part 49

1.4K 147 6
                                    

Unicode

အပိုင်း (၄၉) သံသယ(၁)
အလွန်ခမ်းနားသော တော်ဝင်နန်းတော်ကို လေးလံပြီးနီရဲနေသော အ၀တ်အစများ၊ လှိုင်းတုများသဖွယ်ဖြစ်နေသော လိုက်ကာများနှင့်ခမ်းနားသောမီးအိမ်တို့ဖြင့် အလှဆင်ထားသည်။ အရိပ်သက်တော်စောင့်များကလည်း ထောင့်တိုင်းတွင် ထင်ရှားစွာ ရပ်ကာ စောင့်နေကြ၏။
စိတ်အခြေနေအစိုးမရသော မော့ရုန်ကျန်းက တော်၀င် စာဖတ်ခန်းအတွင်းတွင် ရှိနေသည်။ သူ၏လက်များက သူ ခြောက်သွေ့သောရေတွင်းထဲတွင်ရှာတွေ့ခဲ့သည့် သေတ္တာကို ဆုပ်ကိုင်ထားသည်။အထဲတွင် ဆုတ်ဖြဲခံထားရသော အ၀တ်အပိုင်းအစက ရှိနေသည်။ သူ၏မျက်နှာက မည်းမှောင်ကာ ခြားနားနေခဲ့သည်။ သူသည် သည်အခြေအနေတွင် ဘာကိုခံစားသင့်မှန်းပင် နားမလည်တော့ပေ။
သူ ပျော်သင့်တာလား။ စိတ်ဆိုးသင့်တာလား။
ယောင်ဟုရေးထိုးထားသော အ၀တ်အပိုင်းအစက ဆုတ်ဖြဲခံထားရကတည်းက လု၀ူရှန်းက အယောင်ဆောင်မှန်း သိသာနေခဲ့သည်။ သူ၏သေတ္တာကို ကိုင်ထားသောလက်က ပို၍တင်းကြပ်သွားခဲ့၏။
“အရှင်မင်းကြီး ရှန်းရီက တွေ့ခွင့်တောင်းနေပါတယ်”
မိန်းမစိုးဖူက ခေါင်းကိုဉီးညွတ်ကာ ပြောသည်။
မော့ရုန်ကျန်း၏မျက်၀န်းထဲမှ ဒေါသက အနည်းငယ် လျော့ပါးသွားသည်။
“သူကို ၀င်ခိုင်းလိုက်’’
သူက အမိန့်ပေးလိုက်သည်။
ခြေလှမ်းအနည်းငယ် လှမ်းသံကြားပြီးနောက်တွင် အနက်ရောင် ၀တ်စုံ၀တ်ထားသောရှန်းရီက အပြင်ဘက်မှ ၀ပ်တွားလျက် ၀င်လာသည်။ သူက မော့ရုန်ကျန်း အင်ပါယာထီးနန်းကို မဆက်ခံခင်ကတည်းက သူ၏အနားတွင်ရှိခဲ့သောအရိပ်သက်တော်စောင့်ဖြစ်သည်။
သူ့လိုအရိပ်သက်တော်စောင့်အတွက် အမိန့်ပေးခံရသမျှကို လျှို့ဝှက်စွာသာ လုပ်ဆောင်ရလေသည်။
“အရှင်မင်းကြီး’’
ရှန်းရီက မော့ရုန်ကျန်း၏အရှေ့တွင် ဒူးတစ်ဖက်ထောက်ချလိုက်သည်။ မော့ရုန်ကျန်း၏မျက်နှာက အေးစက်နေကာ ထူးခြားသောအမူအရာမျိုး ရှိမနေခဲ့။
မော့ရုန်ကျန်းက သူကိုငုံ့ကြည့်ပြီးနောက် လက်ချောင်းကို လှုပ်ရှားလိုက်ရုံမျှဖြင့် ထိုအစောင့်က မတ်တတ်ထရပ်လာသည်။
“မင်း ဘာရှာတွေ့လဲ’’
သူက မေးသည်။
