part 34

1.6K 173 3
                                    

Unicode

အပိုင်း ၃၄။ သူ သေသွားပါစေ (၂)
မိန်းမစိုးဖူက ဧကရာဇ်၏အမိန့်အတိုင်း သွားဆောင်ရွက်သည်။ သို့တိုင်အောင် သူ၏ရင်ထဲတွင် သံသယက ရှိနေ၏။
ဘာလို့ ဧကရာဇ်က ဒီလိုတောအုပ်ကို ထူးထူးခြားခြား ကြိုက်နေရတာလဲ။
ဧကရာဇ်က နဂါးပလ္လင်ကိုဆက်ခံပြီး အာဏာရှိလာကတည်းက တစ်စုံတစ်ယောက်ကို စောင့်နေသလိုမျိုး ဒီနေရာကို အမြဲရောက်လာခဲ့တယ်။
မိန်းမစိုးဖူ အံ့ဩရသည်မှာ ဧကရာဇ်အသစ်စက်စက် လက်ထပ်ပြီးသွားသောအခါ သူ၏ငယ်ရွယ်သောဝမ်ဖေးကို ချန်ထားရစ်ခဲ့ပြီး သည်သစ်တောထဲတွင် တစ်ညလုံး လာထိုင်နေခြင်းကိုသာလျှင် ဖြစ်သည်။
မော့ရုန်ကျန်းက ခြောက်သွေ့သောရေတွင်းထဲတွင် ကျနေသော သစ်သားအပိုင်းအစများကို ကောက်သည်။ သူ ဂရုတစိုက်ဖြင့် အရာအားလုံးကို ထိန်းသိမ်းကာ ကြည့်၏။ နောက်ထပ်အဝတ်အပိုင်းအစ ဆက်မတွေ့တော့ပေ။ အားလုံးကို ဆက်လိုက်လျှင်ပင် ဘာစာကိုမျှ မမြင်ရတော့ပေ။
သူ သည်နေရာမှ တည်ငြိမ်စွာ ထွက်သွားရန်သာ တတ်နိုင်သည်။ သူ၏အပြန်လမ်းတွင် ရည်ရွယ်ချက်မဲ့စွာ လျှောက်သွားနေပြီး နဖူးတွင် အမည်းကြောင်းအစင်းများပြည့်ကာ အခြားသူများကို သည်နေရာကို ဖြတ်သန်းသွားသည့်သူများ ရှိသလောဟု လိုက်မေးနေသော မိန်းမစိုးဖူကိုမြင်ရ၏။
“မင်း သွားနိုင်ပြီ၊ ပန်းတွေကိုပဲ ရှုစားလိုက်တော့”
မော့ရုန်ကျန်း၏မျက်နှာတွင် ဒေါသများ မရှိတော့ပေ။ တဖန်ပြန်လည်ငြိမ်းချမ်း သွားချေပြီ။ သို့ရာတွင် အရာအားလုံး၏နောက်ကွယ်တွင် အေးစိမ့်မှုများကို မြင်ရသည်။ သူ၏မျက်ဝန်းများကမူ အေးစက်နေ၏။
သည်လိုပုံစံနှင့် သူ့ကို ခစားလာခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် မိန်းမစိုးဖူက သက်ပြင်းသာချလိုက်၏။ ဧကရာဇ်က ငယ်ရွယ်စဉ်ကတည်းက သဘောတကျ ရယ်ဖူးခြင်းမရှိပေ။ ဝမ်ဖေးလုနှင့်တွေ့သောအခါ သူ၏မျက်နှာတွင် ရှားပါးသော ကြင်နာမှုကိုမြင်ရ၏။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်ကမူ ယခင်အတိုင်း ပြန်ဖြစ်သွားသည်။
သို့သော် ဝမ်ဖေးက ဧကရာဇ်အတွက် ထူးခြားသော တစ်စုံတစ်ယောက်ဖြစ်သည်။ ယခင် ဝမ်ဖေးယဲ့ကဲ့သို့ လာရောက်လည်ပတ်ခြင်း မခံရသော စွန့်ပစ်ခံမဟုတ်ပေ။ ယခင် ဝမ်ဖေးအကြောင်း ပြန်တွေးမိသောအခါ မိန်းမစိုးဖူ သက်ပြင်းချလိုက်ပြန်၏။
