖိနှိပ်ထားလျက် ရိုးသားတည်ငြိမ်စွာ ခံစားချက်များကို ဖုံးကွယ်လိုက်သည်။ သူမ ထိုသို့လုပ်ပြီးနောက် နှစ်ယောက်လုံးကို ပြုံးကာ နှုတ်ဆက်လိုက်၏။
ဆောင်းဦးရာသီဖြစ်ကာ ကောင်းကင်ပြာက ကြည်လင်ပြီး တလက်လက် တောက်ပနေသယောင် ထင်ရသည်။ တစ်စုံတစ်ယောက်က ပိုင်ဟွားဥယျာဉ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် လှပသော ပန်းများပွင့်လန်းနေသည့် ရေကန်အလယ်တွင် ရောင်ပြန်ဟပ်နေသော တိမ်စင်များကို မြင်ရမည်ဖြစ်သည်။ ရေကန်ထဲတွင်ငါးများက ကူးခတ်နေကြသည်။ ဒါက တိမ်အရောင်ကိုပို၍ပင် တောက်ပသွားစေပြီး ဆေးခြယ်ထားသကဲ့သို့ ထင်ရစေသည်။
ရေကန်ကို ကျော်ဖြတ်ပြီးနောက် ယဲ့ကျန်းက ဝတ်ကောင်းစားလှဝတ်ထားသော အမျိုးသမီးတစ်ယောက် သူတို့ထံသို့ လာနေကြောင်း မြင်လိုက်ရသည်။
“ကံကောင်းမှုနဲ့တွေ့ဆုံရတာပါပဲ သခင်မကြီးလု လူတိုင်းက သခင်မကြီးတို့အတွက် စောင့်ဆိုင်းနေကြတာပါ”
ထိုအမျိုးသမီးက သခင်မကြီးလုကို ချစ်မြတ်နိုးစွာနှုတ်ဆက်သည်။
ယဲ့ကျန်းက ထိုအမျိုးသမီးကို ကြည့်ပြီးဖျော့တော့စွာ ပြုံးလိုက်၏။ ထိုအမျိုးသမီး၏နာမည်က ချန်းဖြစ်သည်။ သူမက ဘာသာရေးဌာနမှ လက်ထောက်ဝန်ကြီး၏ဇနီးဖြစ်၏။ သူမက ယဲ့မိသားစုကို မျက်နှာချိုသွေးရာတွင် ကျင့်သားရနေခဲ့ချေပြီ။ ယခု လုမိသားစုထံတွင်လည်း အလားတူသာဖြစ်နေခဲ့၏။
“အာ ဒါက ဆရာမရှန်းလား”
သခင်မချန်းက ဆရာမရှန်းကို အမြင်မှားသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူအမှန်ပင် ဆရာမရှန်း ဖြစ်နေ၏။ သူမ၏ မြေးများနှင့်အတူရှိနေ၏။
ဆရာမရှန်းက ညင်သာစွာဖြင့် ခေါင်းညိတ်သည်။
“သခင်မချန်း”
သူမက နှုတ်ဆက်သည်။ သခင်မချန်းက ထိတ်လန့်သွားရတော့သည်။
သခင်မကြီးလုက ပေါ့ပါးစွာရယ်ကာ ပြောသည်။
“ဆရာမရှန်းက တို့ရဲ့ချစ်ရတဲ့ ယောင်ယောင်လေးရဲ့ဆရာမလေ၊ မင်းတို့အချင်းချင်း မမြင်ရသေးမှန်း တို့နားလည်တယ်”
ယဲ့ကျန်းက ရှက်ရွံ့သလိုပြုံးကာ သခင်မချန်းကိုကြည့်လိုက်၏။ ထို့နောက် ယဉ်ကျေးမှုအရ နှုတ်ဆက်လိုက်သည်။
“သခင်မချန်းကို နှုတ်ဆက်ပါတယ်”
လုကျင်းနှင့်လုဖန်းတို့က ယဲ့ကျန်း၏အနောက်တွင် ရပ်နေခဲ့ကာ မနာလိုမှုများဖြင့် ကြည့်သည်။ သည်နေ့မှစပြီး သခင်မကြီးလုက လူတိုင်းကို ယဲ့ကျန်းက မည်သူဖြစ်ကြောင်း သိစေတော့မည် ဖြစ်ကြောင်း နားလည်လိုက်၏။
ဒါပေမဲ့ ဘာလို့လဲ၊ ဘာလို့ ဒီလိုတောရိုင်းမလေးက သခင်မကြီး မျက်နှာသာပေးတာကိုခံရမှာလဲ၊ ဆရာမရှန်းရဲ့ကျောင်းသူ ဖြစ်တာကြောင့်လား၊
သူတို့အားလုံး သိချင်သွားကြသည်။ သခင်မချန်းက ယခင်ဝမ်ဖေးကို မြင်ရုံမျှသာမြင်ဖူးခြင်းဖြစ်သည်။ သူမအပေါ် ထင်မြင်ချက်အနည်းငယ်မျှသာရှိ၏။ ထို့ကြောင့် လုယောင်ယောင်ကိုမြင်သောအခါ ရင်းနှီးသလိုဖြစ်သည်ဟု ခံစားရရုံမျှသာဖြစ်ပြီး ထူးထူးခြားခြား သတိရခြင်းမျိုးမရှိပေ။
“လုမိသားစုက ကောင်မလေးတွေအားလုံးက လှလိုက်တာ၊ သခင်မကြီးလု သခင်မကြီးလုကတော့ တကယ်ကံကောင်းတာပါပဲ”

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now