Part 125

904 88 1
                                    

Unicode

အပိုင်း (၁၂၅)

ယဲ့ကျန်းက ပြုံးသည်။ သူမ၏စိတ်အတွင်းတွင်မူ ဝမ်ဖေးတစ်ယောက်အဆင့်အတန်းနှင့် အခုကဲ့သို့ ကောင်းမွန်ကြော့ရှင်းပြီး သဘောထားကြီးနေခြင်းက ကောင်းမွန်သည်ဟု မြင်သည်။ အများစု၏အမြင်တွင် သူမက နယ်မြို့မှ တက်လာသော တောချုံအုံကြားမှ ကလေးမတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမ ဘာပြောပြော ဘာလုပ်လုပ် အဆင်ပြေနေသေး၏။ ဝမ်ဖေးတစ်ယောက်ကဲ့သို့ စောင့်ထိန်းရန် မလိုအပ်ပေ။
“ရှက်စရာပဲ”
လျိုဟွားက သူမ ရောက်လာချိန်တွင် ထိုစကားများကို ကြားလိုက်ရခြင်းဖြစ်သည်။ ယဲ့ကျန်းက သူမကို အပြစ်ကင်းစင်စွာပြုံးပြလိုက်၏။
“မင်းသမီးက သဘောမတူတာပါလား၊ ဒါက အမှန်တရားပါပဲ၊ ကြည့်ကောင်းတဲ့သူတွေက ဘာလုပ်လုပ် ကြည့်ကောင်းကြတယ်လေ၊ ဒါပေမဲ့ ကြည့်ကောင်းတဲ့သူတွေအတွက်ပါပဲ”
သူမ၏စကားက မင်းသမီးလျိုဟွားသည် ကြည့်ရဆိုးသည်ဟု ပြောလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏စကားကို နားမလည်လျှင် လက်မခံနိုင်တော့ခြင်း ဖြစ်သွားပေလိမ့်မည်။ ပတ်ဝန်းကျင်ရှိလူများက ရယ်ကြသည်။ မြို့တော်ရှိလူများက မင်းသမီးသည် သူမကို ကြည့်မကောင်းဟု ပြောခြင်းကို အလွန်မုန်းတီးမှန်း လူတိုင်းသိကြ၏။ သူမသည် တစ်ချိန်တုန်းက ယခင်ဝမ်ဖေးကို တစ်ယောက်တည်း တိုက်ခိုက်နေလေ့ရှိသည်။ ကံဆိုးသည်မှာ ထိုဝမ်ဖေးက သူမကို သတိမထားမိခဲ့ပေ။ သတိထားမိခြင်းပင် မရှိခြင်းဖြစ်၏။ လက်ရှိအချိန်တွင် သူမထက် အဆင့်နိမ့်သော လုယောင်ယောင်က သူမအား လူအများရှေ့တွင် ထိုသလိုလှောင်ရဲနေ၏။ သူမက ယဲ့ကျန်းကိုလည်း လက်ညှိုးထိုးသည်။ သူမ၏မျက်နှာက ဒေါသကြောင့် ပြာနှမ်းလာ၏။ သို့တိုင်အောင် ဉာဏ်ပညာရှိစွာ မည်သို့ ပြန်တုံ့ပြန်ရမည်ဖြစ်ကြောင်း မသိပေ။
ယဲ့ကျန်းက သူမကိုပွတ်တိုက်ကာ ကျော်ဖြတ်သွားပြီးနောက် ဆွန်းဝမ်ကို ပြောသည်။
“စာမေးပွဲ သွားဖြေလိုက်ပါ ၊ ငါ နင့်ကိုဒီမှာစောင့်နေမယ်”
ဆွန်းဝမ်က မြင်းဇောင်းထဲသို့ ဝင်ရောက်သွားသောအခါ ယဲ့ကျန်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပြီး ပတ်ဝန်းကျင်မှ စူးရဲသောအကြည့်များအားလုံးကို လျစ်လျူရှု ထားလိုက်၏။ မင်းသမီးကလည်း တိတ်ဆိတ်သွားသည်။ ရုတ်တရက် သူမ၏ပတ်ဝန်းကျင်ရှိ လေထုက အနည်းငယ် ပျော့ပျောင်းသွားသလို ခံစားလိုက်ရသည်။ ယဲ့ကျန်းကဲ့သို့ သေချာလေ့ကျင့်ခံထားရမှုကြောင့် ဂုဏ်ယူစွာ ရပ်နေသော လူမှလွဲပြီး အခြားသူများက ချက်ချင်းဆိုသလို ညင်သာသိမ်မွေ့နူးညံ့သွားကာ အရည်ပျော်ကျသွားသကဲ့သို့ ဖြစ်သွားကြသည်။
