Part 102

1K 95 2
                                    

Unicode
အပိုင်း (၁၀၂)
လုလင်ကျစ်က အခန်းအတွင်း တစ်ခဏခန့်ထိုင်ပြီးမှသာ လုရှန်းကျစ်ကို ပြောပြီး အရှေ့ဘက်ခြံဝင်းထဲ ခေါ်သွားရန် စဉ်းစားထားသည်။  သည်နေရာတွင် သူတို့၏မိသားစုမှ သခင်မလေးများနှင့် ချန်းညီအစ်မများ ရှိနေရာ သူတို့က သည်နေရာတွင် အပြင်လူများလို ခံစားရ၏။
ထိုနှစ်ယောက်က အရှေ့ဘက်ခြံဝင်းတွင် စောင့်ဆိုင်းနေပြီး ညအချိန် လူအများ စုစည်းသွားသည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်ကြ၏။
“မနက်က သမီးတို့ ယုန်အနည်းငယ်ကို သွားပြီး အမဲလိုက်ခဲ့ကြသေးတယ်၊ ရစ်ငှက်တွေလည်း ပါတယ်၊ ညဘက်ကျရင် သိုင့်မေ့နဲ့သမီးတို့ ရေပူစမ်းမှာ စိမ်ကြတာ၊ အဖွား အဖွား နောက်တစ်ကြိမ်ကျရင် သမီးတို့နဲ့ လိုက်ခဲ့သင့်တယ်၊ ရေပူစမ်းက အရမ်းကို သက်တောင့်သက်သာရှိစေတယ်၊ သမီးရဲ့အသားအရေတွေ ကောင်းလာတာပဲ ကြည့်လေ၊ အဖွားလည်းမြင်တာပဲ၊ သမီးအရင်ကလို မဲမနေတော့ဘူး၊ သမီး မြို့တော်ကိုပြန်လာခဲ့တဲ့ အချိန်တုန်းကဆိုရင် သမီးကိုယ်သမီး မိန်းကလေးတစ်ယောက်လိုမြင်ဖို့ မနည်းကြိုးစားခဲ့ရတယ်”
ယဲ့ကျန်းက သခင်မကြီးလုနှင့် စကားပြောနေသည်။ သူမ၏တက်ကြွသောအသံက စကားဝိုင်းတစ်ခုလုံးကို ဦးဆောင်ထား၏။
သိချင်စိတ်ပြင်းပြနေသော သခင်မကြီးလုက လက်ဆန့်တန်းလျက် ယဲ့ကျန်း၏ပါးလေးကို ညှစ်သည်။ နူးညံ့သော တိုဟူးသားကို ထိရသကဲ့သို့သော ခံစားချက်မျိုးရ၏။ ထို့နောက် သူမက လုဖန်းကို ကြည့်ပြီး ပြောလိုက်သည်။
“မင်းတို့တွေ ယောင်ယောင်နဲ့အတူ ကျွင်းကျစ်ကို လိုက်သွားခဲ့သင့်တာ၊ ဒီလိုဆိုရင် ကဗျာစာဖတ်ပွဲမှာ တွေ့ဆုံတဲ့အခါ မင်းတို့က လူတိုင်းထက် ပိုလှနေကြလိမ့်မယ်”
“သမီးရဲ့အဒေါ် ပြောတဲ့အတိုင်းဆိုရင် ကျွင်းကျစ်က သိပ်မဝေးဘူးဆိုတော့ သမီးတို့ သွားလို့ရပါသေးတယ်”
ချန်းချုံပင်းက စိတ်ထဲတွင် မနာလိုကြီးစွာ ဖြစ်နေသည်။ သူမ အလိုချင်ဆုံးက သူမ၏အသားအရေက ကျောက်စိမ်းကဲ့သို့ ဖြူဖျော့နေခြင်းကိုသာလျှင်ဖြစ်သည်။
ယဲ့ကျန်းက ရယ်သည်။ သူမက မသိဟန်ဆောင်ထားလျက် သခင်မကြီးလုကိုသာ ကြည့်ပြီး စကားပြောပေးနေလိုက်၏။
ယခင်က လုကျင်းသည် ယဲ့ကျန်းကို သဘောမကျဘူးဆိုလျင် ယခုယဲ့ကျန်းကို ပို၍ပင် မနှစ်မြို့မိသေး၏။
