part 61

1.5K 153 2
                                    

Unicode
အပိုင်း (၆၁) တိုဟူးကဲ့သို့ ဖြူဖွေးသောအသားအရေ(၂)
သိုင့်မေ့က အပြင်ဘက်တွင်ရှိနေခဲ့ရာမှ လှမ်းအော်မေးလာသည်။
“ဘာများဖြစ်တာပါလဲ တတိယသခင်မလေး”
ယဲ့ကျန်းက အမောတကော အသက်ရှူကာ ချွေးပြန်နေသည်။ သူမအရှေ့သို့ ရောက်လာသောသိုင့်မေ့ကို ထိတ်လန့်စွာ ကြည့်လိုက်၏။ သူမသည် အိပ်မက်ထဲမှ ရုန်းထွက်နိုင်ရန် အချိန်တစ်ခုကြာသွားသည်။
“ငါ အဆင်ပြေပါတယ်”
ယဲ့ကျန်းက ခပ်တိုးတိုးပြောပြီးနောက် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်သည်။ အာရုံဦးပင် ရောက်နေလေပြီ။
“တတိယသခင်မလေး အိပ်မက်ဆိုးတွေ မက်နေလို့ပါလား”
သိုင့်မေ့က သူမကို စိုးရိမ်စွာကြည့်သည်။
ဒီရက်အနည်းငယ်မှာ ပိုကောင်းလာတယ်၊ ဘာလို့ အိပ်မက်ဆိုးတွေ ထပ်မက်ပြန်ပြီလဲ။
ယဲ့ကျန်းက ခေါင်းကိုခါပြီးပြောသည်။
“ငါ ရေချိုးလိုက်ဦးမယ်၊ ငါ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပြီ”
ထိုအခါမှသာ သိုင့်မေ့က ယဲ့ကျန်း၏ကိုယ်ကိုကြည့်လိုက်သည်။ အမှန်ပင် သူမ၏ အဝတ်အစားများတွင် ချွေးများစိုရွှဲနေ၏။ ထိုမျှသာမကလေဘဲ ဖုန်မှုန့်နှင့်အညစ်အကြေးများကလည်း အဝတ်အစားတွင် ကပ်ငြိနေသေး၏။
“သခင်မလေး သခင်မလေး အဝတ်အစားတွေ မြန်မြန်ချွတ်လိုက်ပါ၊ ဒီအဝတ်တွေက စိုနေပြီ၊ သခင်မလေး အအေးမိသွားလို့မဖြစ်ဘူး”
ထူးဆန်းလိုက်တာ၊ မအိပ်ခင်က အဝတ်လဲထားတာမဟုတ်လား၊ ဘာလို့ ဒီလောက်အထိ ညစ်ပတ်နေတာလဲ။
ယဲ့ကျန်းကလည်း သူမ၏ကိုယ်ပေါ်တွင် ထူးဆန်းသောအရာများ ရှိကြောင်း သတိထားလိုက်မိသည်။ သူမ အစေခံကို ချက်ချင်းထွက်သွားရန်ပြောလိုက်၏။
“အရင်ဆုံး ရေတွေ ယူလာခဲ့လိုက်ပါ၊ ငါ အဝတ်လဲလိုက်မယ်”
သူမ၏ အနီးကပ်အစေခံ ထွက်သွားမှသာလျှင် ယဲ့ကျန်းက သူမ၏ဝတ်ရုံကို ချွတ်လိုက်သည်။ သူမ၏ဝတ်စုံတစ်ခုလုံးကို မည်းညစ်နေသောအညစ်အကြေးများက ကပ်ငြိနေ၏။ သူမ၏အဝတ်တွင် ပို၍ များနေသေးသည်။
အချို့ကမူ ချွေးများရွှဲနေ၏။ သူမ၏အရေပြားတစ်ခုလုံးက ညစ်ပတ်နေသည်။
ဘာတွေဖြစ်သွားတာလဲ။
သူမ စိတ်ရှုပ်ထွေးသွားသည်။
