Part 84

1.2K 124 1
                                    

Unicode

အပိုင်း ၈၄။ နာမည်တူ(၁)
ထွက်ခွာသွားသောပုံရိပ်များ သူ၏မြင်ကွင်းမှ ပျောက်ဆုံးသွားသည်အထိ မော့ရုန်ကျန်း ကြွက်သားများကို မလှုပ်ရှားမိအောင် သူ ကြားလိုက်ရသောနာမည်ကြောင့် အံ့ဩနေမိ၏။
ဒါက တိုက်ဆိုင်တာလား။
ဟုတ်တယ်၊ နာမည်တူတဲ့သူတွေအများကြီးရှိတာပဲ၊ နောက်ပြီး ဒီထက်ပိုနေတာမျိုးလည်း ရှိနိုင်သေးတယ်၊
သူ၏အခြားသောစိတ်တစ်ခြမ်းက အော်ဟစ်နေသည်။
မော့ရုန်ကျန်း၏နှလုံးသားက သံသယများဖြင့် ကပြောင်းကပြန်ဖြစ်နေသည်။ လုဝူရှန်းက လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက သူ့ကိုကယ်ခဲ့သော ကောင်မလေးအား သူ ပေးခဲ့သော ကျောက်စိမ်းတံဆိပ်ပြားကို ပိုင်ဆိုင်နေ၏။ ထို့အပြင် ထိုကောင်မလေး၏နာမည်ပြောင်က ယောင်ယောင်ဖြစ်သည်။
လုဝူရှန်းရဲ့နာမည်ပြောင်က ယောင်ယောင်မဟုတ်ဘူး၊ မဟုတ်ဘူး၊ လုံးဝကိုမနီးစပ်ဘူး။
သူ့ကို ညပေါင်းများစွာတမ်းတစေမိတဲ့ နာမည်ပြောင်ခြင်းတူနေတဲ့မိသားစုက သခင်မလေး တစ်ယောက် ရောက်လာပြန်ပြီ။
သူ မျက်မှောင်ကြုတ်လိုက်သည်။ ထန်းကျန့်နှင့်အတူရှိသော ထိုအမျိုးသမီးကို ပြန်တွေးမိသွား၏။ ထိုတိုက်ဆိုင်မှုက အစစ်အမှန်ဖြစ်ရန် သံသယယ၀င်စရာ ကောင်းလွန်းနေ၏။
ခြောက်သွေ့နေသော ရေတွင်းထဲတွင် သူရှာတွေ့ခဲ့သော အိုဟောင်းနေပြီဖြစ်သည့် အကောင်းစား ဘရိုကိတ်၏ အစုတ်အပြဲအပိုင်းအစကို ပြန်တွေးမိသွားသည်။ သူ မှတ်မိသည်မှာမှန်လျှင် သူ၏လက်အောက်ငယ်သားများ စုံစမ်းထားပုံအရ ထိုဘရိုကိတ်အပိုင်းအစဟာ ယခင်ဧကရာဇ်က ထီးနန်းကို အောင်မြင်စွာ အုပ်ချုပ်နိုင်သည့်အတွက် ကြွယ်ဝပြီးအာဏာကြီးသော မိသားစုများထံ ချီးမြှင့်ခဲ့သော ဘရိုကိတ်ဖြစ်နေ၏။
လုမိသားစုလို ကြွယ်ဝမှုလည်းမရှိ အဆင့်အတန်းလည်းမရှိတဲ့ နိမ့်ကျတဲ့ ကုန်သည်မိသားစုလောက်က … ဒီလိုမိသားစုက သခင်မလေးတစ်ယောက်က ဘယ်လိုများ ဒီလိုဘရိုကိတ်ကို ပိုင်နိုင်မှာတဲ့လဲ။
မော့ရုန်ကျန်း သူ၏အိပ်ဆောင်အတွင်းသို့ ဝင်သွားသည်။ မြင်းစီးဝတ်စုံကို လဲပြီးနောက် လုလင်ကျစ်၏ဒဏ်ရာကို သတိရသွား၏။ သူ ဝတ်စုံပြည့်ဝတ်ပြီးနောက် လုလင်ကျစ်ကို သွားတွေ့သည်။
သူ စိတ်ဓာတ်အကျဆုံးအချိန်တွင် လုလင်ကျစ်နှင့်ဆုံခဲ့၏။ ထိုအချိန်က တစ်ဖက်သူ၏ ကုန်သည်သင်္ဘောများနှင့် အဖွဲ့အစည်း၏ အကူအညီမပါဘဲ သူ၏ပုန်ကန်မှုက ချောမွေ့ခဲ့လိမ့်မည် မဟုတ်ပေ။ ထို့နောက် တစ်ဖက်သူ၏မိသားစုကို ကြွယ်ဝမှုနှင့် အဆင့်အတန်းပေးရန် ဆန္ဒရှိခဲ့ခြင်းဖြစ်၏။ တစ်ဖက်သူ၏ညီမကိုပင် သူ ချစ်ပြခဲ့သေးသည်။