ယဲ့ကျန်း လှည့်ကြည့်သောအခါ ချက်ချင်းဆိုသလို မိန်းကလေးအများစုက သူတို့၏ လက်ကိုင်ပဝါများဖြင့် မျက်နှာကို အုပ်ထားကြောင်းမြင်ရသည်။
မြင်းစီးလျက်လာသော မော့ရုန်ရီနှင့် အနားတွင် သက်တူရွယ်တူဆယ်ကျော်သက် နှစ်ယောက်က ပါလာသည်။ ထိုထဲတွင် ကြော့ရှင်းကြည့်ကောင်းသော မြို့စားမင်းထျန်းကျန့်လည်း ပါလာ၏။
လုလင်ကျစ်က လိုက်မလာပေ။ သူ၏ခြေထောက်တွေက မြင်းစီးရလောက်အောင် လုံလောက်စွာ သန်မာခြင်း မရှိသေးပေ။ ထို့ကြောင့် သူ လဝက်ကျော်ခန့် အိမ်တွင် တစ်ယောက်တည်း မနေချင်၍သာ ထွက်လာရုံမျှသာဖြစ်၏။
မျက်နှာပေါင်းများစွာထဲမှ ယဲ့ကျန်းကို ထျန်းကျန့်က ချက်ချင်းမှတ်မိလိုက်သည်။ သူတို့ အကြည့်ဆုံသွားသည်နှင့် တစ်ယောက်က မထူးခြားသောဟန်ပန်အနေဖြင့်သာ ရှိနေသော်လည်း အခြားတစ်ယောက်ကမူ လေးစားမှုများ ပြည့်နှက်သွားခဲ့၏။ မည်သို့ပင်ဆိုစေ ယဲ့ကျန်းက လာရောက်သော မြို့စားများကို တစ်ချက်မျှသာလျှင် ခေါင်းညိတ်ပြလိုက်သည်။
“ဟေး မင်း မင်းဒီနေရာကို လာတယ်”
မော့ရုန်ရီက ငယ်ရွယ်ပြီး ခံ့ညားချောမောပြီး မရင့်ကျက်သောအမူအရာမျိုးဖြင့် ယဲ့ကျန်းကို လက်ညှိုးညွှန်ပြသည်။ ယဲ့ကျန်းက မျက်မှောင်အနည်းငယ်ကြုတ်ပြီးနောက် တုံ့ဆိုင်းလျက် အမျိုးသမီးများအားလုံးကို ဖြတ်ကျော်သွားလိုက်၏။
“မင်း ဒီမင်းသားကို မှတ်မိသေးလား”
မော့ရုန်ရီက သူ့ကို တစ်ကြိမ်က ကယ်ခဲ့ဖူးသော ထိုအမျိုးသမီးကို ကြည့်သည်။ သူမက လုလင်ကျစ်၏ညီမဖြစ်ဟန်ရ၏။ ထို့ကြောင့် သူ ထိုနေ့က ပေးမည့်ရွှေပြားများကို မလိုချင်နေသည်မှာ အံ့ဩစရာမရှိပေ။ သူ၏ငယ်ရွယ်သောစိတ်က ပြောသည့် စကားများအရ သည်အမျိုးသမီးက ထို့ထက်ပို၍ လိုချင်နေခြင်း ဖြစ်လောက်၏။
“အရှင်မင်းသား ဒီသခင်မလေးက ဆန္ဒရှိမယ်ဆိုရင်တောင်မှ အရှင်မင်းသားကို မေ့ဖို့က မလွယ်ပါဘူး”
ယဲ့ကျန်းက တစ်ချက် ဦးညွှတ်လျက် မော့ရုန်ရီကို ပြုံးကာကြည့်သည်။
မော့ရုန်ရီက မျက်နှာမည်းသွားသည်။
“မင်းက သတ္တိရှိတာပဲ၊ ဧကရာဇ်ရဲ့အပြစ်ပေးမှာကိုတောင်  မကြောက်ဘဲ ဒီမင်းသားကို သာမန်မိသားစုက မိန်းကလေးတစ်ယောက်လို ပြောရဲခဲ့သေးတယ်နော်”