မျိုးနွယ်စုတစ်ခုလုံးသေဆုံးပြီး အဆုံးသတ်သွားလောက်အောင် ဧကရာဇ်၏သွေးက ယဲ့မိသားစုအပေါ် လွှမ်းခဲ့ကြောင်းကို ပြန်သတိရ၏။ ထုံးနေသော ကြိုးကြောင့် ယဲ့မိသားစုတစ်ခုလုံးသည် ခါးသီးမှုဖြင့် အဆုံးသတ်သွားခဲ့ရသည်။
မိန်းမစိုးဖူက အတွေးများထဲတွင် နှစ်မြုပ်နေချိန်တွင် မော့ရုန်ကျန်းကမူ ခရေပန်းခင်းဥယျာဉ်ထဲသို့ ရောက်သွားခဲ့ချေပြီ။ လူအုပ်ထဲတွင်ရှိနေသော ဝမ်ဖေးလုက ရင်းနှီးသောပုံရိပ်ကို မြင်သောအခါ သူမ၏မျက်နှာတွင် တောက်ပသောအပြုံးနှင့် ရွှင်လန်းသောအမူအရာက ထွက်ပေါ်လာခဲ့၏။
“အရှင်မင်းကြီး ဘာလို့ ဒီကိုရောက်လာတာလဲ”
သူမက ချိုသာသောအသံဖြင့် အနားသို့သွားကာ နှုတ်ဆက်သည်။
သူမ၏စိတ်တွင် သူမကသာ ဧကရာဇ်တကူးတက လာတွေ့ရလောက်အောင် ထူးခြားသောသူဖြစ်သည်။
မော့ရုန်ကျန်း၏အကြည့်က အခြားသူများအပေါ် တစ်ချက်ဝေ့ဝဲသွားပြီးမှ လုဝူရှန်းထံသို့ ရောက်၏။
“ကျန်း ပိုင်ဟွားဥယျာဉ်ကို မရောက်တာအချိန်အတော်ကြာပြီဆိုတော့ ပန်းတွေကို လာရှုစားတာပေါ့”
လုဝူရှန်းက တောက်ပစွာပြုံးသည်။ အနားတွင်ဝိုင်းနေသော သခင်မလေးများ၏ မနာလိုသောအကြည့်ကို ခံစားမိကာ ပြော၏။
“အရှင့်ကို အကြီးအကဲတွေရယ်၊ အခြားသူတွေရယ်နဲ့ ရှိမယ်ထင်နေတာ”
သည်နေ့မြို့တော်မှ သူမ၏ဆွေမျိုးများအပြင် အခြားသော အမျိုးသမီးများအားလုံးက သည်နေရာတွင် စုဝေးနေကြသည်။ ထို့အပြင် အခြားတစ်ဖက်ခြမ်းတွင်လည်း အမျိုးသားများ၏ သီးသန့်စုဝေးပွဲက ရှိနေ၏။ ပန်းများကိုရှုစားခြင်းထက် အနီးအနားတောင်ကုန်းတွင် အမဲလိုက်ရန် ဆွေးနွေးနေကြခြင်းသာလျှင် ဖြစ်သည်။
“ကျန်း မင်းနဲ့ လမ်းလျှောက်မယ်”
မော့ရုန်ကျန်းက ခပ်တိုးတိုးပြောသည်။ ထူးထူးခြားခြား လုဝူရှန်းကို မျက်နှာသာပေးဟန်ကို အတိုင်းသား ပေါ်လွင်စေ၏။
သည်နေရာတွင်ရှိနေသော သူများအားလုံးက အချင်းချင်း ချစ်မြတ်နိုးစွာ ကြည့်နေသော စုံတွဲကို မနာလိုကြီးစွာကြည့်ကြသည်။ သည်မြင်ကွင်းကို သည်ဝါးတဲအောက်တွင် ရှိသမျှလူတိုင်းက မြင်လိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်း မင်းသမီးလျှိုဟွား၏ မျက်နှာကလည်း မနာလိုမှုကြောင့် နီရဲလာသည်။ သူမ ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ ဆက်လက်၍လည်း မကြည့်နိုင်တော့ပေ။ ချက်ချင်းပင် မတ်တတ်ထရပ်ကာ မော့ရုန်ကျန်း၏အာရုံကိုခိုးရန် ကြိုးစားတော့၏။
