part 67

1.6K 124 2
                                    

Unicode

အပိုင်း (၆၇) သူမ၏နာမည်အပေါ် မကောင်းသတင်းဖြန့်ခြင်း(၁)
လုရှီမင်က သခင်မကြီးလုကို ကိုယ်တိုင်ကိုယ်ကျသွားပြောကာ ဖေးရှီနှင့်ကလေးများကို ရေပူစမ်းသို့ ရက်အနည်းငယ် ခေါ်သွားမည်ဟုဆိုသည်။ အံ့အားသင့်စရာကောင်းလောက်အောင် သခင်မကြီးလုက သည်အကြောင်းအရာကို နားလည်ထားဟန်ရ၏။ သည်ရက်ပိုင်းအတွင်း အလုပ်များနေသော မောင်နှမနှစ်ယောက်က ရေပူစမ်းသို့သွားရောက်ကာ အနားယူနိုင်ပေလိမ့်မည်။
သို့ရာတွင် သခင်မကြီးလုက သခင်မလေးများကိုပါ ခေါ်သွားရန်ပြောထားသေး၏။ ယဲ့ကျန်းက သည်စကားကြောင့် စိတ်ပျက်သွားရသည်။ သူမက မိသားစုကို ခေါ်ကာ စိတ်အေးလက်အေး သွားနေချင်၍ဖြစ်သော်လည်း စိတ်ရှုပ်ဖွယ်ကောင်းသည့်အရာများက ပါလာမည့်ပုံရသည်။
ကောင်းကင်ဘုံရေ ကျေးဇူးပြုပြီး ငါ့အတွက်ကောင်းပေးပါ။
အကြံတစ်ခုနှင့်အတူ သခင်မကြီးလုက လုကျင်းနှင့်လုဖန်းတို့ကိုပင် သွားရှာကာ ကိုယ်တိုင်ကိုယ်ကျ မေးသေးသည်။ သူတို့ရေပူစမ်းသို့ သွားချင်သလောဟု ပြော၏။
“အဘွား သမီးတို့ သွားချင်ပါတယ်၊ ဒါပေမဲ့ မနေ့ကပဲ ဝန်ကြီးချုပ်ရှီမိသားစုက ဒုတိယသမီးရဲ့ဖိတ်ကြားလွှာကို လက်ခံရရှိထားတယ်၊ မနက်ဖြန်ကျရင် သမီးတို့အားလုံး ကဗျာစာပေတွေ့ဆုံပွဲကို သွားကြမှာ၊ သမီးတို့ ပိုင်ဟွားဥယျာဉ်ကိုသွားပြီး ပန်းတွေကိုရှုစားဖို့လည်း အစီအစဉ်ရှိပါသေးတယ်”
လုကျင်းက ပြောသည်။ သူမက ရေပူစမ်းသို့သွားရန် စိတ်မဝင်စားပေ။ အထူးသဖြင့် ယဲ့ကျန်းကို အဖော်ပြုခြင်းကို ဖြစ်သည်။
သခင်မကြီးလုက သူမကိုဖိအားမပေးဘဲ ယဲ့ကျန်းကိုမေးသည်။
“ယောင်ယောင် သမီး ရေပူစမ်းကိုသွားချင်လား၊ သူတို့နဲ့အတူ လိုက်သွားချင်လား”
ဝန်ကြီးချုပ်ရှီမိသားစုက ဒုတိယသမီးဆိုတော့ ရှို့ဟွိုင်ယူလား။
သူမနှင့်ယဲ့ကျန်းတို့က ယခင်က အကယ်ဒမီတွင် အတူ စာပေလေ့လာခဲ့ခြင်းဖြစ်ကာ နှစ်ယောက်လုံးက စာပေပညာတွင်ဖြစ်စေ၊ ပန်းချီပညာတွင်ဖြစ်စေ အလွန်ထူးချွန်သည်။ ရှို့ဟွိုင်ယူက ယဲ့ကျန်းကို အမြဲမကြည်မသာဖြစ်နေခဲ့ကာ သူမ အမြဲသာကြောင်း သက်သေပြရန်ကြိုးစားလေ့ရှိ၏။