ငါ အရင်က ရေပူစမ်းကို မသွားဖူးတာလည်းမဟုတ်ဘူး၊ ငါ ရေပူစမ်းရေတွေအားလုံးကို သောက်လိုက်မယ်ဆိုရင်တောင်မှ လုယောင်ယောင်လို သက်ရောက်မှုမရှိမှာ သေချာနေတာပဲ။
သူမက စိတ်ထဲတွင် ဒေါသထွက်နေခဲ့သည်။ ယဲ့ကျန်းက သခင်မကြီးလုကို ခွံ့ကျွေးနေမည့်အကြောင်းကို ပြန်တွေးတောမိပြီး ချန်းညီအစ်မများက အသုံးမကျဟု ခံစားမိသွား၏။
ငါ မသွားဘူး၊ ဆောင်းတွင်းလယ်ပွဲက ရောက်လာတော့မယ်၊ အကယ်ဒမီမှာ လုပ်စရာတွေ အများကြီးရှိနေတယ်၊ ငါ မြို့တော်ကနေ ထွက်သွားလို့မရသေးဘူး။
အကယ်ဒမီက စတင်တော့မည်ဖြစ်သည်။ ဒီနှစ်တွင် လုကျင်းက သာမန်ကုန်သည်မိသားစုမှ သမီးတစ်ယောက်သက်သက် မဟုတ်တော့ပေ။ သူမက အထက်တန်းလွှာ သခင်မလေးတစ်ယောက် ဖြစ်သွားလေပြီ။ ယခင်က သူမကို အထင်သေးရှုံ့ချခဲ့သူများအားလုံးက သူမထံမှ မျက်နှာသာရရန် ကြိုးစားရတော့မည်ဖြစ်၏။
သည်လိုဘဝမျိုးက မနက်ဖြန်တွင် စတင်ရရှိတော့မည်ဖြစ်လေရာ သူမ အလွန်မျှော်လင့်စောင့်စားနေ၏။ အထူးသဖြင့် မနက်ဖြန်ကလည်း ဆေးဝါးအကယ်ဒမီကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရတော့မည့်နေ့ဖြစ်သည်။ ညီမတစ်ယောက်အနေနှင့် လုယောင်ယောင် စာမေးပွဲဖြေနေခြင်းကို သွားကြည့်ရပေမည်။
ချန်းချုံပင်းက အနည်းငယ် စိတ်ပျက်သွားသည်။ ထိုနေ့က ယဲ့ကျန်းနှင့်အတူ ကျွင်းကျစ်သို့ မလိုက်သွားခဲ့မိသည်ကို နောင်တရသွား၏။ သူမကသာ လိုက်သွားခဲ့လျှင် သူမ လုလင်ကျစ်ကို ဂရုစိုက်၍ရသည်။
“ဘာပဲဖြစ်ဖြစ် ကျွင်းကျစ်က အမြဲတမ်း အဲဒီမှာရှိနေမှာပါပဲ၊ မင်းတို့တွေ ကြိုက်တဲ့အချိန် သွားလို့ရတယ်”
သခင်မကြီးလုက အပြုံးနှင့်ပြော၏။
ထို့နောက် ယဲ့ကျန်းကို တစ်ဖန်လှည့်ကြည့်လိုက်ပြန်ကာ သူမ၏မျက်ဝန်းများက တွန့်ကွေးသွားတော့သည်။
“ယောင်ယောင်က စာမေးပွဲဖြေတော့မှာဆိုတော့ တို့တွေအားလုံး သူမကို ထောက်ပံ့ပေးရမယ်”
ယဲ့ကျန်း၏မျက်နှာက နီရဲသွားသည်။
“အဖွား သမီးက မိသားစုကို အရှက်ခွဲသလို ဖြစ်မှာကိုပဲ စိုးရိမ်မိပါတယ်”
သူမ ထိုစကားပြောလိုက်ချိန်တွင် မိသားစုမှ ဒုတိယသခင်မလေးလုဖန်းက ရယ်သည်။
“တတိယညီမရဲ့ရုပ်သွင်တစ်ခုတည်းနဲ့တင် လုမိသားစုတစ်ခုလုံးရဲ့ဂုဏ်ကို တိုးတက်စေနေပြီ၊ တတိယညီမသာ ဒီအတိုင်း အပြင်ကို ထွက်သွားခဲ့ရင် တို့တွေ ဘယ်လိုများ မျက်နှာပြရမှာတဲ့လဲ”
ထိုစကားက ယဲ့ကျန်း၏လှပမှုကို ချီးကျူးနေသည်ဟု ထင်ရသော်လည်း ထိုသို့မဟုတ်ပေ။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now