ယဲ့ကျန်းက အသံကို တိုးသည်။
“အရှင်မင်းသား ကျေးဇူးပြုပြီး ကျွန်မအမှားအတွက် ခွင့်လွှတ်ပါ၊ တကယ်တော့ ကျွန်မကိုယ်တိုင်ကလည်း အထက်တန်းလွှာအမျိုးသမီးတစ်ယောက်လို မြင်ဖို့ ခက်ခဲနေသေးလို့ပါ”
“မင်းက ဒီလောက်တော်တာပဲ၊ ဝမ်ဖေးလုက ထက်မြက်ပြီး ညင်သာသိမ်မွေ့တယ်၊ မင်းကတော့ တကယ်ကို ဆိုးရွားတဲ့ညီမဖြစ်သွားပြီ”
မော့ရုန်ရီက ပြောသည်။ သူက နှုတ်ခမ်းစူလျက် သူ၏ဖောင်းကားနေသော လက်မောင်းလေးများကို ပိုက်ထား၏။
“အရှင်မင်းသားကို ပြန်ဖြေပါတယ်၊ ဒီသခင်မလေးက ငယ်ရွယ်စဉ်ကတည်းက နယ်မြို့မှာပဲ ကြီးလာတာပါ၊ ဒါကြောင့် ငယ်ရွယ်စဉ်ကတည်းက ရိုင်းစိုင်းကြမ်းတမ်းတဲ့ သဘောသဘာဝနဲ့ ကျွမ်းဝင်နေခဲ့တာပေါ့၊ ဒါကြောင့် အရှင်မင်းသား ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ”
ယဲ့ကျန်းက လုဝူရှန်းနှင့် နှိုင်းယှဉ်ခံရသည့်အတွက် မပျော်တော့ပေ။
ထျန်းကျန်းက ပေါ့ပါးစွာ ချောင်းဟန့်သည်။ အချိန်တစ်ခု ကုန်လွန်ပြီးသည့်တိုင် သည်မင်းသားက ယဲ့ကျန်းနှင့် စကားများနေသည့်အတွက် သူ မသက်မသာဖြစ်လာရ၏။
“အရှင်မင်းသား သူ့ကို ကြည့်နေတဲ့ မျက်လုံးပေါင်းများစွာရှိပါတယ်၊ သခင်မလေးလုကို စာမေးပွဲဖြေဆိုနေချိန်မှာ သိက္ခာကျအောင်တော့ မလုပ်ပါနဲ့”
“မင်း အေ ဘယ်နှစ်လုံးရပြီးပြီလဲ”
မော့ရုန်ရီက သူ၏အသက်ကိုကယ်ခဲ့ဖူးသော သည်အမျိုးသမီးအကြောင်း ပြန်တွေးမိသောအခါ ခက်ခဲအောင် မလုပ်ချင်တော့ပေ။ ထို့ကြောင့် အကြောင်းအရာကို ပြောင်းသည်။ ယဲ့ကျန်းက လက်ညှိုးတစ်ချောင်းထောင်ပြသည်။
“တစ်လုံးတည်းပါ”
မော့ရုန်ရီက ရယ်သည်။
“မင်းက ရူးတယ်လို့တော့ မထင်ဘူး၊ ဘာလို့ အေတစ်လုံးတည်း ရထားတာလဲ”
“ကျွန်မရဲ့အေက ကျွန်မ ပထမဆုံးဖြေဆိုတဲ့ စာမေးပွဲနှစ်ခုထဲကမှ တစ်ခုကိုပြောတာပါ”

လူအုပ်က ဆွံ့အသွားသည်။
အေက ရဖို့ ဒီလောက်လွယ်တယ်လား။
ယဲ့ကျန်းက သိပ်မကြာခင်တွင် စစ်ဆေးမှုကို ပြီးဆုံးသွားပေလိမ့်မည်။ ကံကောင်းသည်မှာ မည်သူကမျှ သူမ၏ ထူးချွန်သော အထက်တန်းလွှာတစ်ယောက်၏ စံနှုန်းကို မမြင်လိုက်ကြရပေ။ သူမက ယဲ့ကျန်းလောက် မတော်လျှင်ပင် အေကိုရအောင် လုပ်နိုင်သေးလေ၏။
ယဲ့ကျန်းက ထျန်းကျန့်၏ငွေရောင်ကြာပွတ်ကို အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် မြားပစ်ရာတွင်လည်း နောက်ထပ်အေတစ်လုံးကို ထပ်ရရန်က မခက်ခဲပေ။ သူမ၏တတိယမြောက်မြားက အနီရောင်နှလုံးသားကို ထိသွားချိန်တွင် လူတိုင်း အေးခဲသွားကြ၏။
