Part 86

1.1K 118 2
                                    


Unicode

အပိုင်း (၈၆) မေးခွန်း (၁)
ထျန်းကျန့် အံ့ဩသွား၏။
ပထမဆုံးအကြိမ် အချိန်ထိုမျှကြာပြီးမှ တစ်စုံတစ်ယောက်က ယခင်ဝမ်ဖေးနာမည် ထည့်ပြောလာခြင်းကို သူ ကြားလိုက်ရ၏။ သည်နေ့ သည်အချိန်တွင် အင်ပါယာရှိ မည်သူကမျှ အများပြည်သူရှေ့တွင် ထိုနာမည်ကို ထည့်ပြောရဲခြင်း မရှိကြပေ။
လုယောင်ယောင်က ဘယ်လိုသိနေတာလဲ၊ သူမက နယ်မြို့မှာပဲ ကြီးပြင်းလာခဲ့တာ မဟုတ်ဘူးလား၊ ယခင်ဝမ်ဖေးယဲ့ကျန်းကို ဘယ်လိုများသိရမှာလဲ။
“မင်းမသိဘူး၊ ယဲ့မိသားစုက ဘယ်သူကမှ ကောင်းတာမဟုတ်ဘူး၊ အထူးသဖြင့် အဲဒီဝမ်ဖေး … သူမကလည်း ကောင်းတာမဟုတ်ဘူး”
သူက ပြန်လည်ခုခံသည်။ တစ်လောကလုံးဟာ ထိုလူများသေသင့်ကြောင်း သိနေခဲ့၏။
“နင် ကိုယ်တိုင်မြင်ဖူးလို့လား”
ယဲ့ကျန်းက လှောင်ပြုံးပြုံးလိုက်၏။
လူကောင်းမဟုတ်ဘူး ဟုတ်လား။
ယဲ့ကျန်း ရယ်ချင်သွားသည်။
“နင် ဝမ်ဖေးကို မြင်ဖူးလို့လား၊ မမြင်ဖူးဘဲ သူမက ဘယ်လိုလူမျိုးလဲဆိုတာ နင် ဘယ်လိုသိမှာလဲ၊ ယဲ့မိသားစုက နတ်ဆိုးဆန်တဲ့အရာတွေအားလုံး လုပ်ခဲ့တယ်လို့ နင် ပြောတယ်၊ ဒါပေမဲ့ လူတိုင်းက အထူးသဖြင့် အပြစ်ကင်းတဲ့လူတိုင်းက အသတ်ခံရဖို့ ထိုက်တန်တယ်လို့ နင်ထင်တာလား”
ထျန်းကျန့် သူမကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။
“မင်း ဘယ်နေရာက ဘာတွေကြားလာတာလဲ၊ တစ်ယောက်ယောက်က မင်းကို အမှိုက်လိုစကားတွေ ပြောလိုက်တာလား”
ယဲ့ကျန်းက အသက်ပြင်းပြင်းရှူသည်။ ထိုစကားများ သူ့ကို ပြောလိုက်ခြင်းက သူမ စိတ်မထိန်းနိုင်၍ ဖြစ်သည်။
“အမတ်ထန်း ကျွန်မအနေနဲ့ ဒီလိုအချိန်ကြီးမှာ အမတ်ထန်းကို လက်ဖက်ရည်သောက်ခေါ်ဖို့က နောက်ကျသွားပြီလို့ထင်ပါတယ်၊ မမှောင်ခင် ပြန်လိုက်ပါတော့၊ တတ်နိုင်သမျှ မြန်မြန်ထွက်သွားရင် အကောင်းဆုံးပါပဲ”
“ယောင်ယောင်”
ထန်းကျန်းက လက်ဆန့်တန်းလျက် သူမကို ဖမ်းဆွဲထားချင်သည်။
ယဲ့ကျန်းက ထိုလက်ကိုရှောင်ကာ အေးစက်စွာပြော၏။
“အမတ်ထန်း ကိုယ့်အပြုအမူ ကိုယ်ထိန်းပါ”
“အတင်းပြောစကားတွေကို မယုံပါနဲ့၊ မင်းရဲ့ကိုယ်ပိုင်မျက်ဝန်းနဲ့ အချို့ကိစ္စတွေကို ကိုယ်ပိုင်မြင်နေရမှပဲ မင်း ယုံကြည်သင့်တယ်၊ ယဲ့မိသားစုက အပြစ်ကင်းစင်တယ်ဆိုရင် ဘာလို့ သူတို့ ခေါင်းဖြတ်အသတ်ခံရတဲ့အချိန်တုန်းက မြို့တော်က ဆန္ဒမပြကြတာလဲ၊ ဘာလို့အဲဒီအချိန်က အားလုံးက အောင်ပွဲခံပြီး မီးပန်းတွေ ဖောက်နေခဲ့ကြသေးတာလဲ”
