part 58

1.5K 149 1
                                    

Unicode
အပိုင်း (၅၈) ပြစ်မှုတိုင်းရဲ့တရားမျှတမှု (၁)
ယဲ့ကျန်း ဘေးဘက်တွင် တစ်ခဏခန့် မတ်တတ်ရပ်ပြီးမှ ဆရာမရှန်းကို အနှောင့်အယှက်မဖြစ်ရန် တိတ်ဆိတ်စွာ ဖြတ်သွားသည်။ ထိုသို့လုပ်နေရင်းမှ သည်ခမ်းနားစွာ ပွင့်လန်းနေသော ပန်းပင်များက သူမ၏လင်းချွမ်ကြောင့် ပွင့်လန်းနေခြင်းဖြစ်ကြောင်း  သတိထားလိုက်မိသေးသည်။
လင်းချွမ်မှာ အံ့ဩဖို့ကောင်းတဲ့ သက်ရောက်မှုရှိတယ်။
စံအိမ်မှအရှင်သခင်များက လျှို့ဝှက်စွာ သူမကို ပြောလာကြသည်။ သည်နေရာက နယ်မြေကောင်းသည်ဟု ဆို၏။ ပန်းများနှင့်အပင်များက လန်းဆန်းနေသည့်အပြင် တတိယသခင်မလေးက နေ့စဉ်နှင့်အမျှ ပို၍ကြည့်ကောင်း ချောမောလှပလာသေးသည်။
“ဘာလို့ ငါနဲ့အတူ မကြည့်တာလဲ”
ဆရာမရှန်းက ယဲ့ကျန်း ကျောဘက်မှ ခိုးကြောင်ခိုးဝှက်ထွက်သွားကြောင်း မြင်လိုက်ရသည်။ ထိုအခါမှသာ ယဲ့ကျန်းက ဆရာမရှန်း၏အနားသို့ သွားလိုက်၏။
“ဆရာမ တရားထိုင်နေတာကိုမြင်တော့ နှောင့်ယှက်မိမှာစိုးလို့ပါ”
ဆရာမရှန်း၏လှပသောမျက်နှာတွင် စိတ်ပျက်သောအမူအရာက ပေါ်လာခဲ့သည်။
“ဒီနေ့ လရောင်ကောင်းတယ်၊ ဒီအတိုင်း မိတ်ဆွေဟောင်းတစ်ယောက်ကို တွေးမိသွားရုံပါ”
“ဆရာမ စိတ်မရှိဘူးဆိုရင် ဘယ်သူ့ကိုတွေးနေသလဲလို့ ပြောပြလို့ရမလား”
ယဲ့ကျန်းက ခပ်တိုးတိုးမေးသည်။
သူမ အလွန်ဂရုစိုက်သော သူမ၏တပည့်တစ်ယောက်အကြောင်း တွေးနေခြင်းဖြစ်သည်။ သို့သော် နောက်ဆုံးဝင်သက်အချိန်အထိ အမျိုးသား တစ်ယောက်ကြောင့် အရှက်မဲ့ခဲ့ရ၏။  သူမက သည်လောကတွင်ပင် မရှိတော့ပေ။
“ငါ့ရဲ့အရင် ကျောင်းသူအကြောင်းကို တွေးနေတာ”
ဆရာမရှန်း၏မျက်နှာတွင် ဝမ်းနည်းမှုက ပေါ်ထွက်လာခဲ့သည်။
“အရမ်းအံ့အားသင့်ဖို့ကောင်းပြီး ထူးချွန်တောက်ပတဲ့ အမျိုးသမီးတစ်ယောက်က သူမ မချစ်သင့်တဲ့သူကို ချစ်ပြီး သေသွားခဲ့ရတယ်”
ယဲ့ကျန်း၏လည်ပင်းက တင်းကျပ်သွားသည်။
သူမ မော့ရုန်ကျန်းကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့ချိန်က ဆရာမရှန်းသည် ချင်မင်းဆက်၏ ဧကရာဇ်အကြောင်းကို ပြောပြကာ ဆွဲဆောင်သိမ်းသွင်းခဲ့သေးသည်။ ထို့အပြင် ထိုအင်ပါယာနှင့် ယဲ့မိသားစုကြားမှ ရန်ငြိုးများကြောင့် ဒါက ရှောင်လွှဲ၍မရနိုင်ဘဲ သူမအပေါ် ကပ်ဆိုးဆိုက်စေနိုင်ကြောင်း အားလုံးကို ရှင်းပြပေးခဲ့၏။ သူမ သူ့ကို လက်ထပ်လိုက်သောအခါ သူမက အကျိုးဆက်အားလုံးကို ရင်ဆိုင်ရပေလိမ့်မည်။
