part 54

1.4K 152 1
                                    

Unicode
အပိုင်း (၅၄) ချန်းညီအစ်မများ(၁)
ထိုသခင်မလေးနှစ်ယောက်က သခင်မကြီးလု၏မိခင်မျိုးဆက်မှ ဖြစ်သည်။ လုမိသားစုက ကျော်ကြားလာခြင်းမရှိခင်ကဆိုလျှင် ချန်းမိသားစုက သူတို့နှင့် ဆက်ဆံခြင်းပြုလေ့မရှိပေ။ သို့သော် လက်ရှိအချိန်တွင်မူ သူတို့၏ လုမိသားစုအပေါ် ထားသော သဘောထားများက ပြောင်းလဲသွားခဲ့ချေပြီ။
လုကျင်းက အကယ်ဒမီမှ အခြားသော ကျောင်းသူများအကြောင်း ထည့်သွင်းပြောလာကြောင်းကို မြင်လိုက်ကတည်းက ယဲ့ကျန်းက ပြုံးလိုက်သည်။
“ကောင်းလိုက်တာ၊ နောက်ဆုံးတော့ အကယ်ဒမီမှာ အတူပျော်ရဖို့ အစ်မနှစ်ယောက် ထပ်ရပြီပဲ”
ချန်းချုံပင်းက ယဲ့ကျန်းကို တစ်ချက်ကြည့်ပြီးနောက် ပြုံးသည်။
“တို့များ အကယ်ဒမီကိုဝင်ခွင့်ရတာနဲ့တင် ကံကောင်းလွန်းနေပါပြီ”
လူတိုင်း သိထားကြသည်မှာ အမျိုးသမီးအကယ်ဒမီကို ကံကောင်းမှုဖြင့် မဝင်နိုင်ပေ။ ချန်းညီအစ်မများအားလုံးက ငယ်စဉ်ကတည်းက ဘက်စုံတတ်မြောက် ကျွမ်းကျင်ရန် မိသားစုက ကောင်းစွာ ထိန်းကျောင်းပေးခဲ့ကြသည်။ သာမန်မိသားစုမှ လူများဖြစ်သည့်အလျောက် ချန်းညီအစ်မများအနေဖြင့် အထက်တန်းလွှာမိသားစုမှ အမျိုးကောင်းသားများနှင့် လက်ထပ်ရန် ခက်ခဲနိုင်၏။ ထို့ကြောင့် သူတို့ လုပ်ဆောင်မှုအားများဖြင့်သာ ကြိုးစားရယူရသည်။
အမျိုးသမီးအကယ်ဒမီ၏ နာမည်ကိုသာ သူတို့ ထည့်သွင်းနိုင်မည်ဆိုလျှင် အဆင့်အတန်းမြင့်မားပြီး ကျော်ကြားမှု ရရှိရန် အခွင့်ကောင်းဖြစ်နိုင်ကြောင်း သူတို့ကိုယ်သူတို့ သတိပေးထားရ၏။ အမှန်ပင် သူတို့ အောင်မြင်ခဲ့သည်။
သို့သော် သူတို့ မမျှော်လင့်ထားသည်မှာ လုကျင်းက သူတို့ထက်သာနေခဲ့ခြင်းဖြစ်ကာ သူတို့၏ကျော်ကြားမှုအားလုံးကို သိမ်းယူသွားခဲ့၏။ သို့ရာတွင် ယခု တတိယသခင်မလေး ရှိလာခဲ့ပြီဖြစ်ကာ သူမက နယ်မြို့မှ ပြောင်းလာကာစဖြစ်သည်။ ထို့ကြောင့် ချန်းသခင်မလေးများက သူမကို ကိုင်တွယ်ချင်နေကြ၏။ ဒါက သူတို့ တောက်ပရမည့်အချိန်ဟုပင် ထင်နေကြသည်။
သူတို့၏စိတ်တွင် ယဲ့ကျန်းက စာမေးပွဲတွင် ကိုယ့်ကိုယ်ကို အရူးလုပ်ပြီး လူအများစုက သူမအကြောင်းဆွေးနွေးကာ ချန်းညီအစ်မများနှင့်နှိုင်းယှဉ်ရန် မျှော်လင့်နေကြသည်။ ထိုသို့ဆိုလျှင် သူတို့၏ ကျော်ကြားသောပါရမီအားက လူထု၏အသိအမှတ်ပြုခြင်းကို ရရှိပေမည်။
ထိုအကြောင်းအရာကို တွေးပြီးနောက် ချန်းချုံပင်းက တောက်ပသောအပြုံးကို ထုတ်ဖော်လိုက်ကာ ယဲ့ကျန်းကို ကြင်နာစွာ ကြည့်လိုက်သည်။
“တတိယညီမက တို့နဲ့အတူ သိပ်မကြာခင်မှာ အတူသင်ကြားနိုင်မယ်ဆိုရင် ပိုကောင်းမှာပါပဲ”
ယဲ့ကျန်းက ခပ်ဖျော့ဖျော့ မျက်မှောင်ကြုတ်ပြီးပြောသည်။