ထျန်းကျန့်က ပြောသည်။
“နင် ထွက်သွားလိုက်တော့”
ယဲ့ကျန်းက အော်သည်။ သူ့ကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီးနောက် ကျွင်းကျစ်ဂိတ်အတွင်းသို့ လေးလံသောခြေလှမ်းများဖြင့် ဝင်ရောက်သွားခဲ့၏။
ဂိတ်တံခါးများ ပိတ်သွားသည်အထိ ထန်းကျန်း ထိုနေရာမှ မလှုပ်ရှားနိုင်ဘဲ ရပ်တန့်နေမိသည်။ တတိယသခင်မလေး၏ ရုတ်တရက်ခက်ထန်သွားသော အပြုအမူများနောက်တွင် တစ်စုံတစ်ယောက် ရှိနိုင်မှန်း သူ ပို၍ သေချာလာခဲ့၏။
ယဲ့မိသားစု …
ယဲ့မိသားစုကြောင့်ပဲ သူ အခုလို မိဘမဲ့ဖြစ်နေခဲ့ရတာ မဟုတ်လား။
လုယောင်ယောင်ကို သည်လိုအကြံအတွေးတွေရလောက်အောင် ဘယ်သူကများ သိမ်းသွင်းလိုက်တာလဲ။
သူ၏အမြင်တွင် လုယောင်ယောင်က ကျော်ကြားသောမိသားစု၏ ကပ်ဆိုးဆိုက်ခဲ့ခြင်းကို သနားနေခြင်းဟုသာ မြင်၏။
ထျန်းကျန့်က ဒါကို ပြဿနာတစ်ခုအဖြစ် သတိထားမိသွားသည်။ ဆုံးဖြတ်ချက် ပြတ်သားသောမျက်နှာဖြင့် သူက မြင်းပေါ်ပြန်တက်ပြီးနောက် လေအလျင်ကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့၏။ သူ ပြန်ရမည်။ သည်မတော်တဆဖြစ်ရပ်ကို စုံစမ်းရမည်။ ပြီးလျှင် လုလင်ကျစ်ကို သူ၏တတိယညီမအကြောင်းကို သတိပေးရပေမည်။
ကျွင်းကျစ်၏နံရံတစ်ဖက်တွင် ရှိနေသော ယဲ့ကျန်းက သူမ၏ခြေထောက်များဖြင့် မြန်ဆန်စွာ ပြေးလွှားနေခဲ့၏။ သူမ အမြန်ဆုံးထွက်မသွားနိုင်ခဲ့လျှင် သူမက နောက်ပြန်လှည့်ပြီး ထိုလူကို တစ်စုံတစ်ရာ လုပ်မိမည်ကိုစိုးရိမ်နေသည်။
တစ်လောကလုံးထက် သူမဦးလေး၏စိတ်အခြေအနေကို သူမ အနားလည်ဆုံးဖြစ်၏။ သူမ၏ဦးလေးက မည်ကဲ့သို့ဆိုးရွားသောကိစ္စကို လုပ်ခဲ့ကြောင်းကိုလည်း ယဲ့ကျန်း နားလည်သည်။ သို့ရာတွင် သူမ၏ဖခင်နှင့်အစ်ကိုကမူ သည်ကိစ္စများနှင့် ပတ်သက်ခြင်းမရှိပေ။
နောက်ပြီး ငါကရော ငါက ဘာလို့သေသင့်တာလဲ။
သူမ အချိန်အတန်ကြာ ပြေးလွှားနေခဲ့၏။ သူမခြေထောက်ပင် နာကျင်သည်အထိ အသက်ရှူရခက်ခဲလာသည်အထိ ရင်များလေးလံလာသည်အထိ ပြေးလွှားနေခဲ့၏။