သူမ သေချာသည်မှာ သူမ မနေ့ညက မအိပ်ခင်တွင် သန့်ရှင်းနေခဲ့သေးသည်။
ဘာလို့များ ဒီလောက်အထိ ညစ်ပတ်သွားတာလဲ။
သူမက သူမ၏နဖူးမှ ချွေးများကိုသုတ်ရန်အတွက် အဝတ်တစ်ခုကို ယူလိုက်သည်။ ထို့နောက် လက်မောင်းများကို ဆက်သုတ်၏။ အံ့အားသင့်စရာကောင်းသည်မှာ ဖုန်မှုန့်နှင့်အညစ်အကြေးများကို ရှင်းလင်းလိုက်သည်နှင့် သူမ၏အသားအရေက မနေ့ကထက် ပို၍ဖွေးပြီးပို၍ ချောမွတ်သွားခြင်း ဖြစ်သည်။
နေပါဦး၊ ဒါက …
သူမ၏လက်မောင်းကို ကြည့်ပြီးနောက် ယဲ့ကျန်းက သူမ မအိပ်ခင်က လင်းချွမ်ကို သောက်ခဲ့ကြောင်းကို သူမ သတိရလိုက်သည်။ သူမ၏ပါးစပ်က ရုတ်တရက် ခြောက်သွေ့သွားရ၏။
“ဒါက လင်းချွမ်ကြောင့်လား၊ ဒီဖုန်မှုန့်နဲ့ချွေးတွေဆိုတာက တကယ်တော့ လင်းချွမ်ကြောင့်လား”
သူမ အံ့ဩကာ မသေချာသလိုဖြစ်သွားသည်။ သို့ရာတွင် အဝတ်တစ်စုံကိုယူပြီး ဝတ်လိုက်၏။ သိုင့်မေ့က တံခါးခေါက်လာသောအခါ ရေပူများပါသော ရေဇလားကြီးကို သယ်လာသည်။ ယဲ့ကျန်းက သူမကို ညစ်ပတ်သောအဝတ်များကို ပေးလိုက်၏။
“ဒီအဝတ်တွေက အရမ်းညစ်ပတ်နေပြီ၊ လျှော်မနေနဲ့တော့၊ လွှင့်ပစ်လိုက်ပါတော့”
သူမက နောက်လှည့်ပြီးနောက် ရေချိုးရန်အားလုံးကို ပြင်ဆင်ခိုင်းလိုက်သည်။
သူမ လုပ်သင့်တာကို လုပ်နေပြီဖြစ်ကြောင်း မြင်ရသောအခါ သိုင့်မေ့ကလည်း သူမ၏သခင်မကိုသာ ခစားရန် တာဝန်ယူလိုက်သည်။
“မဟုတ်ဘူး၊ ငါ့ဘာသာ လုပ်မယ်”
ယဲ့ကျန်းက ပြောသည်။ သူမက အနည်းငယ်ဒုက္ခများပြီး စိတ်ရှုပ်ထွေးသလို ခံစားနေရသေး၏။ ထို့ကြောင့် အခြားသူများကို သည်နေရာတွင် မရှိစေချင်သေးပေ။
“ဒါဆိုရင် ဒီအစေခံက သခင်မလေးအတွက် မနက်စာ သွားပြင်ဆင်လိုက်ပါ့မယ်”
သိုင့်မေ့က ဦးညွတ်ပြီးနောက် ထွက်သွားသည်။
ယဲ့ကျန်းက ငြင်းဆန်နေကြဖြစ်သဖြင့် သူမလည်း ကျင့်သားရနေခဲ့လေပြီ။
ယဲ့ကျန်းက ရေချိုးဇလုံထဲတွင် ထိုင်ကာ ကိုယ်မှ ထိုအညစ်အကြေးများကို ပြောင်စင်အောင် ဆေးကြောလိုက်သည်။ ထို့နောက် မတ်တတ်ထရပ်ကာ ကြေးနီရောင်မှန်ရှေ့တွင် ကြည့်လိုက်၏။ သူမကို ပြန်ကြည့်နေသော ထိုမိန်းကလေးကို ကြည့်သည်။ သူမ၏စိတ်ထဲတွင် ရှင်းလင်းစွာ စုံစမ်းစစ်ဆေးမှုကသာ ရှိနေခဲ့၏။