“ကံဆိုးတာက တို့က ဆေးဝါးအကယ်ဒမီကျောင်းတော်ကို ဝင်ခွင့်ဖြေမှာလေ၊ ဆိုတော့ အစ်မတို့ ရွေးချယ်ထားတဲ့နယ်ပယ်တွေနဲ့ ကွာခြားနေမှာပါပဲ”
ချန်းညီအစ်မများက အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အကယ်ဒမီသို့ ဝင်နိုင်ခဲ့သော်လည်း သူတို့က ထိုအချိန်ကတည်းက ကောင်းမွန်စွာ လုပ်ဆောင်နိုင်နေခဲ့သည်။ ပြောရလျှင် တစ်နှစ်ခန့်သာလျှင် ကြာခဲ့သေး၏။
သို့သော် လုယောင်ယောင်ကသာ နယ်မြို့တွင် မနေခဲ့လျှင် သူမက သူတို့နှင့်အတူ ဘွဲ့ရလောက်သင့်ချေပြီ။ သူတို့က သက်တူရွယ်တူ ဖြစ်သော်လည်း လုကျင်းက သူတို့ထက် ငယ်သည့်အတွက် သူတို့နောက်မှသာ အကယ်ဒမီသို့ ဝင်ခဲ့ခြင်းလည်းဖြစ်၏။
ထိုအချက်ကြောင့် သခင်မကြီးလုက ကိစ္စအားလုံးကို ရှင်းလင်းထားရန် မျှော်လင့်လိုက်၏။
“ယောင်ယောင်က နယ်မြို့မှာနေခဲ့တော့ အမျိုးသမီးအကယ်ဒမီမှာ လေ့လာဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်၊ ဒါပေမဲ့ ကံကောင်းစွာနဲ့ ဆေးဝါးအကယ်ဒမီကျောင်းတော်က အသက်ကို ကန့်သတ်မထားတာပဲ၊ သူမမှာ အမျိုးသမီးအကယ်ဒမီအတွက် လုံလောက်တဲ့ အခြေခံစွမ်းရည်တွေ ရှိရုံနဲ့တင် သင့်လျော်ပါပြီ”
“ဆေးဝါးအကယ်ဒမီကျောင်းတော်က ဘာများကောင်းနေလို့လဲ၊ ဘွဲ့ရပြီးတော့ ဆေးဝါးပညာရှင် ဖြစ်ချင်တာလား”
ချန်းလီပင်းက မျက်ဝန်းထဲရှိ အထင်သေးမှုအချို့ဖြင့် ပြောလိုက်သည်။ ဆေးဝါးပညာနယ်ပယ်က အလွန်ကျော်ကြားသော်လည်း ထိုနယ်ပယ်တွင် ထင်ရှားသောအမျိုးသမီးက ရှားသည်။ သူမ၏လေသံထဲမှ မနှစ်မြို့မှုက သခင်မကြီး၏ သတိထားမှုမှ လွတ်မြောက်သွားခဲ့ခြင်းမရှိပေ။ သူမက မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကိုမဲ့သည်။
“ဆေးဝါးပညာရှင်က ဘာများမှားနေလို့လဲ၊ ဧကရီသွမ့်ဟွမ်တောင် တစ်ချိန်က သမိုင်းမှာ ဆေးဝါးပညာရှင် ဖြစ်ခဲ့တာမဟုတ်လား”
ဒါက လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်ကဖြစ်သည်။ သမိုင်းမှတ်တမ်းများ၏ စကားများက မှန်ကန်ခြင်းရှိမရှိ မည်သူမျှ မသိနိုင်ပေ။
ချန်းလီပင်းက နှုတ်ခမ်းကိုမဲ့ကာ ခါးသီးစွာ တွေးလိုက်၏။
အမျိုးသမီးအကယ်ဒမီကို ဧကရီကိုယ်တိုင် တည်ထောင်ထားခြင်းဖြစ်သော်လည်း ရန်ဟယ်ထန်း၏ ကျော်ကြားမှုက ပို၍ထင်ရှားကာ ကျင်းမင်းဆက်သည်လည်း မဟုတ်တော့သည့်အတွက် တော်ဝင်မိသားစု၏ မျိုးရိုးနာမည်ကပင် ဟွမ်ဖူ ဖြစ်နေခဲ့ချေပြီ။ အရာအားလုံးက ယခုအခါတွင် ပြောင်းလဲနေပြီဖြစ်၏။
