Part 94

1.1K 99 1
                                    

Unicode

အပိုင်း (၉၄) ဆုလာဘ်
မော့ရုန်ကျန်းက ချန်းသဲ့တောင်စံအိမ်သို့ ရောက်လာသောအခါ သူက လုမိသားစုကို ပစ္စည်းများစွာ ဆုလာဘ်ချီးမြှင့်သည်။ လုမိသားစုမှ တတိယသခင်မလေးက မင်းသားငယ်၏အသက်ကို ကယ်ဆယ်ခဲ့သည့်အတွက် ချီးမြှင့်သည်ဟုဆို၏။
သူက ယဲ့ကျန်းကို သံသယမဝင်ပေ။ သူမ ပြောသမျှကိုယုံ၏။ လက်ရှိအချိန်တွင် သူ့ကို အမှန်တရားကို ဖြေပေးနိုင်သူက လုဝူရှန်းသာလျှင်ရှိသည်။
ဖေးရှီကလည်း ယဲ့ကျန်းထံမှတစ်ဆင့် မတော်တဆ မင်းသားငယ်ကို ကယ်ခဲ့သည့်ဖြစ်စဉ်ကိုကြားပြီး အံ့ဩသွားသည်။ ကျေးဇူးတင်စကားဆိုပြီးနောက် သူမက လူအများအား ဧကရာဇ် ချီးမြှင့်သောပစ္စည်းများကို ယဲ့ကျန်းထံ ပို့ပေးစေသည်။
လုလင်ကျစ်၏နှလုံးသားထဲတွင်မူ မပျော်ရွှင်တော့ပေ။ ဧကရာဇ်က ယောင်ယောင်ကို မြင်သွားသည်။
အရင်ဝမ်ဖေးနှင့်တူတာကိုများ သတိထားမိသွားလား။
သို့သော် တစ်ခဏခန့် တွေးတောပြီးနောက် လုလင်ကျစ် နားလည်သွား၏။ ဧကရာဇ်က တူညီခြင်းကို ရှာတွေ့နိုင်ခြင်း မရှိလောက်ချေ။ မဟုတ်လျှင် မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဆုချီးမြှင့်မည်နည်း။
ယခင်ဝမ်ဖေး၏အကြောင်းကို ဧကရာဇ်က လုံးဝ စိတ်မဝင်စားသည့်အတွက် သူမနှင့်ပတ်သက်ပြီး ဘာသတင်းကိုမျှ စုံစမ်းထားခြင်း မရှိပေ။ ထို့ကြောင့် သူမ၏သတင်းတိုင်းကို သူ့ထံလာရောက် မတင်ပြစေခြင်းဖြစ်သည်။ အကယ်၍ မော့ရုန်ကျန်းကသာ တစ်စုံတစ်ရာကို သတိထားမိသွားမည်ဆိုလျှင်ပင် လုလင်ကျစ်ကို မေးမြန်းပေလိမ့်မည်။ ယခုအခါတွင် ထိုသို့ဖြစ်လာခဲ့ခြင်း မရှိခဲ့ပေ။
လုယောင်ယောင်က ယဲ့ကျန်းနဲ့တူတာကို သူ သတိထားမိတယ်ဆိုရင် သူ့ကို သေချာပေါက်မေးလာမှာပဲ။
ဆိုတော့ ငါ တကယ်လွတ်သွားတာလား၊ အာ။
သူ၏နှလုံးသားထဲတွင် ထိုအချက်ကြောင့် ပျော်သွားသည်။
ထျန်းကျန့်က အပြင်ဘက်မှ မည်းမှောင်သောမျက်နှာထားဖြင့်ဝင်လာ၏။
“ယောင်ယောင်က တောထဲသွားတယ်၊ ငါလည်းအဲဒီမှာ ရှိနေမယ်ဆိုရင် သေချာပေါက် ငါနဲ့တွေ့မှာပဲ"