သူမ၏မျက်နှာက ကြာပန်းရောင်လွှမ်းနေပြီး အသားအရေများက တိုဟူးကဲ့သို့ ဖြူဖွေးနေသည်။ မမျှော်လင့်ထားစွာပင် လင်းချွမ်၏ သက်ရောက်မှုက မှော်ဆန်လွန်းနေခဲ့၏။
ယဲ့ကျန်းသည် ကျေနပ်နှစ်သိမ့်သွားသည်။ သို့ရာတွင် အနည်းငယ်ထိတ်လန့်မိသေး၏။
ဘယ်မိန်းကလေးကများ မလှချင်လို့လဲ၊ ဒါပေမဲ့ ချက်ချင်းဆိုသလို ဒီလောက်လှသွားတာက မဖြစ်နိုင်ဘူးမဟုတ်လား။
သူမက သည်အတိုင်း ထွက်သွားခဲ့မည်ဆိုလျှင် အားလုံး သံသယဝင်သွားပေလိမ့်မည်။ သူမ၏စိတ်က လွန်ဆွဲနေ၏။
ဖျားနာဟန်ဆောင်ပြီး အပြင်မထွက်ရင်ကောင်းမလား၊ ဒါမှမဟုတ် အဲဒီလို ဖျားနာဟန်ဆောင်ရင်လည်း အဆောင်ထဲကို လူတွေပြည့်လာလိမ့်မယ်။
သတ္တိများကို စုဆောင်းပြီးနောက်တွင် တစ်ခဏခန့် တွေးတောနေလိုက်သည်။ ထို့နောက် အပြင်ဘက်ရှိ အစေခံကို ပြန်ခေါ်လိုက်၏။ သူမက ခြံဝန်းထဲမှ အချို့မြက်ပင်များကို ခူးခိုင်းလိုက်သည်။
ကံကောင်းစွာဖြင့် သူမညီမ၏ဆေးပညာအပေါ် ဗဟုသုတအရ သူမက အချို့သော ဆေးများအကြောင်းကို သိနေခဲ့သေး၏။ အရေးကြီးဆုံးအချက်က သူမ၏မျက်နှာမှ ကြော့ရှင်းကြည့်ကောင်းမှုကို ဖုံးကွယ်ရန်ဖြစ်သည်။
ဒီလင်းချွမ်က … သူမ ဆက်ပြီးမသောက်ရဲတော့ပါပေ။
သက်ရောက်မှုက ပြင်းထန်လွန်းလှကာ ဖုံးကွယ်ရန် ခက်ခဲနေခဲ့၏။ အစေခံက ယဲ့ကျန်း ညွှန်ကြားသည့်အတိုင်း ထိုမြက်ပင်ကိုရှာဖွေကာ ယူလာပေးခဲ့သည်။ ထို့နောက် ယဲ့ကျန်းက မြို့ထဲသို့ ပြန်ခွင့်ပင်ပြုပြီး ဆုလာဘ်ပင် ချီးမြှင့်လိုက်သေး၏။
သူမက ထိုမြက်ပင်ကို ကြိတ်ချေပြီးနောက် ထွက်လာသောအရည်များကို သူမ၏မျက်နှာ၊ လက်နှင့်လည်ပင်းများကို လိမ်းလိုက်သည်။ ကျောက်စိမ်းကဲ့သို့ ချောမွေ့သောအသားအရေက ချက်ချင်းပင် အဝါညစ်ရောင်ပြောင်းသွား၏။
သိုင့်မေ့က မနက်စာယူလာသောအခါ ယဲ့ကျန်းက ဝတ်စုံပြည့်လဲပြီးကြောင်း မြင်လိုက်ရသည်။ သူမ၏ အနက်ရောင်ဆံပင်များက ဆိုဖာပေါ်တွင် ဖြာကျနေ၏။ သူမက ချက်ချင်း အနားကပ်သွားပြီး ပြုံးလိုက်သည်။
“တတိယသခင်မလေး ဒီအစေခံက မနက်စာကိုယူလာပါပြီ၊ တတိယသခင်မလေး စားပြီးသွားရင် ဒီအစေခံက ဆံပင်ကို ဖြီးသင်ပေးပါ့မယ်။"