“အဘွား သမီး မသွားချင်ပါဘူး၊ သမီးက ပန်းချီလည်း မဆွဲတတ်သလို ကဗျာစပ်တဲ့နေရာမှာလည်း မတော်ဘူးလေ၊ အဲဒီကိုသွားတာက စတုတ္ထညီမကိုပဲ အရှက်ကွဲစေပါလိမ့်မယ်၊ သမီးနောက်မှပဲ လေ့လာလိုက်ပါ့မယ်”
ယဲ့ကျန်းက အပြုံးဖြင့်ပြောသည်။ သူမ၏ သည်မုန်းတီးဖွယ်ကောင်းသော ညီမ၊ အစ်မများရှေ့တွင် ကိုယ့်ကိုယ်ကို နှိမ့်ချထားရ၏။
ခေါင်းခါကာ ခပ်တိုးတိုးရယ်ပြီးနောက် လုကျင်းက ယဲ့ကျန်း၏စကားကြောင့် ကျေနပ်သွားဟန်ရသည်။
“တတိယညီမမှာ မသွားပိုင်ခွင့်ရှိပါတယ်”
သည်မြေးမများ၏ ဆုံးဖြတ်ချက်ကြောင့် မသက်မသာ ဖြစ်သွားသော်လည်း ဆက်လက်၍ ဆွဲဆောင်နိုင်ခြင်း မရှိကြောင်း မြင်သောအခါ သခင်မကြီးလုက ဆက်မပြောတော့ပေ။
“ကောင်းပြီ၊ ဒါဆိုလည်း ငါ့ရဲ့ဒုတိယချွေးမက ယောင်ယောင်နဲ့ ရှန်းအာတို့ကိုခေါ်ပြီး ရေပူစမ်းမှာ ရက်အနည်းငယ်လောက် သွားနေကြပေါ့။"
ထိုသို့ဖြင့် ယဲ့ကျန်း၏စိတ်အခြေအနေက တက်ကြွသွားသည်။ သူမ၏နှုတ်ခမ်းများက ကော့တက်နေတော့ကာ ပြုံးနေတော့၏။
ဖေးရှီက ဒါကိုမြင်သောအခါ သူမ၏သမီးက ရေပူစမ်းကို အလွန်ချစ်မြတ်နိုးကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် အစေခံများကိုပင် အမိန့်ပေးကာ လိုအပ်သမျှကို ပြင်ဆင်ခိုင်းလိုက်တော့သည်။
ရေပူစမ်းကို မနက်ဖြန်နေ့လယ် ထွက်သွားလျှင် အကောင်းဆုံးဖြစ်သည်။ ညဘက်တွင်ဆိုလျှင် လမ်းခရီး၌ အန္တရာယ်များနိုင်၏။
ယဲ့ကျန်းက စိတ်အခြေအနေကောင်းနေခဲ့ကာ သခင်မကြီးလုကို ကြည်သာစွာပြုံးပြသည်။
“အဘွား အဘွားလည်း သမီးတို့နဲ့အတူ လိုက်လာသင့်တယ်နော်၊ သမီး ကြားထားတဲ့အတိုင်းဆိုရင် ရေပူစမ်းက အဘွားကို ပိုပြီး လှစေနိုင်တယ်၊ သမီးတို့ ပြန်လာရင် အရမ်းလှနေမှာလေ”
“ဟား ဟား ဒီအဘွားက ဒီတစ်ကြိမ် မလိုက်တော့ပါဘူး၊ ဒါပေမဲ့ မြေးပိုပြီးလှလှလေး ပြန်လာရင် အဆင်ပြေနေပါပြီ”
သခင်မကြီးလုက ပျော်ရွှင်နေသည်။
လုကျင်းက အထင်တသေး လျှို့ဝှက်စွာ တွေးလိုက်၏။ သူမ၏ လက်များက လက်သီးဆုပ်အဖြစ် ပြောင်းလဲသွားကာ သခင်မကြီးလုက ယဲ့ကျန်းကြောင့် ရယ်နေခြင်းကို ကြည့်သည်။
ရေပူစမ်းထဲမှာ ရေစိမ်ရုံနဲ့လှသွားမယ်ဆိုရင် လောကမှာ ရုပ်ဆိုးတဲ့သူတွေတောင် ရှိနေပါတော့မလား။
ယဲ့ကျန်းက သူမ၏အဆောင်သို့ ပြန်ရောက်သောအခါ သိုင့်မေ့ကို ပြောကာ သူမ၏ပစ္စည်းများကို ထုပ်ပိုးခိုင်းသည်။ ထို့နောက် ဆရာမရှန်းဆီသို့ ကိုယ်တိုင်ကိုယ်ကျသွား၍ ဖိတ်ခေါ်၏။