လုလင်ကျစ်က သူ့ကိုတစ်ချက်ကြည့်သည်။
“ဧကရာဇ်က ငါတို့ကို မနက်ဖြန် နန်းတော်မှာ သတင်းပို့ဖို့ပြောလိုက်ပြီးသား၊ မင်းက ဒီနေရာမှာ ဆက်နေချင်လို့လား”
“ငါ ငါ နေချင်တာပေါ့”
ထျန်းကျန့်က သာမန်လေသံဖြင့် ပြန်ဖြေသည်။
သူ၏မျက်နှာက မျက်မှောင်ကြုတ်ပြီးနောက် သူ၏တာဝန်က လစ်ဟင်း၍မရကြောင်း သူ သိနေခဲ့၏။ မြင်းကိစ္စကို စုံစမ်းစစ်ဆေးပြီးသောအခါ ထိုကိစ္စက အဆုံးမသတ်သေးကြောင်း သိလိုက်ရသည်။
အာ သူလည်း ဒီနေရာမှာ ခပ်အေးအေးနေချင်ပါတယ်။
“နှမြောစရာကောင်းတာက ငါ ဒဏ်ရာရနေတာပဲ၊ မဟုတ်ရင် ငါ မင်းကိုကူညီနိုင်မှာ”
လုလင်ကျစ်က ပြောသည်။
ထျန်းကျန့်က ဟန်ဆောင်ပြုံးကာ ပြော၏။
“ပေါက်ကရတွေ ပြောမနေနဲ့၊ ငါ အမှန်တရားကို သိတာနဲ့ ငါ မင်းကို လာတွေ့မှာပဲ”
“ယောင်ယောင်က မင်းကို တွေ့ဖို့ ငြင်းနေတုန်းပဲလား၊ ယောင်ယောင်သာ မင်းကိုတွေ့ချင်တယ်ဆိုရင် ရှောင်နေမယ်မထင်ဘူး၊ ယောင်ယောင့်ကို အချိန်ပေးလိုက်ပါ”
လုလင်ကျစ်၏စိတ်အခြေအနေက ထျန်းကျန့်ထံမှ တစ်ဆင့် သူ၏ညီမဖြစ်သူက ထျန်းကျန့်ကို မတွေ့ချင်ကြောင်း ကြားသောအခါ စိတ်အခြေအနေကောင်းသွားသည်။
“အဲဒီတော့ ဘာဖြစ်လဲ၊ ယဲ့မိသားစုကို ဒီအတိုင်းဆက်ပြီး စာနာသနားခိုင်းရမှာလား၊ ငါသာ အမှန်တရားကို မပြောပြရင်  အနာဂတ်မှာ မင်းကို အပြစ်တင်လာလိမ့်မယ်”
ထျန်းကျန့်က ပြောသည်။
“ဘယ်သူက အကြီးဆုံးအစ်ကိုကို အပြစ်တင်မှာလဲ”
လုရှန်းကျစ်က အပြင်ဘက်မှ ဆေးပန်းကန်လုံးကို ကိုင်ကာဝင်လာသည်။ ထျန်းကျန့်က လုရှန်းကျစ်ကို ကြည့်ပြီးနောက် သူ၏လက်က လွတ်လပ်စွာ လှုပ်ရှားနိုင်ကြောင်း မြင်လိုက်ရ၏။ သူ မနေနိုင်ဘဲ မေးလိုက်မိသည်။
“မင်းရဲ့လက် ကောင်းသွားပြီလား၊ ဒါက မြန်လွန်းတယ်”
လုရှန်းကျစ်၏ဒဏ်ရာကို သူ၏မျက်လုံးဖြင့် ကိုယ်တိုင်မြင်ခဲ့ရခြင်းဖြစ်သည်။ ဒါက အလွန်ပြင်းထန်ခြင်း မရှိသည့်တိုင်အောင် ထိုကဲ့သို့ အရွတ်ယောင်သွားခြင်းက လဝက်ခန့်မျှဖြင့် ပျောက်ကင်းသွားခြင်း မရှိလောက်ပေ။ သို့ရာတွင် သူက အပြည့်အဝသက်သာသွားခဲ့ချေပြီ
