part 63

1.5K 147 2
                                    

Unicode
အပိုင်း (၆၃) အရူးလိုချစ်သူ (၂)
သခင်မလေး၏အမူအရာကို အတုယူရင်းမှ ဟိုင်ထန်းက စတင်ရှင်းပြလာသည်။
“သူ့နာမည်က ရွှယ်လျှိုလို့ခေါ်ပါတယ်၊ သူက မြို့တော်မှာပဲ တစ်ဘဝလုံး နေခဲ့တာပါ၊ သူမက တတိယအရှင်သခင်လုရှီမင်ကို ခစားနေလေ့ရှိသူပါ၊ ဒါပေမဲ့ တတိယသခင်က သူမ မပါဘဲနဲ့ နယ်စပ်မြေကို ထွက်သွားခဲ့တယ်၊ သူမက သခင်မကြီးလုကို အသနားခံပြီး အရှင်သခင်ရဲ့ ပြန်အလာကို စောင့်ဆိုင်းခဲ့ပါတယ်၊ လွန်ခဲ့တဲ့နှစ်ရက်လောက်က သခင်မကြီးက သူတို့ သဘောတူညီထားတဲ့အတိုင်း ဖြည့်ဆည်းပေးဖို့ သူမကို အခေါ်လွှတ်လိုက်တယ်၊ တတိယသခင်မဖေးရှီက သူမကို မောင်းမထုတ်နိုင်ဘူးဆိုရင် ဒီအစေခံကြောက်တာက လူပိုတစ်ယောက် ဒီစံအိမ်မှာ ရောက်လာမှာကိုပဲ”
ဟိုင်ထန်းက ရှင်းပြသည်။ သူမ၏လေသံက ဆိုးရွားသထက် ဆိုးရွားလာခဲ့၏။
“အဲဒီအမျိုးသမီးက သခင်မလေးရဲ့အဖေကို တွေ့ချင်နေပြီး ဒီနေရာမှာ သုံးရက်တောင် နေနေခဲ့တာပါ၊ သူမက သခင်မကြီးလုနဲ့လည်း မကြာခဏ စကားသွားပြောလေ့ရှိပါတယ်၊ တတိယသခင်က သူမကိုအရင်က ကောင်းကောင်း ဆက်ဆံပေမဲ့ အဲဒီအချိန်တုန်းက တတိယသခင်မနဲ့ လက်မထပ်ခဲ့ရသေးလို့ပါ၊ အခု တတိယအရှင်သခင်မှာ ဇနီးရှိနေပြီဆိုတော့ သူမ တကယ်ပဲ ဘာတွေ ဆက်လုပ်ချင်နေမှန်း မသိတော့ပါဘူး”
ဟိုင်ထန်းက သက်ပြင်းချပြီးနောက် ယဲ့ကျန်း၏ရှေ့တွင် စကားပြော မှားသွားမည်ကိုလည်း စိုးရိမ်နေသေးသည်။ သူမ၏တည်ရှိမှုကြောင့်သာ မဟုတ်လျှင် သူမ ဆိုးဆိုးရွားရွား အရှက်မရှိသောမိန်းမဟု ဆိုလိုက်ပြီးလေပြီ။
ယဲ့ကျန်းကလည်း ရွှယ်လျှိုက လုရှီမင်၏ ယခင် အိပ်ဆောင်အစေခံမှန်း နားလည်သည်။ လုရှီမင်က နယ်မြို့သို့ ထွက်သွားသောအခါ သူမကို သူနှင့်အတူ ခေါ်မသွားခဲ့ပေ။ သူမကို သဘောမကျတာ သိသာနေပေသည်။ သို့သော် ထိုအမျိုးသမီးကမူ နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့၏။ ထည့်ပြောရန်ပင် မလိုလောက်အောင် သူမက ငယ်ရွယ်မှုကို စတေးခံထားသေးသည်။
သူမက လက်မထပ်ဘဲ လုရှီမင်ကိုပဲ နှလုံးသားပုံအပ်ပြီး စောင့်ဆိုင်းနေခဲ့တာ။
သူတို့ အတိတ်မှာ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်တဲ့ချစ်ခြင်းမျိုးတွေကို ပိုင်ဆိုင်ခဲ့ကြသလဲ။
ယဲ့ကျန်း မြင်ရသလောက်ဆိုလျှင် လုရှီမင်က ဖေးရှီကိုသာလျှင် အလွန်ချစ်မြတ်နိုးသောသူဖြစ်သည်။ သို့သော် ရွှယ်လျှိုကမူ သည်နှစ်တွေတွင် စောင့်ဆိုင်းနေခဲ့၏။ အထူးသဖြင့် သူက သူမ၏ ခစားမှုကို မလိုအပ်တော့သည့်တိုင်အောင် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ဖေးရှီအနေဖြင့် သူမကိုယ်တိုင်လည်း လုရှီမင်ကို ကောင်းမွန်စွာ ဂရုစိုက်နိုင်စွမ်းရှိနေခဲ့၏။ နယ်မြို့တွင်ပင် ဖေးရှီက အနီးကပ်အစေခံမျိုး ထားခဲ့ခြင်း မရှိပေ။
“ဒီရက်ပိုင်းအတွင်း အမေ မပျော်ဘူးဖြစ်နေတာက ဒီကိစ္စကြောင့်များလား”