ထိုအချိန်က သူမ ဘာကိုမျှ ပြန်မဖြေနိုင်ခဲ့ပေ။ သူမ၏ဦးလေးနှင့် ရန်ငြိုးရှိသော မင်းသားမော့ရုန်ကျန်းအကြောင်းကို သူမ သိသည့်တိုင်အောင် ဒါက သူမနှင့် သူမ၏အိမ်တော်မိသားစုခွဲနှင့် ပတ်သက်မှုမရှိဟု သူမ ယုံကြည်လက်ခံခဲ့သည်။ ထို့အပြင် သူမက သူ့ကို ကယ်ထားခဲ့သူဖြစ်၏။ သူမ မည်သူမှန်း သူ သိသွားခဲ့လျှင် သူမကို ပစ်ပယ်မည်မဟုတ်ဟု သူမ ယုံကြည်ခဲ့သည်။ သူမ အလွန်ရူးမိုက်လွန်းခဲ့၏။
ယဲ့မိသားစု၏စံအိမ်ကြီးတစ်ခုလုံးက ယဲ့မျိုးနွယ်စုကို ကိုယ်စားပြုနေခဲ့သည်။ သူမ သတိမထားချင်လျှင်ပင် သူမ၏ဦးလေးနှင့်မင်းသားကြားမှ ရန်ငြိုးက လက်ထပ်ခြင်းတစ်ခုနှင့် ပြောင်းလဲနိုင်စွမ်းမရှိခဲ့ပေ။ ထိုအချိန်က သူမ၏ဦးလေးက သည်ကိစ္စကြောင့် သူမ၏ဖခင်နှင့် ဆက်ဆံရေးကိုပင် ဖြတ်တောက်သွားခဲ့၏။ သည်နည်းအားဖြင့် သူမ၏ဖခင်မိသားစုကို ပစ်ပယ်ကာ မိသားစုကိုသာ ကာကွယ်ရန်ဆုံးဖြတ်ခဲ့သည်။ အဆုံးတွင် အားလုံးသေသွားခဲ့ရ၏။
“ဆရာမ ဆိုလိုတာက ယဲ့ကျန်းလား”
သူမ မနေနိုင်ဘဲ တိတ်ဆိတ်စွာမေးလိုက်မိသည်။ သူမ၏လေသံထဲမှ တုန်ခါမှုကို အတတ်နိုင်ဆုံးထိန်းရန် ဆုံးဖြတ်ထားလိုက်၏။
ဆရာမရှန်းက ပေါ့ပါးစွာကြည့်လာသည်။
“မင်း သူ့ကိုသိသလား”
“သူမရဲ့ ကျော်ကြားဂုဏ်ယူမှုအကြောင်းကို အခြားသူတွေပြောတာ ကြားဖူးပါတယ်”
ယဲ့ကျန်းက ညင်သာစွာဖြေသည်။
“သူတို့ပြောကြတာက ယဲ့မိသားစုက မကောင်းတဲ့ကိစ္စတွေကို လုပ်ခဲ့ကြလို့ ဒါကြောင့် …”
“ယဲ့ရီချင်က ညင်သာသိမ်မွေ့တဲ့လူမျိုး သူက ယင်ကောင်ကိုတောင် သတ်တဲ့သူမျိုး မဟုတ်ဘူး၊ ဘာလို့ မျိုးရိုးနာမည်တူပြီး အခြားမိသားစုဝင်တွေကြောင့်နဲ့ သူ့အစ်ကိုရဲ့ပြစ်မှုတွေအားလုံးကို သူက ရင်ဆိုင်လိုက်ရတာလဲ၊ ယဲ့ရီစုန့်က အိမ်ရှေ့မင်းသားကို ဆန့်ကျင်တဲ့သူတိုင်းအပေါ် ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းခဲ့တယ်၊ ဒါပေမဲ့ ဘာလို့ အခြားသူတွေက သူနဲ့အတူ သေသွားရမှာလဲ”
ဆရာမရှန်း၏လေသံထဲ ဒေါသများ ပါဝင်လာခဲ့သည်။