အံ့အားသင့်ရန် မလိုလောက်အောင် ယဲ့ကျန်းကလည်း မော့ရုန်ကျန်းကိုမြင်သည်။ သူတို့၏အကွာအဝေးက အနည်းငယ်လှမ်း၏။ သူ၏ပုံပန်းသွင်ပြင်ကို သူမ ရှင်းလင်းစွာ မြင်နိုင်နေသေးသည်။ သူမ၏စိတ်ဝိဉာဉ်က နှစ်နှစ်တိုင်တိုင် သူ၏အနားတွင်သာ ရှိခဲ့၏။ သူ၏ ရုပ်ရည်က ယခင်ကအတိုင်း ခံ့ညားလွန်းနေသေးကာ သူမ၏စိတ်ထဲတွင် နက်ရှိုင်းစွာရှိနေသည့်အလား တူညီနေသေးသည်။
သူက ငယ်စဉ်ကနှင့် ထူးထူးခြားခြား ကွာခြားသွားခြင်းမရှိပေ။ လက်ရှိအချိန်တွင် သူက ပို၍ တည်ငြိမ်သွားကာ ထူးခြားသော အရှိန်အဝါတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေး၏။ သူ့တွင် ကျဉ်းမြောင်းပြီးထက်ရှသော မျက်ဝန်း၊ ပါးလျပြီး ဖျော့တော့သော နှုတ်ခမ်းကို ပိုင်ဆိုင်ထားသည်။ သို့သော် ထိုနှုတ်ခမ်းက ဘယ်တော့မှ မပြုံးပေ။ သူ၏ရုပ်ရည်သွင်ပြင်က ထူးထူးခြားခြား ကြည့်ကောင်းခံ့ညားပြီး လူတိုင်း၏ဝင်သက်ကို ခိုးနိုင်စွမ်းရှိ၏။ သူက အရပ်ရှည်ပြီး တောင့်တင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ဒါက ဓါးအိမ်ထဲတွင်ရှိနေသော ဓါးတစ်ချောင်းကဲ့သို့ ဆွဲထုတ်လိုက်သည်နှင့် မောက်မာစွာဖြင့် ဝံ့ကြွားနိုင်သော ဓါးတစ်လက်ကဲ့သို့ လွတ်လပ်သော အရှိန်အဝါကိုလည်း ပိုင်ဆိုင်ထားသေး၏။
“ အရှင်မင်းကြီးကိုယ်တိုင် ရတနာလို ပစားပေးတာကိုခံရလို့ ဒီဝမ်ဖေးကို မနာလိုဖြစ်လား”
ရုတ်တရက် လူတစ်ယောက်က သူမကိုပြောလာသည်။
ယဲ့ကျန်း ကြောင်သွားပြီး မော့ကြည့်လိုက်သောအခါ ဆရာမရှန်းကိုမြင်ရ၏။ သူမ၏နှုတ်ခမ်းများက အနည်းငယ်ကော့တက်သွားပြီး အဝေးမှ အရပ်ရှည်သောပုံရိပ်ကို ကြည့်လိုက်သည်။
“ဘာကို မနာလိုဖြစ်ရမှာပါလဲ”
သူမက ပြောသည်။
ဆရာမရှန်းက မျက်ခုံးပင့်ပြီး ယဲ့ကျန်းကိုကြည့်သည်။
“ဒီလောကမှာ ဘယ်သူကမှ ဒီလိုအဆင့်အတန်းကို မလိုချင်ဘဲ မနေဘူး၊ မင်း တကယ် မလိုချင်ဘူးလား”
အဆင့်အတန်း ဇိမ်ခံလို့ရတဲ့ အဆင့်အတန်းလား။