သူမက ယခင်ကတည်းက အရိပ်အမြွတ် ပြောပြီးသားဖြစ်သည်။  ဆရာမရှန်းတွင်လည်း ပြဿနာမရှိပေ။ သူမအတွက် မည်သည့်နေရာတွင်မဆို စာသင်နိုင်လေသည်။ိ
လမ်းခရီးရှိ ဥယျာဉ်တော်အတွင်းတွင် အခြားသောသခင်မလေးများက ကုချင်းများ တီးခတ်နေကြောင်း သူမ ရှာတွေ့ခဲ့သေးသည်။ ချန်းညီအစ်မများက ယာယီအားဖြင့် သည်စံအိမ်တွင် နေနေခဲ့၏။ သူတို့နှင့်အတူ လုကျင်း၊ လုဖန်းတို့ကလည်း ရှိနေခဲ့ကာ သူတို့၏မျက်နှာများက အလွန်တောက်ပနေပြီး စကားပြောနေကြ၏။ သေချာသည်မှာ သူတို့ပြောနေသောအကြောင်းက ယဲ့ကျန်းအကြောင်း ဖြစ်ပေလိမ့်မည်။ သူတို့ထံတွင် မနာလိုမှုများက ပြည့်နှက်နေခဲ့၏။
“တတိယညီမက ရေပူစမ်းကို သွားမှာက ကဗျာစာပေပွဲကို ရှောင်ချင်လို့မဟုတ်လား”
ချန်းလီပင်းက သံသယအပြည့်ဖြင့် ပြောသည်။
“အစ်မလီပင်း ဒီလိုမပြောပါနဲ့၊ ဒါက တတိယညီမကို နာကျင်စေပါဦးမယ်"
လုကျင်းက လှောင်ပြောင်စွာ ရယ်သည်။
“တတိယအစ်မက အမျိုးသမီးအကယ်ဒမီကို ဝင်ခွင့်ရတဲ့အချိန်ကျရင် ဒီလိုပွဲမျိုးတွေကို တစ်ခါမှ တက်ရဲမယ်မထင်ဘူး၊ ဒါပေမဲ့ သူ တက်ကိုတက်ရမှာပါပဲ”
ချန်းချုံပင်းက ပို၍ တည်ငြိမ်သည်။ သူမက ဘာစကားမျှ မဆိုပေ။
ယဲ့ကျန်းက ဂရုတစိုက်ကြည့်ပြီးနောက် ပြုံးကာ ပြောသည်။
“တို့ စာမေးပွဲတောင် မအောင်သေးဘူး၊ ဒီတော့ ဒီအကြောင်းအရာတွေ ပြောဖို့ မလိုအပ်သေးပါဘူး၊ အနည်းဆုံး ဒီအကြောင်းအရာတွေ မပြောတာက ငါ့ကို အရှက်မကွဲစေဘူးပေါ့”
“အခု အချိန်အထိ ငါတို့ကို တိတ်တိတ်နေခိုင်းနေသေးတာလား၊ ပန်းရှုစားခြင်းတွေ့ဆုံပွဲတုန်းက လူအများစုက ငါတို့မိသားစုရဲ့ တတိယသခင်မလေးဖြစ်တဲ့ နင်က စာလုံးရေတစ်ထောင်ကျော်လောက်ပဲ တတ်ထားပြီး ဝင်ခွင့်စာမေးပွဲကို ဖြေဖိုကြိုးစားနေတယ်ဆိုတာ သိသွားကြတယ်လေ၊ တတိယအစ်မ လူတွေက နင့်အကြောင်း လျှို့ဝှက်စွာနဲ့လောင်းကြေးတောင် ထပ်နေကြပြီ”
လုကျင်းက ပြောသည်။
သိုင့်မေ့က ယဲ့ကျန်း၏အနားတွင်ရှိနေခဲ့ရာမှ ထိုသတင်းကြောင့် အေးခဲသွားသည်။
“လောင်းကြေးထပ်တယ်၊ ဘာကို လောင်းကြေးထပ်တာလဲ”
ယဲ့ကျန်းက မယုံနိုင်သလို ပြောလာသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now