လုရှန်းကျစ်က ဒဏ်ရာရထားခဲ့ဖူးသော လက်ကို လှုပ်ယမ်းပြပြီးနောက် လေထဲတွင် ရမ်းပြသည်။
“ကျွန်တော် ယောင်ယောင်ရဲ့ဆေးကို သုံးလိုက်တာလေ၊ ဒါပေမဲ့ အစကတော့ မသုံးချင်ခဲ့ဘူး၊ ယောင်ယောင်က ကျွန်တော့်ကို အတင်းသုံးခိုင်းတာ၊ ရလဒ်အနေနဲ့ ကျွန်တော် ဒီနေ့ ဘာမှ မခံစားရတော့တာပဲ၊ အပြည့်အဝကိုသက်သာလာပြီ၊ ဒါပေမဲ့ ဆေးက သက်ရောက်မှု အရမ်းပြင်းတယ်လို့ပြောရမယ်”
“တကယ်လို့ ယောင်ယောင့်မှာ ဒီလောက်ကောင်းတဲ့ ဆေးတွေရှိရင် သူမရဲ့အကြီးဆုံးအစ်ကိုကို မပေးတာလဲ”
ထျန်းကျန့်က လုရှန်းကျစ်၏ဒဏ်ရာကို ကြည့်ပြီး မနေ့ကထက် အခြေအနေ ပိုကောင်းကြောင်း သတိသွားမိသွားသည်။ သို့သော် ယောင်ယောင်၏ဈေးက နန်းတွင်းမှ ပို့လိုက်သောဆေးထက်ပင် ပိုကောင်းနေသေး၏။
လုလင်ကျစ်က ခါးသီးစွာပြုံးသည်။
“ငါက ယောင်ယောင့်အစ်ကိုအရင်း မဟုတ်လို့ဖြစ်မှာပေါ့”
“အစ်ကိုကြီး အစ်ကိုကြီး ဒီလိုမပြောပါနဲ့၊ ဖြစ်နိုင်တာက ယောင်ယောင် ယောင်ယောင့်မှာ တစ်ပုလင်းပဲရှိလို့ဖြစ်ပါလိမ့်မယ်၊ မဟုတ်ရင် အစ်ကိုကြီးကို ပေးခဲ့မှာပါပဲ”
လုရှန်းကျစ်က အကြီးဆုံးအစ်ကို၏လေသံကြောင့် ရှက်ရွံ့မိသွားသည်။ သို့သော် သူ၏ညီမက သူ့ကို အလွန်ဂရုစိုက်သည့်အတွက်လည်း ပျော်ရွှင်သွားမိသေး၏။
ထျန်းကျန့်က လုရှန်းကျစ်၏ဒဏ်ရာကို ကြည့်ပြီးနောက် အပြည့်အဝ သက်သာပြီဖြစ်ကြောင်း မြင်လိုက်ရသည်။
“ယောင်ယောင်ရဲ့ဆေးက တကယ်ကိုအံ့ဩဖို့ကောင်းတယ်၊ သွား မြန်မြန်သွားပြီး နှစ်ပုလင်းလောက် တောင်းလိုက်ပါ၊ ခြေထောက်က ဒဏ်ရာပြင်းတော့ နှေးကောင်းနှေးနိုင်ပေမဲ့ သက်ရောက်မှုတော့ ရှိနိုင်တာပဲ”
လုရှန်းကျစ်က ပြောသည်။
“ကျွန်တော် ယောင်ယောင့်ကို မေးလိုက်ပါ့မယ်၊ ကျွန်တော်လည်း သွားပို့စရာပစ္စည်း ရှိနေသေးတယ်လေ၊ အဲဒီအချိန်ကျမှ အကြီးဆုံးအစ်ကိုရဲ့ ဆေးကို ပေးလိုက်ပါ့မယ်”
“မင်း ယောင်ယောင့်ကို သွားရှာမှာလား ငါလည်း လိုက်ခဲ့မယ်”