ရှန်းရီက မော့ရုန်ကျန်းထံသို့ အ၀တ်အပိုင်းအစတစ်ခုကို ကမ်းပေးလာကာဖြေသည်။
“အရှင်မင်းကြီးရဲ့ ဒီကျွန်က ဒါကိုရှာတွေ့ခဲ့ပါတယ်။ ဒါက အရင်အင်ပါယာက ကျန်းနန်အဖွဲ့ကသူရဲ့ အသက်၂၅နှစ်ပြည့် အုပ်ချုပ်သက်တမ်းကာလအတွက် ပေးအပ်ခဲ့တဲ့ လက်ဆောင်တစ်ခုပါ။ နန်းတွင်းက ကိုယ်လုပ်တော် အချို့ကလွဲပြီး ချီးမြှောက်မူကိုပြသဖို့အတွက် အထက်တန်းလွှာမိသားစုအချို့ကိုပဲ ပေးအပ်ခဲ့ပါတယ်’’
‘ဆိုတော့ ဒီဘရိုကိတ်ကိုရထားတဲ့အထက်တန်းလွှာမိသားစုတွေက ဘယ်သူတွေလဲ’’
သည်အချက်အလက်ကို ကြားရသည့်တိုင် မော့ရုန်ကျန်း၏လေသံက မပြောင်းပေ။ ပို၍အေးစက်လာသေး၏။
“တော်၀င်မင်းသမီးက အရှင်မင်းကြီးရှာနေတဲ့လူဖြစ်ဖို့ အိုလွန်းနေပါပြီ ...’’
ရှန်းရီက လည်ပင်းအပြည့် တံတွေးများကို မျိုချလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ယဲ့မိသားစုကလည်း သစ္စာရှိမှုကို လက်ခံပေးတဲ့အထိမ်းအမှတ်အနေနဲ့ ဒီဘရိုကိတ်တွေရခဲ့ပါတယ်’’
ယဲ့မိသားစု ဟုတ်လား
မော့ရုန်ကျန်း၏ မျက်၀န်းထဲထူးခြားသောအလင်းက လက်သွားသည်။ သူက အ၀တ်အပိုင်းအစကို ကြည့်ပြီး မျက်မှောင်ကိုကြုတ်၏။
ယောင်ယောင်လို့ နာမည်ပြောင်ရှိတဲ့ အဲဒီကလေးမလေးက သေချာပေါက် သူပိုင်တဲ့အ၀တ်မှာ ယောင်ဆိုပြီး ထိုးထားခဲ့မှာပဲ။ ငါ တကယ်ဘဲ ဒီကောင်မလေးကို ဘယ်မှာသွားရှာရမှာလဲ။
လု၀ူရှန်းက ဒီလိုအ၀တ်ကို မပိုင်တာသေချာတယ်။ ဒါဆိုရင် ငါ့ကို ကယ်ခဲ့တဲ့သူက တကယ်ပဲ ဘယ်သူလဲ။
မော့ရုန်ကျန်း၏ရင်ထဲ သံသယများ ပြည့်လာသည်။
“တောအုပ်ထဲကို လာတဲ့သူက ကျန်းကလွဲပြီး ဘယ်သူရှိသေးလဲ’’
မော့ရုန်ကျန်းက အသံတိုးတိုးဖြင့် မေးသည်။
“ဧက္ကရာဇ် ၀င်လျှောက်လာတဲ့ လမ်းကြောင်းအပြင် တောအုပ်ထဲကို ရောက်လာနိုင်တဲ့ အခြားလမ်းကြားတစ်ခုကိုလည်း ကျွန်တော်ရှာတွေ့ခဲ့ပါတယ်။ ဖြတ်သွားဖြတ်လာတွေရဲ့ အပြောအရဆိုရင် အဲဒီအချိန်က အဲဒီကိုလူတစ်ယောက် ဖြတ်သွားခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ဘယ်သူလဲဆိုတာကို ကျွန်တော် ရှာမတွေ့သေးပါဘူး’’
ရှန်းရီက ပြန်ဖြေသည်။