ယဲ့ကျန်းက ပြုံးပြီး ကျေးဇူးတင်လိုက်သည်။
သိုင့်မေ့က တတိယသခင်မလေးကို ကြည့်လိုက်သည်။ မျက်နှာက အဝါရောင်သန်းနေ၏။ အချို့သောအကြောင်းပြချက်များကြောင့် သူမ၏ သည်နေ့ခန္ဓာကိုယ် တစ်စုံတစ်ရာ မှားနေသည်ဟု ခံစားလိုက်မိသည်။ သို့ရာတွင် ဘာက ကွာခြားနေမှန်း သူမ နားမလည်နိုင်ပေ။ တတိယသခင်မလေးကို ကြည့်ပြီးနောက် မနေ့ကထက် သူမက ပို၍ ကြည့်ကောင်းလာသည်ဟု ခံစားမိလိုက်သည်။
မနက်စာစားပြီးနောက် ယဲ့ကျန်းက စာကြည့်ဆောင်သို့သွားကာ ဆရာမရှန်းနှင့် အတူ နှစ်နာရီခန့် သင်ယူသည်။ နောက်ဆုံးတွင် နာရီဝက်ခန့်အနားရ၏။
မနေ့ညက ဖေးရှီ၏ ပြောင်းလဲနေသော အမူအရာကို သတိထားမိပြီးနောက် ဆရာမရှန်းကို အချိန်ပိုတောင်းလိုက်ကာ လုရှန်းကျစ်ကို သွားရှာလိုက်သည်။
သူမ စိတ်ပျက်သွားရသည်မှာ လုရှန်းကျစ်က လူကြီးမင်းဝမ်နောက်ကို လိုက်နေသောကြောင့် သူ၏မိဘများအကြောင်းကို မသိခဲ့ပေ။ ထို့ကြောင့် သူ၏ညီမထံမှ ကြားရသောအခါ သူက ပို၍ပင် စိုးရိမ်သွားသည်။
ယဲ့ကျန်းက ပြောသည်။
“အရမ်းကြီးစိုးရိမ်မနေပါနဲ့ အစ်မ အမေ့ကိုသွားပြီး မေးလိုက်ပါမယ်၊ ညီမသိရရင် အစ်ကိုကြီးကို ပြန်ပြောမယ်”
လုရှန်းကျစ်က သူ၏ညီမကို ယုံသည်။ သူ၏ ညီမနှင့် မိခင်အတူ စကားပြောသည်က ပိုကောင်းသည်ဟု သူသည်လည်းထင်၏။ ထို့ကြောင့် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒါဆိုရင် မင်းကိုယ်တိုင် သွားမေးလိုက်ပါ”
အဆုံးတွင် ယဲ့ကျန်းကသာ လှည့်ထွက်သွားရသည်။ ထိုအချိန်တွင် ရုတ်တရက် လုရှန်းကျစ်က လှမ်းခေါ်၏။
“ယောင်ယောင် ဒီနေ့ ပိုကြည့်ကောင်းလာတာပဲ၊ မြို့တော်က တကယ်ကို အားပြည့်စေတဲ့နေရာဆိုတာ သိပြီမဟုတ်လား၊ ညီမလေး ဒီကိုရောက်လာတော့ ပိုပြီးတော့တောင် ကြည့်ကောင်းလာသေးတယ်၊ ညီမလေး အရင်ကတည်းက ရောက်လာသင့်တာ”
ယဲ့ကျန်းက နောက်လှည့်ကြည့်ပြီး သူ့ကို ဒေါသတကြီးကြည့်သည်။
“နယ်မြို့မှာဆိုရင်တောင်မှ ညီမက အလှလေးပါပဲ”
လုရှန်းကျစ်က အော်ရယ်တော့သည်။
“ဒါပေါ့ ဒါပေါ့ ငါ့ရဲ့တတိယညီမက ဒီမှာရော နယ်မြို့မှာရော အလှဆုံးပါပဲ”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now