“ကြည့်ရတာ သူ့ မြားပစ်စွမ်းရည်ကလည်း တော်တာပဲ”
မော့ရုန်ရီက နီရဲနေသော ပါးများကို ပွတ်လျက် ပြုံးသည်။
“မင်းသားငယ်က မသိပါဘူးလား၊ တတိယသခင်မလေးလုက တစ်ချိန်က မြို့စားမင်းထန်းနဲ့တောင် ပြိုင်ခဲ့ပြီး မြို့စားမင်းထန်းရဲ့ ငွေရောင်ကြာပွတ်ကိုတောင် အနိုင်ရသွားခဲ့တဲ့သူပါ”
မြို့စားမင်းအနားတွင်ရှိနေခဲ့သော လူငယ်ဟူဖိုင်က စိတ်လှုပ်ရှားစွာ ဝင်ပြောလာသည်။
သူက ထိုအမဲလိုက်ပွဲတွင်လည်း ရှိခဲ့သည်။ ထျန်းကျန့်၏မိတ်ဆွေကောင်းဖြစ်၏။
မော့ရုန်ရီက ထျန်းကျန့်ကို အံ့အားတကြီးကြည့်သည်။
“တကယ်လား”
“ကျွန်တော် သူမနဲ့အမဲလိုက်ယှဉ်ပြိုင်ချိန်မှာ သခင်မလေးလုဆီမှာ ရှုံးသွားခဲ့တာပါပဲ”
ထျန်းကျန့်က ယဲ့ကျန်းအား တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်သည်။
ယဲ့ကျန်းက သူတို့၏စကားတိုင်းကို လျစ်လျူရှုထားသည်။ သူမ၏ကတ်ကို ပြန်ရပြီးနောက် သူမက နောက်ထပ်အေတစ်လုံးကို ကျေနပ်စွာ ကြည့်လိုက်သည်။
လက်ရှိအချိန်တွင် စစ်ဆေးမှုတစ်ခုသာလျှင် ကျန်ရစ်တော့လေသည်။ ထို့အပြင် ဂီတ၊ စာပေနှင့် အခြားသော စစ်ဆေးပွဲများကိုလည်း ဖြေဆိုရန်လိုအပ်နေသေး၏။ သူမ၏မူလခန္ဓာကိုယ်တွင်ဆိုလျှင် သူမက စာပေပညာတွင် အတော်ဆုံး ဖြစ်သည်။ သို့ရာတွင် လုယောင်ယောင်အတွက်မူ ထိုသို့ ဖြစ်၍မရပေ။
လုယောင်ယောင်၏လက်ရေးက လှပခြင်းမရှိပေ။ သူမကသာ ရုတ်တရက် အလွန်လှသော လက်ရေးများကို ရေးလိုက်ပြီး ကဗျာများ ရေးစပ်ပြလိုက်မည်ဆိုလျှင် အံ့အားသင့်စရာ ကောင်းသွားပေလိမ့်မည်။
“အရင်ဆုံး စာပေစစ်ဆေးပွဲကို သွားရအောင်”
ယဲ့ကျန်းက ဆွန်းဝမ်ကိုပြောသည်။
အေနှစ်လုံးရထားသော ဆွန်းဝမ်ကလည်း ပျော်ရွှင်စွာဖြင့် ယဲ့ကျန်းနှင့်အတူ ထွက်သွားသည်။
မော့ရုန်ရီက ထွက်သွားသောယဲ့ကျန်းကို မြင်သောအခါ ထျန်းကျန့်ကို လှည့်ပြောသည်။
“ဒီမင်းသား ဒီနေ့ အမဲမလိုက်တော့ဘူး၊ ဒီမင်းသားက ဒီနေရာမှာ စောင့်နေပြီး သခင်မလေးလု အေဘယ်နှစ်လုံးရမလဲဆိုတာကို ကြည့်မယ်၊ တစ်စုံတစ်ရာတွေ ဖြစ်ပျက်လာတာမျိုးမရှိရင် သူ အကယ်ဒမီကို ဝင်ရောက်ဖို့အတွက် လျန်း ၁၂၀၀ တန်ကြေးကတော့ လောင်းကြေးထပ်ရမှာပဲ”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now