ယဲ့ကျန်းက မေးလိုက်သည်။
ဖေးရှီနှင့် လုရှီမင်တို့က ဆယ်နှစ်ကျော်တိုင် အတူရှိခဲ့ကြသည်။ ရုတ်တရက် သူ့ကို စောင့်ဆိုင်းနေသော အစေခံတစ်ယောက်ရှိကြောင်း ဖေးရှီက သိလိုက်ရ၏။ ထို့ကြောင့် ဖေးရှီအနေဖြင့် ဝမ်းနည်းလာရသည်မှာလည်း ပုံမှန်သာလျှင်ဖြစ်သည်။
ဒါပေမဲ့ လုရှီမင်က ရွှယ်လျှိုကို သဘောကျတာမှ မဟုတ်တာ၊ ဖေးရှီက ဘာတွေကိုမပျော်နေတာလဲ။
ယဲ့ကျန်းအနေဖြင့် သည်ကိစ္စက ဟိုင်ထန်း ပြောပြသည်ထက် ကိစ္စများစွာ ကျန်ရှိနေနိုင်သေးကြောင်း နားလည်လာသည်။
“သူ လုပ်တဲ့အခြားကိစ္စတစ်ခုက ဒီအစေခံကို ဒေါသထွက်စေခဲ့ပါသေးတယ်”
ဟိုင်ထန်းက ဒေါသထွက်ရင်းမှ ခြေကိုဆောင့်သည်။သူမက ပိတ်ထားသော လိုက်ကာဘက်သို့ ဆိုးဆိုးရွားရွား ကြည့်လိုက်၏။ အပြင်တွင် ရွှယ်လျှိုက ရှိနေသေးလေသည်။ ဒါကိုပင် ခပ်ယောင်ယောင်မြင်နေနိုင်သေး၏။
“တတိယသခင်က အရင်ရက်တွေက အလုပ်ရှုပ်နေခဲ့တော့ ခြံဝန်းထဲမှာ အချိန်ဖြုန်းဖို့ မတတ်နိုင်ခဲ့ဘူး၊ ဒါကို တတိယသခင်မ အာရုံမစိုက်တာကို အခွင့်ကောင်းယူပြီး တစ်ကြိမ် သူက အရှင့်ရဲ့ခြံဝန်းထဲကို စွပ်ပြုတ်တစ်ခွက်ကို ကိုယ်တိုင်သွားပို့ပါသေးတယ်”
ယဲ့ကျန်း မျက်ခုံးပင့်လိုက်ကာ သတင်းအချက်အလက်ကို နားလည်လိုက်၏။ သူမက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
“အဖေက အဲဒီညက ဘယ်လိုအချိန်ဖြုန်းခဲ့တာလဲ”ါ
ထိုမေးခွန်းကို ကြားသောအခါ ဟိုင်ထန်းက အံ့အားတကြီး ပါးစပ်ကို လက်ဖြင့်အုပ်သည်။ တစ်ခဏခန့်ကြာမှသာ သူမက မည်သူနှင့် စကားပြောနေခြင်းဖြစ်ကြောင်း သတိရသွားသည်။  တတိယသခင်မလေးက ဂရုထားဟန်မရပေ။ အနည်းငယ်ဖိအားများဟန်၊ မျက်လုံးပြူးကျယ်စွာဖြင့် သည်အနီးကပ်အစေခံက အလန့်တကြားအော်ရင်း ဦးညွတ်လာသည်။
“တတိယသခင်မလေး ဒီအကြောင်း အခြားသူတွေကို ပြောလို့မဖြစ်ပါဘူး၊ တတိယသခင်မသာ ဒီကိစ္စကို ကြားသွားရင် ဒီအစေခံကို သတ်ပါလိမ့်မယ်”
ထိုအခါ ယဲ့ကျန်း၏မျက်နှာက အနည်းငယ် ပြေလျော့သွားသည်။ နှုတ်ခမ်းများက ကော့တက်သွားကာ ပြုံးလိုက်၏။
“နင် ကြောက်ဖို့မလိုပါဘူး၊ ငါ ဘယ်သူ့ကိုမှ မပြောဘူး”
သူမက နှစ်သိမ့်ပြီးနောက်တွင် ဟိုင်ထန်းက ယခင်အတိုင်း အမူအရာ ပြန်ပြောင်းသွားသည်။ သို့သော် အနည်းငယ် ရှက်ရွံ့သေးသော အမူအရာဖြစ်နေသေး၏။ တတိယသခင်မလေးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ပြီးနောက်တွင် သူမက ခပ်မြန်မြန်ဆက်လက်ရှင်းပြလိုက်သည်။ စိတ်အေးအောင် နှစ်သိမ့်ပေးလိုက်၏။
“တတိယသခင်က သူမကို မှတ်မိတာတော့ မဟုတ်ပါဘူး၊ သူက သူမရဲ့အိမ်တော်ကိုလည်း မသွားခဲ့ဘူး၊ ဒီအစေခံကြားထားတဲ့အတိုင်းဆိုရင် သခင်မကြီးက သူမရဲ့ခစားမှု လက်ခံဖို့သာ မပြောခဲ့ဘူးဆိုရင် တတိယသခင်က သူမကို မောင်းထုတ်လိုက်တာ ကြာလှပါပြီ၊ ဒီမှာဆက်ပြီး နေခွင့်ပေးထားတယ် ဆိုတာကလည်း သခင်မကြီးရဲ့ မျက်နှာကြောင့်ပါ”

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now