Part 93

1.1K 105 1
                                    

Unicode

အပိုင်း (၉၃) ငါ သေတာ သူ သိလား
ယဲ့ကျန်းက ရုတ်တရက် ခေါင်းကို အကြောက်အလန့်မဲ့စွာမော့ပြီး သူ့ကို ကြည့်သည်။
သူ မှတ်မိနေသေးတာလား၊ ငါ့ရဲ့ငယ်နာမည်က ယောင်ယောင်လို့ ငါပြောခဲ့တာကို သူ မှတ်မိနေတာလား၊ ဒါဆို ဘာလို့ လုဝူရှန်းကို ငါလို့ သတ်မှတ်ထားခဲ့သေးတာလဲ။
ယဲ့ကျန်း၏ တုံ့ပြန်မှုကို မြင်ပြီးနောက် မော့ရုန်ကျန်း၏မျက်လုံးများက မည်းမှောင်သွားသည်။ သူက ပြော၏။
“မေးတာဖြေ”
“ဒီလိုနာမည်မျိုးကို တစ်ခါမှ မကြားခဲ့ဖူးပါဘူး”
ယဲ့ကျန်းက လိမ်လိုက်သည်။
ဧကရာဇ်၏မျက်နှာတွင် နာကျင်သောအမူအရာက ဖျတ်ခနဲလက်သွားပြီးနောက် တိတ်ဆိတ်မှုက ကပ်ပါလာသည်။
အဲဒီအမျိုးသမီး သေသွားလောက်ပြီ။
သူက တွေးသည်။
အချိန်တစ်ခုကြာပြီးနောက် မော့ရုန်ကျန်းက အညံ့ခံဟန်ဖြင့် ခေါင်းညိတ်ပြီးနောက် သူမကို အခြားကိစ္စတစ်ခု မေးလာသည်။
“မင်းက အဲဒီနေ့ ရေပူစမ်းက အမျိုးသမီးမဟုတ်လား”
သူက ရုတ်တရက် မေးလာခြင်းဖြစ်၏။
ယဲ့ကျန်း၏မျက်နှာက အနည်းငယ်ဖြူဖျော့ သွားသည်။
သူ ဒီကိစ္စကို ရှင်းချင်တာလား။
သူမ၏မျက်နှာကို မြင်ရုံဖြင့်ပင် မော့ရုန်ကျန်းက နှာခေါင်းရှုံ့တော့သည်။
“မင်း တကယ်လုပ်ရဲတာပဲ၊ ငါ ကိုယ်တော်ကိုတောင် တိုက်ခိုက်ရဲတယ်”
“အဲဒီညက ဒီသခင်မလေးက အရှင်မင်းကြီးရဲ့ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရလို့ သာမန်လူတစ်ယောက်အဖြစ် အမှတ်မှားသွားခဲ့တာပါ”
ယဲ့ကျန်း၏အမူအရာအရ ထိုနေ့က အမျိုးသားသည် ဧကရာဇ်ဖြစ်မှန်း ယခုမှသာ ရှာတွေ့သွားခဲ့သည့် အနေအထားမျိုးဖြင့် ထိတ်လန့်ဟန်လုပ်လိုက်သည်။ သို့ရာတွင် စိတ်အတွင်းမှမူ ပြောင်းပြန်ဖြစ်နေခဲ့၏။
သူမ၏မျက်လုံးများက အေးစက်နေသည်။ သူမသည် သူ၏မျက်နှာကို ပြောင်းလဲအောင် လုပ်ချင်၏။ သို့သော် ဧကရာဇ်ဖြစ်သွားသည်နှင့် သူက အရေပိုထူသွားဟန်ရသည်။
“ဒီနေရာက ထွက်သွား”
မော့ရုန်ကျန်းက သူမ၏နာမည်ကိုပင် ပြောင်းလိုက်ချင်၏။ သို့သော် ထိုသို့လုပ်လိုက်ခြင်းက လုဝူရှန်းကို သဲလွန်စပေးသကဲ့သို့ ဖြစ်သွားနိုင်သည့်အတွက် လက်ကိုသာ ယမ်းခါပြလိုက်၏။
ယဲ့ကျန်းက ဦးညွှတ်ပြီးသည်နှင့် မြင်းကိုယူကာ ထွက်သွားသည်။
မော့ရုန်ကျန်းက မျက်လုံးတွေက လက်ထဲတွင်ရှိသော ကြိုးထံတွင်သာ ရှိနေသးသည်။
ဒီလိုကြိုးထုံးတဲ့ပုံစံကိုအခြားသူတွေ သိနေတာလည်းဖြစ်နိုင်တာပဲ … လုယောင်ယောင် သိနေတာနဲ့ပဲ လုယောင်ယောင်က သူ့ရဲ့ယောင်ယောင် ဖြစ်နေမယ်လို့ မဆိုလိုဘူးလေ၊ နောက်ပြီး လုဝူရှန်းက ဘယ်လိုများ ကျောက်စိမ်းတံဆိပ်ကို ရသွားသလဲဆိုတဲ့ကိစ္စကို သူ သိအောင်လုပ်ရအုံးမယ်။
အချိန်အတန်ကြာ လျှောက်သွားနေပြီးနောက် ယဲ့ကျန်းက မြင်းပေါ်တက်လိုက်ပြီး နောက်လှည့်မကြည့်ဘဲ ခပ်မြန်မြန်ပင် တောအုပ်ထဲမှ ထွက်သွားတော့သည်။
မော့ရုန်ကျန်း ဘာလို့ ငါ့ကိုဆက်ရှာနေတာလဲ၊ လုဝူရှန်းကို ငါလို့ သတ်မှတ်ထားပြီးပြီမဟုတ်လား၊