မော့ရုန်ကျန်းက ခေါင်းညိတ်သည်။ ထိုမျှစုံစမ်းနိုင်ခဲ့မူအတွက်တင် သူ ကျေနပ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူကို ရှာရမယ်"
မော့ရုန်ကျန်းက စကားကို ရပ်လိုက်သည်။
လု၀ူရှန်းကသာ အဲဒီတစ်ယောက်မဟုတ်ဘူးဆိုတာ မှန်ကန်နေခဲ့ရင် သူမက ဟန်ဆောင်နေခဲ့တာဆိုရင် ဒါဆိုရင် ဒီသေတ္တာကိုဖျက်ဆီးခဲ့တဲ့သူက ယောင်ယောင်လား .... ဒါပေမဲ့ ဘာလို့လဲ။ဘာလို့သူ့ဆီ မလာခဲ့ရတာလဲ။
ယဲ့ကျန်းကသာ ငါ့ကို ကယ်ခဲ့တဲ့ကောင်မလေးဆိုရင် လု၀ူရှန်းက ဘယ်လိုလုပ် ကျောက်စိမ်းတံဆိပ်ကို ရမှာတဲ့လဲ။ သူမက ဘယ်လိုလုပ် သိမှာတဲ့လဲ။
သို့သော် ထိုဖြစ်နိုင်ခြေက သူ၏စိတ်ထဲ လုံး၀၀င်မလာခဲ့ပေ။ ယဲ့မိသားစုနှင့် ပတ်သက်မည်ဟုပင် သူ မထင်ပေ။ ထိုမိသားစုက သူကို သေစေချင်သောသူများသာဖြစ်ကာ သူ့ကို ကယ်လိမ့်မည်မဟုတ်ပေ။
ယဲ့မိသားစုသည်လည်း တူညီသောဘရိုကိတ်ကို ရခဲ့သည်ဟုသိရသည့်တိုင်အောင် အလိုအလျှောက်ပင် ဖြစ်နိုင်ခြေအားလုံးထဲမှ ဖယ်ရှားလိုက်၏။ သူ သိထားသမျှအတိုင်းဆိုလျှင် ခြောက်သွေ့သော ရေတွင်းထဲသို့ သေတ္တာကို ပစ်ချခဲ့သောသူ... ထိုသစ်ပင်အောက်မှ သေတ္တာကိုတူးထုတ်ခဲ့သောသူက သူအား ထိုအချိန်ကရေတွင်းထဲသို့ကျချိန်ကကဲ့သို့ ကူညီခဲ့သော သူကသာ လုပ်ခဲ့ခြင်းဖြစ်လောက်သည်။ ထိုကြောင့် မည်သည့်နည်းနဲ့မျှ သူ့ကို မုန်းတီးသောသူတစ်ယောက်က ဒီလိုလုပ်နိုင်ခြေမရှိပေ။
ရှန်းရီက တော်၀င်စာဖတ်ခန်းအတွင်းမှ ထွက်သွားခဲ့ချိန်တွင် မော့ရုန်ကျန်းက သူ၏စာဖတ်စားပွဲတွင် တစ်ယောက်တည်း ထိုင်နေခဲ့သည်။ သူက တည်ငြိမ်စွာသာရှိနေခဲ့၏။
သိပ်မကြာခင်အချိန်တွင် ၀မ်ဖေးလုက တွေ့ခွင့်တောင်းနေသည်ဆိုသော အသံကို ကြားလိုက်ရသည်။
မော့ရုန်ကျန်းက အ၀တ်အပိုင်းအစကို သစ်သားဗူးထဲသို့ ပြန်ထည့်ပြီးနောက် သတိမထားမိနိုင်သော တစ်နေရာတွင် ထားလိုက်သည်။ လု၀ူရှန်းက နေရောင်အောက်တွင် တောက်ပသောအပြုံးမျိုးဖြင့် ၀င်လာ၏။ ထိုအပြုံးက သူကိုယခင်က စိတ်ကို ငြိမ်းချမ်းစေခဲ့လောက်သည်။ သို့သော် အံ့အားသင့်စရာကောင်းလောက်အောင် သည်တစ်ကြိမ်တွင် သူ မည်သို့မျှ မခံစားရတော့ပေ။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now