ချန်းလီပင်း၏အထင်သေးမှုကို မြင်ပြီးနောက် ယဲ့ကျန်းကိုယ်တိုင်ကလည်း မနှစ်မြို့လာတော့ပေ။ အတိတ်တွင် သူမက ဆေးဝါးအကယ်ဒမီကျောင်းတော်သို့ သွားရောက်လည်ပတ်ခဲသည့်အတွက် ထူးထူးခြားခြား အာရုံစိုက်မှုမရှိသည့်တိုင်အောင် ဒါက အရေးကြီးဆုံးနယ်ပယ်ဖြစ်ကြောင်း နားလည်နေ၏။ ထို့အပြင် သူမက တစ်ချိန်က လေးစားဖွယ်ကောင်းစွာ လုပ်နိုင်ခဲ့သော ထိုအမျိုးသမီးကိုလည်း အလွန်လေးစားသည်။ သူမက အင်ပါယာနန်းတော်အတွင်းသို့ ဝင်ရောက်ပြီးနောက် ကလဲ့စားချေရန်လည်း ဆုံးဖြတ်ထားပြီး ဒါက အလွယ်ကူဆုံးနည်းလမ်း ဖြစ်ကြောင်းကိုလည်း သိနေခဲ့၏။
“တို့အဘွားရဲ့အမြင်က အမြဲတမ်းသင့်လျော်တယ်၊ ဒါပေမဲ့ တို့ကတော့ ဧကရီဖြစ်ရမယ်လို့ မဆိုလိုပါဘူး၊ နှိုင်းလည်းမနှိုင်းယှဉ်ရဲပါဘူး၊ တို့များရဲ့ဝမ်ဖေးကတင် ဒီလောက်ကံကောင်းနေပြီလေ၊ အင်ပါယာနန်းတော်ထဲက ပထမအဆင့် ဆေးဝါးပညာရှင်ဖြစ်ရုံနဲ့တင် တို့က ကျေနပ်နေပါပြီ”
ယဲ့ကျန်းက သူမ၏လက်မောင်းကို အနည်းငယ်ပွတ်သပ်လိုက်သည်။ ရှက်ရွံ့သွားဟန်ကိုလည်း ပြသေးကာ ချိုမြိန်စွာ ရယ်လိုက်သေး၏။
“အချစ်လေး အချစ်လေးက မင်းအသက်အရွယ်က မိန်းကလေးအများစုထက် ပိုပြီးတော့တောင် ရင့်ကျက်နေသေးတာပဲ”
သခင်မကြီးလုက သူမ၏မျက်နှာလေးကို ထိတွေ့ကာ သည်မြေးမအပေါ် ချစ်မြတ်နိုးမှုကို ပြသည်။
လုကျင်းက ယဲ့ကျန်းကို ကြည့်ပြီးနောက် သည်တတိယအစ်မက ထက်ရှသောလျှာဖြင့် သခင်မကြီး၏ကျေနပ်မှုကို ရသွားသည့်အတွက် မုန်းတီးမိသည်။
“အဘွား သမီးနောက်နေ့ကျရင် နောက်ဆုံးစာမေးပွဲကို ဖြေဆိုရတော့မှာ၊ သမီးစာမေးပွဲမှာ ကောင်းကောင်းလုပ်နိုင်ရင် ဆုရမယ်မဟုတ်လား”
“သေချာတာပေါ့၊ သမီးက ဘာဆုကိုလိုချင်လို့လဲ”
သခင်မကြီးလု၏ပျော်ရွှင်မှုက ပို၍သာသွားသေးသည်။ သူမ၏မြေးမများက အလွန်တော်ကြ၏။ ဒါက မိသားစု၏ကောင်းခြင်းဖြစ်သည်။
သူတို့ရဲ့လုမိသားစုကို အထင်သေးတဲ့လူတွေ၊ ကုန်သည်မိသားစုဆိုပြီး နှိမ်ခဲ့တဲ့ သူတွေအားလုံး သည်လိုအခြေအနေကို ကြည့်စမ်းပါဦး၊ သူတို့က အခုအချိန်မှာ အထက်တန်းလွှာအဆင့်အတန်းကို မရောက်နိုင်ကြပေမဲ့ သူတို့ကတော့ အခုလောက်အထိ မြင့်မားနေပြီလေ။
သခင်မကြီးလုက လုကျင်းတောင်းဆိုတာကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်သည်။
လုဝူရှန်းက မြို့တော်မှာ တစ်ဦးတည်းသော အချစ်မြတ်နိုးဆုံးခံရသော ဝမ်ဖေးဖြစ်သည်။ ဒါက သူတို့အပေါ် မကောင်းပြုခဲ့သူတိုင်းကို မျက်နှာဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်စေခဲ့၏။ ယဲ့ကျန်းကဲ့သို့ မြင့်မြတ်သောမိသားစုမှသူကပင် သူမ၏မြေးကို မယှဉ်နိုင်ခဲ့ပေ။
“အဘွား တတိယအစ်မ အရင်ရက်က ကြာပွတ်ကောင်းတစ်လက် ရထားတယ်၊  သမီး အရမ်းကြိုက်တာပဲ၊ သမီးကို အဲ့ဒါရအောင် တောင်းဆိုပေးပါလား”
လုကျင်းက အပြစ်ကင်းစင်ဟန်ဖြင့် သခင်မကြီးလုကို ကြည့်ကာ ပြောလိုက်သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now