part 38

1.6K 165 1
                                    

Unicode

အပိုင်း ၃၈။ ပြိုင်ပွဲ(၂)
နှစ်ခါ တွေးမနေဘဲ ထန်းကျန်းက သဘောတူသည်။ သူက ခေါင်းညိတ်ကာ ပြော၏။
"ညီမက ရှုံးသွားရင်ရော"
ထိုကလေးမလေးက ထိုမျှ အမြင်ကောင်း ရှိမည်ဟု ထင်မထားမိပေ။ သူ၏ ငွေရောင် ကြာပွတ်ကို တစ်ချက် ကြည့်ရုံဖြင့် နားလည်နေ၏။ ဒါက ရရန် လွယ်သော ရတနာ မဟုတ်မှန်း သိနေသည်။ သည်လောကတွင် နောက်ဆုံး ရှိသော အပိုင်းအစလည်း ဖြစ်နေသေးသည်။
"ကျွန်မက အားနည်းတဲ့ မိန်းကလေး တစ်ယောက်လေ၊ အမဲလိုက်လို့ ရှုံးသွားတာ ဘာများ ထူးဆန်းနေလို့လဲ။ အခုလို မေးတဲ့အတွက် မရှက်ဘူးလား"
အခြားသူများက အော်ရယ်ကြသည်။ ယဲ့ကျန်းက စကားပြော ကောင်းလွန်းလှ၏။
ယဲ့ကျန်းက ထိုလူများကို မသိပေ။ အနည်းဆုံး သူမ၏ ဘဝတွင် ဒီလူများနှင့် တစ်ခါမှ မဆုံခဲ့ ဖူးပေ။ သို့သော် ကောင်းစွာ နားလည်နေသည်မှာ သူတို့အားလုံးက မော့ရုန်ကျန်း အယုံကြည်ရဆုံးသောသူများ ဖြစ်ကြသည်။
သူမ နန်းတော် အတွင်းတွင် နှစ်များစွာ ရန်ငြိုးကြီး ဝိညာဉ် အဖြစ် လှည့်လည်သွားလာခဲ့ချိန်တွင် ထန်းကျန်းကို မြင်ခဲ့သည်။ သူက မည်သူ့ကိုမှ ဂရုစိုက်ရန် မလိုဘဲ စကားပြောနိုင်စွမ်းရှိသူ ဖြစ်၏။ ထိုထဲတွင် လုလင်ကျစ်လည်း ပါသည်။ လုလင်ကျစ်ထက်ပင် ပြောင်မြောက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု သူမက ဆိုသင့်သေး၏။
ထန်းကျန်းက ကြောင်တောင်တောင် ပြုံးသည်။
"ညီမလေး မင်းက အရမ်း ဉာဏ်ကောင်းလွန်းတယ်"
လုလင်ကျစ်က ဝင် နှောက်ယှက်လာကာ ကြည်လင်သော အသံဖြင့် ပြော၏။
"မင်း ပြိုင်ရဲလား"
ထန်းကျန်းက ရယ်သည်။ သူ၏ ဘဝတွင် ဒီတစ်ခဏလောက် ပျော်ရွှင်ဖွယ် ကောင်းသော အနေအထားမျိုး သူ မကြုံခဲ့ဖူးသေးချေ။
"အာ တတိယညီမ အစ်ကိုကြီး ထန်းကျန်းက မင်းကို မြားသုံးချောင်း အကြောပေးမယ်။ သမင်ကို အရင်ဆုံး ပစ်နိုင်တဲ့ သူက အနိုင်ပဲ"
"ကောင်းတယ်"
ယဲ့ကျန်းက ခေါင်းညိတ်ပြီးနောက် မြင်းကို နှင်ကာ သွားသည်။
"ဒါဆို ကျွန်မ အရင်သွားမယ်"
လုလင်ကျစ်က ယဲ့ကျန်း တောထဲသို့ ဝင်သွားခြင်းကို မျက်မှောင်ကြုတ်ပြီး ကြည့်သည်။ ထို့နောက် လုရှန်းကျစ်ကို ပြောလိုက်၏။