မမျှော်လင့်ထားဘဲ ကြိုးထုံးတစ်ခုတည်းနဲ့ သူက သံသယဝင်သွားတယ်၊ ဆိုလိုတာက သူ လုဝူရှန်းကို သံသယဝင်နေခဲ့တာပဲ၊ မဟုတ်ရင် ဒီလောက်အထိ အထိမခံဖြစ်စရာမလိုဘူး၊ ဆိုတော့ သူက စပြီး သံသယဝင်နေပြီပေါ့။
သူမ၏စိတ်ဝိညာဉ်က နန်းတော်အတွင်း လှည့်လည်သွားလာနေခဲ့သော လွန်ခဲ့သောနှစ်နှစ်ကို ပြန်သတိရသွားသည်။ ထိုအချိန်အတောအတွင်း သူ လုဝူရှန်းကို တစ်ခါမှ သံသယမဝင်ခဲ့ဖူးပေ။ အနည်းဆုံး ထိုသို့ဝင်ဟန် မပေါက်ခဲ့ပေ။
လုဝူရှန်းက လျှို့ဝှက်စကားများကို မမှတ်မိလျှင်ပင် သူက သူမကို ကြင်နာခဲ့သေး၏။ သို့သော် သည်တစ်ကြိမ်တွင်မူ မော့ရုန်ကျန်းက လုဝူရှန်းကို သံသယဝင်နေခဲ့၏။
ယဲ့ကျန်း စိတ်ရှုပ်သွားသည်။ အလှည့်အပြောင်းများက သူမ မြင်ခဲ့ရသည်နှင့် ကွာခြားနေ၏။
ယဲ့ကျန်း၏နှုတ်ခမ်းများက အနည်းငယ်ကော့တက်သွားသည်။ လုဝူရှန်း၏ အလိမ်အညာများကို မည်သို့ပေါ်အောင် လုပ်ရမည်နည်းဟု သူမ တွေးနေကာစရှိသေးသည်။ သို့ရာတွင် ထိုသို့လုပ်ရန်ပင် မလိုအပ်လောက်တော့ချေ။
မော့ရုန်ကျန်းက သူမကို မေးခွန်းလာခဲ့ကတည်းက လုဝူရှန်းကို သံသယဝင်နေမှန်း နားလည်သွားခဲ့၏။
သူ လုလင်ကျစ်ကို သွားမေးလောက်လား။
သဘောတကျ ဖြစ်နေသော အနေအထားမျိုးဖြင့် ယဲ့ကျန်းက သူမ ကျွင်းကျစ်သို့ ရောက်လာခဲ့ကြောင်းကိုပင် သတိမထားမိတော့ချေ။
“ယောင်ယောင် ယောင်ယောင် ဘယ်ရောက်နေတာလဲ၊ ငါ မင်းကိုရှာနေတာ နေ့တစ်ဝက်လောက်ကြာပြီ”
ယဲ့ကျန်းက တောထဲမှထွက်လာသည်နှင့် ဆရာမရှန်းက မြင်းဖြင့်လာကြောင်း မြင်လိုက်ရသည်။
ယဲ့ကျန်းက မြင်းပေါ်မှ ခုန်ဆင်းပြီးနောက် ရယ်သည်။
“ကျွန်မ ရစ်ငှက်နှစ်ကောင်ကိုရခဲ့ပြီး ဒီည စွပ်ပြုတ်ပူပူလုပ်ဖို့ စဉ်းစားထားတယ်”
“ငါ အခု တော်ဝင်အစောင့်တွေ ဖြတ်သွားတာကို မြင်လိုက်ရတယ်၊ မင်းတို့ တစ်ယောက်ယောက်နဲ့ ဆုံခဲ့သေးလား”
ဆရာမရှန်းက သဲလွန်စ ရလိုရငြားမေးလာသည်။
“ကျွန်မ အစောင့်တွေ မမြင်ပါဘူး၊ ဒါပေမဲ့ ထောင်ချောက်ထဲ ကျနေတဲ့ ကလေးတစ်ယောက်တော့ မြင်တယ်၊ ဒါကြောင့် ကယ်ပြီးထွက်ခဲ့တာပဲ”
ယဲ့ကျန်းက ပြုံးလိုက်သည်။
ဆရာမရှန်း၏မျက်ဝန်းက အနည်းငယ်လင်းလက်သွားသည်။
“ကလေးတစ်ယောက် ဟုတ်လား”
သူမ၏အပြန်လမ်းတွင် ဆရာမရှန်းက တော်ဝင်အစောင့်များကိုမြင်ခဲ့သည်။ ထိုအစောင့်များက ကလေးတစ်ယောက်ကို သယ်ကာ တောအုပ်ထဲမှ ထွက်သွားနေခြင်းဖြစ်၏။ ထိုလူများက ချန်းသဲ့တောင်စံအိမ်သို့ သွားနေခြင်းဖြစ်သည်။
“အဲဒီကလေးက တော်ဝင်မင်းသားလား”
ယဲ့ကျန်းက ရယ်သည်။
“အဲဒီကလေးက သူ့ကိုယ်သူ မင်းသားလို့ပြောနေတာ၊ ကျွန်မကတော့မယုံပါဘူး၊ မင်းသားတစ်ပါးက ဒီလိုနေရာကို တစ်ယောက်တည်း လာမယ်လို့မထင်ဘူး၊ သူက အမဲလိုက်သမားရဲ့သားပဲဖြစ်လိမ့်မယ်၊ ဒါကြောင့် ကယ်ပြီး ထားခဲ့တော့တာပေါ့”
ဆရာမရှန်း ဆွံ့အသွားတော့သည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now