ထိုအကြောင်းအရာအပြင် တစ်ဖက်သူကို အဆင့်အမြင့်ဆုံး ကိုယ်လုပ်တော်ဘွဲ့ ပေးခဲ့ရုံမျှ ဖြစ်၏။ ထို့ကြောင့် လုဝူရှန်းကဲ့သို့ နိမ့်ကျသောသူက သူ၏ ဝမ်ဖေးအဆင့်အတန်းကို ရခဲ့ခြင်းဖြစ်သည်။
ဧကရီအဆင့်အတန်းအတွက်မူကား သူ၏စိတ်ထဲတွင် တစ်ယောက်တည်းသာလျှင် ရှိသည်။ လုဝူရှန်းက သူမသည် တောအုပ်ထဲတွင် သူနှင့်ဆုံခဲ့သော ယောင်ယောင်ဟု ဆိုလာခဲ့သည်။ သို့သော် ထိုအချိန်က သူ၏စိတ်အတွင်း လက်သင့်မခံလိုမှုရှိနေခဲ့၏။ ထို့အပြင် လုဝူရှန်းက ကျောက်စိမ်းတံဆိပ်ကို ပိုင်ဆိုင်သောသူဟု သူ ရှာတွေ့ခဲ့သောအခါ ထိုအချက်တစ်ချက်အရသာလျှင် သူမက ထိုတစ်ယောက် ဖြစ်ကြောင်း သူ လက်ခံခဲ့ရ၏ သို့ရာတွင် သူမနှင့်သူ့အကြား ထားရစ်ခဲ့သော သူမကိုယ်တိုင် ပြောပြသည့် လျှို့ဝှက်စကားကို ပြန်မေးသောအခါ သူမ ဘာမှ မသိနိုင်ခဲ့ပေ။
ဖြစ်နိုင်တာက သူ အယုံလွယ်ခဲ့တာလား၊ သူမ ဘယ်လိုများ မေ့နိုင်မှာလဲ။
သူ မှတ်ထားတာမှန်မယ်ဆိုရင် အဲဒီကောင်မလေးက ဒါက သူမနဲ့သူမအဖေရဲ့ လျှို့ဝှက်စကားလို့တောင် ပြောခဲ့သေးတာလေ။
“နင် ငါ့ကိုအနာဂတ်မှာ မမှတ်မိတော့ဘူးဆိုရင် နင့်ကို ငါ ပြောမယ်၊ ကောင်းကင်ရဲ့ဘုရင်၊ ကမ္ဘာမြေကြီးရဲ့ကျား၊ ဘုရားမြို့ရဲ့နတ်ဆိုးမြစ်၊ ဒါက နင်နဲ့ငါရဲ့ကြားက လျှို့ဝှက်စကားပဲ၊ နင် ဘယ်သူ့ကိုမှ မပြောပြရဘူးနော်၊ ဒါက ငါတို့ရဲ့လျှို့ဝှက်ချက်”
သူ ပြန်တွေးမိပြီးနောက် ထိုကောင်မလေး၏ တက်ကြွသောစကားကိုပင် ပြန်လည်ကြားယောင်လာသည်။ ထိုလျှို့ဝှက်စကားက သူ၏နှလုံးသားအတွင်း နက်ရှိုင်းစွာ ထိုးထွင်းထားသကဲ့သို့ စွဲမြဲနေခဲ့၏။
ထိုအတွေးများထဲ နစ်မြုပ်သွားပြီးနောက် မော့ရုန်ကျန်းက သူသည် လုလင်ကျစ်၏ ခြံဝန်းအပြင်ဘက်တွင် ရပ်နေလျက်သားဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။
အပြင်မှ လူများကပင် ဧကရာဇ် ကြွရောက်လာပြီဖြစ်ကြောင်း အော်နေလေပြီ။
သူ အထဲသို့ဝင်သွားသောအခါ အဆောင်တော်အတွင်းရှိ လူများက မြေပြင်တွင် ချက်ချင်းဆိုသလို ဒူးထောက်ချသည်။ လုလင်ကျစ်၏ အဆောင်တော်အတွင်းရှိ လူတိုင်းကလည်း ဒူးထောက်လာကြ၏။ လုလင်ကျစ်က သူ့ကို အရိုအသေပြုရန်အတွက် ကုတင်ကို လက်ဖြင့် ခပ်တင်းတင်းဆုပ်ကာ ထရပ်ရန်ကြိုးစားနေကြောင်း မြင်လိုက်ရ၏။
“မင်း ဒဏ်ရာရထားတာကို ထရပ်ပြီး ဂါဝရပြုဖို့ မလိုအပ်ပါဘူး၊ ပြန်လှဲလိုက်ပါ”
မော့ရုန်ကျန်းက ပြော၏။