"စတုတ္ထညီလေး မြန်မြန်လိုက်၊ တတိယညီမက ဒီနေရာနဲ့ ကျွမ်းဝင်တာ မဟုတ်ဘူး"
သူက လုရှန်းကျစ်ကို ယဲ့ကျန်း၏ မြင်းနှင့် အမှီ လိုက်ခိုင်းလိုက်သည်။
ထန်းကျန်းက အရှေ့သို့ တစ်ချက် ကြည့်ပြီးနောက် အနားသို့ ကပ်လာသော သူ့လူများကို တစ်ချက် ကြည့်လိုက်သည်။ ထိုထဲမှ လူများက သူ့ကို စူးရှစွာ မေးလိုက်၏။
"မင်း ဒီ  ငွေရောင် ကြာပွတ်ကို ဧကရာဇ်ဆီကနေ ခက်ခက်ခဲခဲ ရထားခဲ့တာ၊ မင်း တကယ် ဒီကလေးမလေးကို ပေးလိုက်မှာလား"
"ဒီ ငွေရောင် ကြာပွတ်က တကယ် အဖိုးတန်တယ်။ ဒါပေမဲ့ ဒီကောင်မလေးက ပိုပြီး အဖိုးတန် မနေဘူးလား"
ထန်းကျန်းက ထိုကလေးမလေး ငွေရောင် ကြာပွတ်ကို ကိုင်ထားမည့် ပုံရိပ်ကို မြင်ယောင် ကြည့်ရုံမျှဖြင့် သဘောကျသွားသည်။
အား အသက်ရှူ မှားလောက်စရာပဲ။
"သွားသွားသွား ငါတို့ ကြည့်ရအောင်"
အခြား တစ်ယောက်ကလည်း အတင်း တွန်း တိုက်သည်။
သခင်မလေးလုက ထန်းကျန်းကို အနိုင်ယူသွားမည်ကို သူတို့ မစောင့်နိုင်တော့ပေ။
လုလင်ကျစ်က ယဲ့ကျန်း အနားသို့ အမှီလိုက်၏။ ထို့နောက် သူမကို ညင်သာစွာ သတိပေးသည်။
"တတိယ ညီမ တောအုပ် အနက်ပိုင်းထဲကို သွားရင် အန္တရာယ် ပိုများလာလိမ့်မယ်။ အနိုင်ရဖို့အတွက်နဲ့ ကိုယ်ပိုင်လုံခြုံမှုကို မရင်းသင့်ဘူး"
ယဲ့ကျန်းက သူ၏ စကားကို လစ်လျူ ရှုထားလိုက်သည်။
ဘာတွေကို လာစိုးရိမ် ပြနေတာလဲ။
ငါက ဒီနေရာနဲ့ အရင်းနှီးဆုံးပဲ။
သူမ၏ ဖခင်၊ သူမ၏ အစ်ကိုနှစ် နှင့် သူမ ဒီနေရာတွင် အမဲလိုက်နေကြ ဖြစ်သည်။ သူမ၏ ဖခင်နှင့် သူမ၏ အစ်ကိုနှစ် အကြောင်းကို တွေးလိုက်ရုံမျှဖြင့် နှလုံးသားထဲတွင် နာကျင်မှုက ထိုးတက် လာသည်။ လုလင်ကျစ်ကို ပို၍ မုန်းတီး လာသေး၏။
"တကယ်လို့ အန္တရာယ်ကို စိုးရိမ်တယ်ဆိုရင် လိုက်လာမနေပါနဲ့။ ညီမမှာ ညီမ အစ်ကိုကြီး ရှိတယ်"
ယဲ့ကျန်းက တိုက်ရိုက်ပင် မကျေနပ်သော လေသံဖြင့် ပြောလိုက်သည်။
အချိန်ကိုက် ရောက်လာသော လုရှန်းကျစ်က ထိုစကားများကို ကြားလိုက်ရကာ သူမကို ဆူတော့သည်။
"ယောင်ယောင် အကြီးဆုံးအစ်ကိုကြီးကို ဘယ်လိုမျိုး ပြောနေတာလဲ"
