အပိုင်း ၁၅၇
မင်းသားငယ်အကြောင်း ထည့်ပြောသည်ကို ကြားရသောအခါ ယဲ့ကျန်း၏ မျက်ဝန်းက အနည်းငယ် မှေးမှိန်သွားသည်။ ဒေါ်လေးချန်က မယ်တော်ကြီး၏နားအတွင်းသို့ ခပ်တိုးတိုး ကပ်ပြောနေသောကြောင့် သူမက သေချာမကြားရသော်လည်း သူမနှင့် ပတ်သတ်နေသည်ဟု သံသယဝင်နေမိသည်။
မော့ရုန်ရီက ဘာလုပ်ချင်နေတာလဲ။
မယ်တော်ကြီးက ကူကယ်ရာမဲ့စွာ ခေါင်းကို ခါပြီးပြောသည်။ "ဒီကလေးကတော့..."
သူမက ယဲ့ကျန်းကို ကြည့်ကာ ပြောသည်။
"ယောင်ယောင်လေး မင်းက ချန်တဲ့တောင်စံအိမ်မှာ အသက်ကယ်ခဲ့တဲ့ မင်းသားငယ်လေးအကြောင်းကို မှတ်မိသေးလား ယောင်ယောင်"
"မယ်တော်ကြီး ဒီသခင်မလေးက မင်းသားငယ်ကို မှတ်မိပါတယ်"
မေ့ဖို့ ခက်တာပေါ့။
"အဲဒီကလေးက သိပ်မကြာခင်က အအေးမိထားလို့ အခု တော်ဝင်သမားတော် ဖော်စပ်ပေးတဲ့ဆေးကိုတောင် မသောက်ချင်ဘူး ဖြစ်နေတယ်။ ဒီတော့ ဒီကလေးက ပြန်သက်သာတော့မှာ မဟုတ်ဘူး။ အခု သူက မင်းကို တွေ့ချင်နေပြန်ပြီတဲ့"
မယ်တော်ကြီးက တုံ့ဆိုင်းသွားသည်။ သူမဟာ လူအများကို ဒုက္ခဖြစ်စေမည့် ကိစ္စရပ်များကို ပြုလုပ်ရန် ဆန္ဒမရှိပေ။ အထူးသဖြင့် သူမ အလိုလိုက်ထားသော သားငယ်လေးကြောင့် ဖြစ်သည်။
"မယ်တော်ကြီး.. ယောင်ယောင့်ကို မင်းသားငယ်ဆီကို သွားပြီး ဆေးသောက်ဖို့ မေးမြန်းခိုင်းလိုက်ပါ။ မော့ရုန်ရီက ယောင်ယောင့်ကို မြင်ရင် သေချာပေါက် သိမ်းသွင်းလို့ ရမှာပဲ"
လုဝူရွှမ်းကလည်း တတိယညီမဖြစ်သူ မယ်တော်ကြီး၏ မျက်စိရှေ့မှ ပျောက်သွားနိုင်မည့် အခွင့်အရေး ရောက်လာကြောင်း မြင်သောအခါ ချက်ချင်းလိုလို အကြံဉာဏ်ပေးတော့သည်။
ယဲ့ကျန်းက သခင်မကြီးလုကို တစ်ချက် ကြည့်လိုက်လျက် အကြံဉာဏ်တောင်းဟန်ပြုသည်။ သခင်မကြီးလုကလည်း တုံ့ဆိုင်းမနေဘဲ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
"ယောင်ယောင်လေး.. ကျေးဇူးပြုပြီး သွားပြီး မင်းသားငယ်ကို ဂါရဝပြုလိုက်ပါ"