တော်ဝင်ဆေးဆရာနှစ်ယောက် သည်နေရာတွင်ရှိနေကြောင်း မြင်သောအခါ သူက လုလင်ကျစ်၏ အခြေအနေကို မေးမြန်းလိုက်ပြီးနောက် ကိစ္စကြီးမားခြင်းမရှိကြောင်း သိလိုက်ရသည်။ လုလင်ကျစ်က ဧကရာဇ်က သူ့ထံ ကိုယ်တိုင်ကြွရောက်ကာ သတင်းမေးလာသည့်အတွက် ခံစားသွားရသည်။
“အရှင်မင်းကြီး ကျွန်တော်က အသေးစားဒဏ်ရာပဲ ရထားတာပါ၊ အရှင့်ကို ထိတ်လန့်သွားစေမိတဲ့အတွက် ခွင့်လွှတ်ပါ”
မော့ရုန်ကျန်း၏အကြည့်က သူ၏ဒဏ်ရာရနေသော ခြေထောက်ထံသို့ ရောက်သွားပြီးပြော၏။
“ကျန်းက ကျန်းရဲ့လက်ထောက်စစ်ဝန်ကြီးဒဏ်ရာရသွားတာကို မလိုချင်ဘူး၊ ဒါက ပြင်းထန်တာပဲဖြစ်ဖြစ်၊ သေးငယ်တဲ့ဒဏ်ရာပဲဖြစ်ဖြစ် ယာယီအားဖြင့် ချန်းသဲ့တောင်စံအိမ်မှာပဲ အနားယူလိုက်ပါ၊ မင်း အပြည့်အဝသက်သာတော့မှ ပြန်လာခဲ့”
“ဟုတ်ကဲ့အရှင်မင်းကြီး”
လုလင်ကျစ်က ကျေးဇူးတင်စိတ်အပြည့်ဖြင့် သဘောတူလိုက်သည်။
မော့ရုန်ကျန်းက အခန်းပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ထောင့်တစ်နေရာတွင် ဒူးထောက်နေသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူ ခပ်မြန်မြန် နားလည်သွား၏။ သူ သိထားသည့်အတိုင်းမှန်နေလျှင် သူမက လုမိသားစုမှ ထန်းကျန့်ပြောသော တတိယသခင်မ ဖြစ်လောက်သည်။ သူမ၏မိသားစုအကြောင်း သူမေးလို၏။ သို့ရာတွင် သည်နေရာတွင် အခြားသူများ ရှိနေလေသည်။
“လက်ထောက်ဝန်ကြီး ကောင်းကောင်းနားပါ၊ ကျန်းသွားတော့မယ်”
မော့ရုန်ကျန်းက သူ သည်နေရာတွင်ရှိနေလျှင် လူတိုင်း မသက်မသာဖြစ်နိုင်ကြောင်း တွေးမိပြီးနောက် ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ တတိယသခင်မဆိုလျှင် သူ့ကို မော့ပင်မကြည့်ရဲပေ။ လုလင်ကျစ်က အလျင်စလို ဦးညွတ်လိုက်သည်။ ထို့နောက် အစေခံများကိုပြော၏။
“အရှင်မင်းကြီးကို ပို့ဆောင်လိုက်ပါ”
အခြားသူများက ခပ်မြန်မြန် အနောက်မှလိုက်သည်။
မော့ရုန်ကျန်းသည် ခြံဝန်းထဲမှ ထွက်ပြီးနောက် ရေပူစမ်းသို့သွားရန် တွေးတောလိုက်မိ၏။ သူ သစ်သားနံရံသို့ ရည်ရွယ်ချက်ရှိရှိ ကျော်ဖြတ်သွားလျှင် ယောင်ယောင်အမည်ရသော ထိုအမျိုးသမီးကို တွေ့ကောင်းတွေ့နိုင်လောက်သည်။ ဖြည်းညင်းစွာလမ်းလျှောက်နေရင်းမှ သူ အတွေးနက်နေသည်။ မိန်းမစိုးနှင့် အခြားသောအစေခံများက နောက်မှ ရိုကျိုးစွာလိုက်ပါလာကြ၏။
“အရာရှိရဲ့ဒီညီက အရှင်ဧကရာဇ်ကို ဂါဝရပြုပါတယ်”
ရုတ်တရက် ကောင်လေးတစ်ယောက် ပေါ်လာပြီး သူ့ကို ဦးညွှတ်သည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWo Geschichten leben. Entdecke jetzt