သူမက အမြင့်မြတ်ဆုံးအထက်တန်းလွှာမိသားစုမှ ဖြစ်ခဲ့သည်။ သူမတွင် ကိုယ်ပိုင်အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီးသားဖြစ်ကာ ပထမအဆင့်အလှတရားနှင့် ကျော်ကြားမှုပညာရပ်အားလုံးကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ သူမကသာ လိုချင်လျှင် သူမကို ခစားမည့်သူများအားလုံးကို ရွေးချယ်၍ရသည်။ သူမ စကားတစ်ခွန်းသာ ပြောရန်လိုအပ်လောက်၏။
သည်လိုအဆင့်အတန်း ဇိမ်ခံသည့်အနေအထားအားလုံးကို ပိုင်ဆိုင်ခဲ့ပြီးသား ဖြစ်လေရာ ထိုအရာအားလုံးက သူမမော့ရုန်ကျန်းကို လက်မထပ်ခဲ့လျှင် အခုတိုင် ပိုင်ဆိုင်နေမည့်အရာလည်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူက ယခင်ဧကရာဇ်၏ သဘောမကျခံရဆုံး သားတစ်ယောက် ဖြစ်ခဲ့ကြောင်း လူတိုင်းသိသည်။
ဘာကိုအဆင့်အတန်းလဲ၊ ဘာကို ဇိမ်ခံတာလဲ၊ ၁၃ နှစ်အရွယ် ဒဏ်ရာတွေနဲ့ မိန်းကလေးတစ်ယောက်က ဒါတွေကို ဂရုထားနေမှာလား။
အတိတ်အချိန်က ယဲ့မိသားစုကလူများက သူမကို မော့ရုန်ကျန်းနှင့် လက်ထပ်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် သဘောမကျကြပေ။ သို့ရာတွင် သူမက နားကန်းနေသလိုမျိုး အားလုံးကို စိတ်ထဲထားခဲ့ခြင်းပင် မရှိပေ။ ရလဒ်အနေဖြင့် သနားစဖွယ်သေခဲ့ရသည်။ သူမ ယုံကြည်ရသောသူများ၏ သွေးများက ကျဆင်းခဲ့ရ၏။ သူမ သည်လောကမှ ပြန်လည်မရရှိနိုင်သော ချစ်ခြင်းဖြင့် ထွက်ခွာသွားခဲ့ရသည်။
သူမက သူ့ကို တစ်ကြိမ်ချစ်ခဲ့ပြီးလေပြီ။ သို့သော် ဒါကိုအမုန်းတရားနှင့် အစားထိုးထားလိုက်ပြီဖြစ်၏။
“ဆရာမ ကျွန်မအဆင့်အတန်းကိုတော့ သဘောကျပါတယ်၊ ဒါပေမဲ့ ယောက်ျားတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာထက် ကိုယ်တိုင်ရှာဖွေလို့ရတာကိုပဲ သဘောကျတာပါ”
ယဲ့ကျန်းက ဆရာမရှန်းကို အကောင်းဆုံးနားလည်သည်။ သည်ကျော်ကြားသော အဆင့်အတန်းမြင့် အမျိုးသမီးတစ်ယောက်ကို ဘာက ပျော်အောင်လုပ်နိုင်မှန်း သူမ ကောင်းစွာနားလည်၏။ သို့သော် သူမ ပြောလိုက်သည်မှာလည်း မမှားပေ။ လက်ရှိအချိန်တွင် သူမတွင် ရည်ရွယ်ချက်တစ်ခုသာလျှင်ရှိသည်။
မော့ရုန်ကျန်းကတော့ သေချာပေါက်သေရမယ်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now