အခန်း ၁၄၉
ညနေခင်းတွင် ဖေးရှီက ယဲ့ကျန်းထံ နောက်နေ့နန်းတော်သို့ အခစားဝင်လျှင် ဝတ်သွားရန်အတွက် အဝတ်အစား အသစ်တစ်စုံကို ပို့ပေးလာသည်။
"အမေ ဒီအရောင်က တောက်လွန်းမနေဘူးလား"
ယဲ့ကျန်းက သူမ၏အရှေ့ အိပ်ရာပေါ်တွင် ဖြန့်ခင်းထားသော ကြော့ရှင်းကြည့်ကောင်းသည့် ပန်းရောင်ဝတ်စုံကို ကြည့်လိုက်သည်။ နန်းတော်သို့ သွားလျှင် မည်သည့်ဝတ်စုံကို ဝတ်သင့်ကြောင်း စဉ်းစား၍ မရသေးသော်လည်း ထိုဝတ်စုံကို ဝတ်ဆင်ခြင်းက အကြံကောင်း မဟုတ်မှန်း သိနေသည်။
ဖေးရှီက သဘောမကျသလို ကြည့်လာသည်။
"သမီးက ငယ်သေးတယ်။ ငယ်ရွယ်ချိန်မှာ ဒီလို ဝတ်စုံလှလှလေးတွေ တုံ့ဆိုင်းမနေဘဲ ဝတ်သင့်တယ်။ အမေတို့ အရွယ်ရောက်ရင် ဝတ်ဖို့က မဖြစ်နိုင်ဘူး"
သို့တိုင်အောင် ယဲ့ကျန်းက ခေါင်းကို ခါသည်။
"သမီးကတော့ ဒီတစ်စုံက ပိုကောင်းမယ်လို့ ထင်တယ်"
သူမက ဖြုန်းတီးလွန်းသော လှပသည့် ပန်းရောင်ဝတ်စုံ၏ ဘေးနားတွင် ချထားသည့် ပန်းစည်းပုံစံလေးများ တွဲလောင်းကျနေဟန် ထိုးထားသော လှပရိုးရှင်းသည့် အပြာရောင်ဝတ်စုံလေးကို လက်ညှိုးထိုးပြလိုက်သည်။ အရောင်က သဘာဝဆန်ပြီး ဖျော့တော့သည်။ ထို့ကြောင့် သူမလိုချင်သည်နှင့် ကွက်တိကျလေသည်။
"ဒါပေမဲ့ အချစ်လေး ဒါက ရိုးရှင်းလွန်းမနေဘူးလား"
ဖေးရှီက မျက်မှောင်ကြုတ်ကာ ပြောသည်။
"ဝမ်ဖေးက သဘောမကျရင် ဘယ်လို လုပ်မလဲ"
"အမေ သမီးအထင်တော့ ပန်းရောင်ဝတ်စုံက အရမ်းလှပေမဲ့ နန်းတော်ထဲကို အခစားဝင်တဲ့လူတစ်ယောက် မသင့်တော်ဘူး။ ပွဲလမ်းသဘင်တွေ ရှိမှ သမီးဝတ်လိုက်ပါ့မယ်"
ယဲ့ကျန်းက ဖေးရှီလက်မောင်းကို သိုင်းဖက်လိုက်သည်။
သူမတွင်လည်း အကြောင်းပြချက် ရှိသည်။ သူမကသာ ထိုဝတ်စုံကို ဝတ်ပြီး နန်းတော်ထဲသို့ ဝင်သွားလိုက်လျှင် လုဝူရွှမ်းက တမင်ထင်းထွက်နေအောင် ပြင်ဆင်လာသည်ဟု ထင်သွားပေလိမ့်မည်။ ထိုမိန်းမ၏ မနာလိုကြီးစိတ်က အထင်သေး၍ မရမှန်း သူမက ကောင်းကောင်း နားလည်ထားသည်။