သူ၏ မျက်နှာတွင် စိတ်ပျက်မှုက ပြည့်နှက်နေခဲ့ကာ ရှက်ရွံမှုကြောင့် နီရဲသွားသည်။
လုလင်ကျစ်က လက်ကာ ပြသည်။
"တတိယ ညီမက ငယ်ပါသေးတယ်"
သူက ယဲ့ကျန်း၏ မပျော်မရွှင် မျက်နှာကို ကြည့်ပြီး ပြောသည်။
"အစ်ကိုကြီးက ညီမလေးကို ဂရုစိုက်တာပါ။ အစ်ကိုကြီးက ကောင်းတဲ့စိတ်နဲ့ ပြောတာပါ"
လုလင်ကျစ်က ကလေးတစ်ယောက်ကို စိတ်ရှည်စွာ ဆုံးမနေသကဲ့သို့ ပြောသည်။
ယဲ့ကျန်းက နှလုံးသားထဲမှ နာကျင်မှုကို ဖိနှိပ်ထားပြီး မြင်းဇက်ကြိုးကို ဆွဲကာ အနက်ရှိုင်းဆုံး တောအုပ် အပိုင်းထဲသို့ ဝင်ရောက်သွားခဲ့၏။
"အကြီးဆုံးအစ်ကိုကြီး ယောင်ယောင်က ငယ်ငယ်ကတည်းက စိတ်ဆတ်တယ်။ အခြားသူတွေက သူမကို တစ်ခါတစ်ရံမှာ ကိုင်တွယ်ဖို့ ခက်တယ်လို့တောင် ပြောကြတာ၊ ဒါပေမဲ့ ယောင်ယောင်က တမင် ရန်စလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး"
လုရှန်းကျစ်က သူ၏ ညီမအစား ပြောပေးသည်။
လုလင်ကျစ်က နားလည်ယောင် ခေါင်းညိတ်သည်။
"ငါ သိပါတယ်၊ မင်း သေချာသာ လိုက်ကြည့်လိုက်ပါ"
သူ၏ တတိယညီမ သူ့ကို သဘောမကျသည်မှာ သူမကို အမျိုးသမီး အကယ်ဒမီသို့ သွားခွင့် မပြု၍မှန်း သူ ကောင်းစွာ နားလည် နေသည်။ သူ့ကို အစ်ကိုကြီးဟု ခေါ်ချိန်တွင် သူမ၏ စိတ်ထဲတွင် သဘော မကျမှုက ပါဝင်နေကြောင်း လုရှန်းကျစ်ကို အစ်ကိုကြီးဟု ခေါ်ချိန်တွင် မည်မျှ နူးညံ့ပြီး ချစ်မြတ်နိုးမှုတွေ ပါဝင်နေကြောင်း သူ ကောင်းစွာ နားလည်သည်။
ဒါက ညီမတစ်ယောက် ဖြစ်သင့်တဲ့ ပုံစံမျိုးပဲ။
ယဲ့ကျန်း ဝေးသထက် ဝေးသွားခြင်းကို ကြည့်နေရင်းနောက် လုလင်ကျစ် အသိ ဝင်လာကာ အမြန် လိုက်တော့သည်။
ဘာလို့ သူမက ဒီနေရာနဲ့ အရမ်း ရင်းနှီး နေတာလဲ။
သူမ ဒီနေရာကိုများ ရောက်ခဲ့ဖူးလို့လား။
ယဲ့ကျန်းက ဒီနေရာနှင့် အလွန် ရင်းနှီးသည်။ သူမက သည်နေရာ၏ သမင်ရှိရာ အပိုင်းနှင့် ပို၍ ရင်းနှီး၏။ သူမ အကောင်ငယ်လေးများကို အမဲလိုက်ရခြင်းကို နှစ်သက်သည်။ သို့သော် သူမ၏ အစ်ကိုနှစ်ကမူ သမင်ကို အမဲလိုက်ရခြင်းကို နှစ်သက်ပြီး အမြဲတမ်းလိုလို သူမကို သင်ကြား ပေးလေ့ရှိသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now