ထျန်းကျန့်က ချက်ချင်းဆိုသလိုထသည်။
လုရှန်းကျစ်နှင့်အတူသာ ယောင်ယောင့်ကို သွားတွေ့မည်ဆိုလျှင် သူမ အကြောင်းပြချက် ပေးကာ သူ့ကို ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပေ။
ထျန်းကျန့်က ထိုသို့ပြောလိုက်သည်နှင့် မိန်းမစိုးဖူ၏အသံက အပြင်ဘက်မှ ထွက်လာသည်။
“အမတ်ထန်း ဧကရာဇ်က အရှင့်ကိုဆင့်ခေါ်ဖို့ ဒီအစေခံကို ခိုင်းလိုက်ပါတယ်”
“…”
ထျန်းကျန့်စိတ်ပျက်သွားသည်။
“ကြည့်ရတာ ငါ မင်းနဲ့မသွားနိုင်တော့ဘူး ထင်တယ်”
လုလင်ကျစ်က ရယ်သည်။ သူက ခေါင်းကိုခါကာပြော၏။
“သွား မြန်မြန်သွား”
“ဧကရာဇ်က မင်းကို အရေးကြီး ပြောချင်တာ ရှိလို့ဖြစ်မယ်၊ မိန်းမစိုးဖူကို မစောင့်ခိုင်းနဲ့”
ထျန်းကျန့်က မော့ရုန်ကျန်းကိုသာဦးဆောင်ကာ တွေ့ရမည်ဖြစ်သည်။
“အစ်ကိုကြီး ကျွန်တော်ရဲ့ ဒီဆေးကို အရင် ယူထားလိုက်ပါ”
လုရှန်းကျစ်က ဆေးပုလင်းကိုထုတ်ပြီး ခပ်တိုးတိုးပြောသည်။
“အစ်ကိုကြီး ယောင်ယောင် အခုမနာခံတဲ့အတွက် အပြစ်မတင်ပါနဲ့၊ ယောင်ယောင်က ငယ်ငယ်တည်းက ဒီလိုပါပဲ”
“ငါသိတယ်၊ ယောင်ယောင်က ငယ်ပါသေးတယ်”
လုလင်ကျစ်က ဆေးကိုယူပြီး အနားရှိအနားရှိခုံပေါ်သို့ တင်သည်။
“သွား ဧကရာဇ်က မင်းကို ပေးခိုင်းလိုက်တာကို ယောင်ယောင်ကိုသာ ပေးလိုက်ပါ၊ ဧကရာဇ်ရှေ့မှာ သူက ဘာတွေ ပြောခဲ့သလဲ ငါ မသိဘူး၊ မြန်မြန်သွားပြီး မေးလိုက်ပါအုံး”
လုရှန်းကျစ်က အစ်ကိုကြီးက ယောင််ယောင့်ကို ဧကရာဇ်အပေါ် မရိုမသေပြုမည်မိကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ မေးခြင်းဖြစ်ကြောင်း သူ သိ၏။ ထို့ကြောင့် ချက်ချင်းဆိုသလို ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျွန်တော်သွားတာနဲ့ ချက်ချင်း မေးလိုက်ပါ့မယ်”
လုလင်ကျစ်သည် သူ့ညီငယ်က နားလည်မှုလွဲသွားကြောင်း သိသော်လည်း ဘာစကားမျှ မဆိုလိုက်ပေ။ သူက လုရှန်းကျစ်ကိုသာ မြန်မြန်ထွက်သွားရန် ပြောလိုက်၏။
...

နတ်ဆေးသမားတော် ယဲ့ကျန်းOù les histoires vivent. Découvrez maintenant