သူမ မျှော်လင့်ထားသည်ထက်ပင် သည်နေ့အခြေအနေက ဆိုးရွားခဲ့၏။ သူမ တောင့်မခံနိုင်တော့သည်အထိ သူမနှလုံးသား လက်မခံနိုင်တော့သည်အထိ ဆိုးရွားလာခဲ့၏။ ထို့ကြောင့် သူမ မနေနိုင်ဘဲ ထျန်းကျန့်ကိုမေးခွန်းထုတ်ခဲ့မိသည်။ သူ၏စကားကသာ အဆင်ပြေ သင့်လျော်ခဲ့လျှင် သူမအပေါ် သဘောကျမှုကို လက်ခံကောင်း လက်ခံနိုင်လောက်သည်။
ဥယျာဉ်တော်အတွင်းရောက်ရှိပြီးနောက် ယဲ့ကျန်း သူမ၏မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်မိ၏။ သို့ရာတွင် သူမ မငိုနိုင်ကြောင်း သိလိုက်ရသည်။ အခြေအနေက ပို၍ပင် ဆိုးရွားသွားသေး၏။
မော့ရုန်ကျန်းက ငါ့ကို မမှတ်မိဘူး၊ ဒါမကောင်းဘူးလား၊ အနည်းဆုံးငါ ယဲ့မိသားစုနဲ့ပတ်သက်တာကို သူ မသိတော့ဘူးပေါ့၊ ဒီလိုဆိုရင် အနာဂတ်မှာ ကလဲ့စားချေဖို့ ပိုလွယ်သွားမှာပဲ။
“တတိယသခင်မလေး အဆင်ပြေပါရဲ့လား”
သိုင့်မေ့က ဥယျာဉ်အတွင်း ဖြတ်သွားရာမှ ယဲ့ကျန်းသည် ဒူးကို ဖက်လျက်မြေပြင်တွင် ထိုင်နေကြောင်းမြင်သောအခါ အလောတကြီး အပြေးလာသည်။
ယဲ့ကျန်းက ခြေလှမ်းသံများကို ကြားရသည်။ မော့ကြည့်လိုက်သောအခါ သိုင့်မေ့ ချဉ်းကပ်လာကြောင်း မြင်လိုက်ရ၏။
“ငါ အဆင်ပြေတယ်၊ တတိယသခင်မက ဒီရက်တွေမှာ အကြီးဆုံးအစ်ကိုကြီးနဲ့အတူ နေလိမ့်မယ်၊ တတိယသခင်မက ကိုယ်တိုင်ကိုယ်ကျ အကြီးဆုံးအစ်ကိုကို ဂရုစိုက်ပေးလိမ့်မယ်၊ ဒါကြောင့် အိမ်တော်ထိန်းဆီ သွားပြီး ဘယ်သူ့ကိုမှ မဝင်စေဖို့ပြောလိုက်ပါ”
ထျန်းကျန့် သူမကို ထပ်လာတွေ့အုံးမည်ကို သူမ နားလည်သည်။ သို့သော် သူ၏မျက်နှာကို ထပ်မမြင်ချင်တော့ပေ။
သူမသခင်မ၏လေသံအရ ထပ်၍ မနှောင့်ယှက်သင့်တော့ကြောင်း သိုင့်မေ့ နားလည်သည့်အတွက် ဂါရ၀ပြုပြီးနောက် အပြေးထွက်သွားသည်။
ယဲ့ကျန်းသည် မတ်တတ်ရပ်နိုင်ရန် ကြိုးစားပြီးနောက် သူမ၏အဆောင်တော်သို့ ပြန်သည်။ အဝတ်အစားများ လဲလှယ်ပြီးနောက် ဆရာမရှန်းကို သွား၍ရှာ၏။
ဆရာမရှန်းက လုလင်ကျစ် ဒဏ်ရာရကြောင်း ကြားသောအခါ သူမ၏မျက်ဝန်းများက တောက်ပသွား၏။ သို့ရာတွင် မပြင်းထန်ကြောင်းသိသောအခါ မျက်လုံးများက ပြန်မှိန်သွားသည်။
“ဆရာမ ကျွန်မ အကယ်ဒမီဝင်ခွင့်စာမေးပွဲမဖြေခင်အထိ ကျွင်းကျစ်မှာ နေကြရအောင်”
ယဲ့ကျန်းက အကြံပြုသည်။ မြို့တော်သို့ မပြန်ချင်သေးပေ။
“ကောင်းပြီ”
ဆရာမရှန်းသည်လည်း လက်ခံသည်။ မည်သို့ပင်ဆိုစေ မည်သည့်နေရာတွင်မဆို ဆန္ဒရှိနေလျှင် သင်ကြားခြင်းက ပြဿနာမရှိနိုင်ချေ။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now