ယဲ့ရီစုန့်က ယဲ့ကျန်း၏ဦးလေးဖြစ်ကာ ယခင်မင်းဆက်တွင် အင်ပါယာမြို့တော်၏ အာဏာအကြီးဆုံး၊ အကျော်ကြားဆုံး အရာရှိတစ်ယောက်ဖြစ်သည်။ ယခင်ဧကရာဇ်ကလည်း သူနှင့်ဆက်ဆံရေးကောင်းရှိ၏။
ယဲ့ကျန်းကသာ သူမ၏ဦးလေး သေဆုံးခြင်းအပေါ် ဝမ်းနည်းစွာ ခံစားရသလောဟု မေးလာလျှင် သူမ မခံစားဟုသာ ဖြေရပေလိမ့်မည်။
သို့သော် ယဲ့မိသားစုက သူမဦးလေး၏အာဏာအောက်တွင် ရှင်သန်ကြီးထွားခဲ့ပြီး အခြားလူအများစုကို အနိုင်ကျင့်ခဲ့ကြောင်းကိုလည်း  သူမ သိသည်။ သူမ၏ဖခင်နှင့်သူမက သူမ၏ဦးလေးကို ဖျောင်းဖျခဲ့ဖူးသော်လည်း သူမ၏ဦးလေးက တစ်ခါမှ စိတ်ထဲမထားခဲ့ဖူးပေ။ သို့ရာတွင် မော့ရုန်ကျန်းက ယဲ့ရီစုန့်ကို သတ်ချင်သည်။
သို့သော် ယဲ့ကျန်း နားမလည်သည်မှာ သူမ၏ဖခင်နှင့် သူမ၏အစ်ကိုအကြီးဆုံးက ဘာကြောင့် သေသွားရသလဲဆိုသော ကိစ္စဖြစ်သည်။ သူတို့က အပြစ်ကင်းလှ၏။ သူမ၏ဖခင်က မော့ရုန်ကျန်းကိုပင် ကူညီကာ အမြင့်သို့ရောက်ရန် အထောက်အပံ့ပြုခဲ့သော်လည်း နောက်ဆုံးတွင် သည်လိုကျေးဇူးအဆပ်ခံလိုက်ရသည်။
“ဆရာမ အရင်ဝမ်ဖေးဟောင်းရဲ့ ဆိုးရွားတဲ့အဆုံးသတ်ကြောင့် ဆရာမ ဒေါသထွက်နေမယ်ဆိုရင်တောင်မှ ဆရာမ တတ်နိုင်တာမရှိပါဘူး”
ယဲ့ကျန်းက ပြုံးလိုက်သည်။ သူမက လေသံတိုးတိုးဖြင့်ပြော၏။
“ဒီသခင်မလေးက ဆရာမ ဒီအကြောင်းကို အပြင်မှာထုတ်မပြောဖို့ သတိပေးပါရစေ၊ အထူးသဖြင့် ကျွန်မရဲ့မိသားစုကိုပေါ့၊ ဒီလိုဆိုရင် ဆရာမပဲ ဒုက္ခရောက်ရပါလိမ့်မယ်”
သူမ မည်သို့ပင်ကြည့်ရှုစေကာမူ ဆရာမရှန်းက သူမအတွက် မိတ်ဆွေကောင်းဖြစ်နေသေးသည်။ ထို့ကြောင့် သူမ၏ လုံခြုံမှုအတွက် သူမ ထိတ်လန့်မိနေ၏။ သူမ သိထားသည့်အတိုင်းဆိုလျှင် ဆရာမရှန်းက သူမအကြောင်းကို ပိုသိကြောင်း လုလင်ကျစ်သာ ရှာတွေ့သွားလျှင် ကိစ္စများက ဆိုးရွားသွားပေလိမ့်မည်။
ဆရာမရှန်းက သူမ၏နောက်ဆုံးစကားကြောင့် သူမကို အေးစက်စွာ စိုက်ကြည့်လာသည်။
“ယဲ့မိသားစုက ဘာမှ ဆိုးရွားတာ မလုပ်ခဲ့တာမှန်တယ်၊ ဒါပေမဲ့ မင်းရဲ့လုမိသားစုကတော့ အနာဂတ်မှာ ဒီထက်ဆိုးရွားတဲ့ ခါးသီးတဲ့ကံကြမ္မာကို ရင်ဆိုင်ရလိမ့်မယ်”
ယဲ့ကျန်းက ဆရာမရှန်းကို အံ့အားတကြီးကြည့်လိုက်သည်။  သူမမျက်လုံးထဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် မုန်းတီးမှုကို မြင်လိုက်ရလေသည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now