part 76

1.4K 145 1
                                    

Unicode

အပိုင်း ၇၆။ အခုမှ အရွယ်စရောက်လာတဲ့ မိန်းကလေးတစ်ယောက် အပိုင်း(၁)
အကောင်ပေါက်လေးအပြင်  ယုန်နှစ်ကောင်နှင့် ရစ်နှက်နှစ်ကောင်ကိုလည်း လုရှန်းကျစ်က ယူလာပေးသေးသည်။ ယဲ့ကျန်းက အစေခံများကို ပေးပြီး သူမကမူ ရေချိုးရန် အိပ်ဆောင်သို့ ပြန်ရန်ပြင်သည်။
“ အစ်ကိုကြီး ဒီနေ့ အမဲလိုက်တာ ပျော်ဖို့ကောင်းလား”
ယဲ့ကျန်းက အပြုံးနှင့် မေးသည်။
“ကောင်းတာပေါ့။ ယောင်ယောင် မလိုက်ခဲ့တာ နှမြောစရာပဲ။ မဟုတ်ရင် ညီမလေး တကယ် သဘောကျနေမှာ”
လုရှန်းကျစ်က နောင်တရစွာ ပြောသည်။
သူကတော့ ဘယ်သိမှာလဲ။ သူတို့နဲ့ လိုက်သွားတာက ဒုက္ခပဲ ရောက်စေမှာ။ လုလင်ကျစ်နဲ့ မော့ရုန်ကျန်းတို့ ရှိနေမှတော့ ငါ ဘယ်ပျော်ရတော့မှာလဲ။
“ ညီမတို့ နောက်တစ်ကြိမ်မှ သွားကြတာပေါ့”
သူမ တက်ကြွစွာ ပြောလိုက်သည်။
လုရှန်းကျစ်က ခေါင်းညိတ်သည်။
“ ငါ့အထင် အခု ပြန်သွားရတော့မယ်။ အကြီးဆုံးအစ်ကို ဒေါသထွက်နေလောက်ပြီ”
“ အစ်ကိုကြီးက ဘာလို့ သူ့ကို ခေါ်လာခဲ့တာလဲ”
သူမ သဘောမကျသလို ပြောလိုက်သည်။
သူမ၏ အကြည့်က သူမကို ကြာပွတ်ပေးခဲ့သော ချောမောသောလူထံ ရောက်သွားသည်။ ထိုလူက လက်နောက်ပစ်ထားလျက် သူမ၏ ဖခင်နှင့် စကားပြောနေသည်။
“ထန်းကျန့်က လူကောင်းပါ။ သူကသာ ဧကရာဇ်ကို မပြောပေးရင် အစ်ကိုကြီး အခုလို လာပြီး လက်ဆောင်ပေးနိုင်မှာ မဟုတ်ဘူး”
လုရှန်းကျစ်လည်း တစ်ခါတစ်ရံ ဆိုးသွမ်းလာသော ကလေးမအတွက် ခေါင်းကိုက်မိလေသည်။ သည်ညီမက တစ်ခါတစ်ခါ ပြောရဆိုရခက်သော်လည်း သူမ၏ လုပ်ဆောင်မှုတိုင်းက သတိထားမိချင်စရာ ဖြစ်နေခဲ့သည်။
ဧကရာဇ်ဟု ထည့်ပြောလိုက်သည်နှင့် ယဲ့ကျန်း မျက်မှောင်အနည်းငယ် ကြုတ်ပြီး ဘေးဘက်ကို မသိမသာကြည့်ကာ မေးသည်။
“ ဧကရာဇ်က…. တစ်ခုခုများ မေးသေးလား”
“ဧကရာဇ်ကသာ အစ်ကိုကြီးကို တစ်ခုခုမေးလာလို့ကတော့ ဧကရာဇ်က ငါ့ကို စကားပြောတယ်ဆိုပြီး အားလုံးကို လိုက်ပြောနေတော့မှာပေါ့”
လုရှန်းကျစ်က ပြုံးသည်။
“ အိုး”
ယဲ့ကျန်းက ခေါင်းညိတ်သည်။ သူမက ပေါ့ပါးစွာ ရယ်သည်။ သူမ စိတ်အေးသွားရသည်။ ကြည့်ရသည်မှာ မော့ရုန်ကျန်းက မနေ့ညက တွေ့ခဲ့သော မိန်းမကိုရှာရန် အမိန့်ထုတ်ခဲ့ဟန် မရပေ။
“ စတုတ္ထညီလေး ငါတို့ ပြန်သင့်ပြီ”
ထန်းကျန့်က အနားရောက်လာကာ လုရှန်းကျစ်ကို ပြောသော်လည်း သူ၏ မျက်လုံးက ယဲ့ကျန်းထံတွင်သာ ရှိသည်။
“ တတိယညီမ ကိုယ်တို့ တွေ့ကြပြန်ပြီနော်”
ခပ်မြန်မြန် ဂါရဝပြုပြီးနောက် ယဲ့ကျန်းက မေးသည်။
“ အမတ်ထန်း ဒီနေ့ စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲများ ရှိပါသေးသလား”
“ တတိယညီမသာ ပါလာရင်တော့ ကိုယ်တို့ ပြိုင်ဖြစ်မှာ သေချာတာပေါ့”
ယဲ့ကျန်းက မျက်ခုံးပင့်ကာ လက်ပိုက်ပြီး ပြောသည်။
“ အိုး ရှုံးရင် ပေးဖို့အတွက် အမတ်မင်းမှာ ငွေရောင်ကြာပွတ် ထပ်ရှိနေသေးလို့လား”
အာ သူ ဘယ်လိုဖြေရမှာလဲ… သူ အမြဲတမ်းတော့ မရှုံးနေပါဘူး
ထန်းကျန့် ဆွံ့အစွာ တွေးသည်။
လုရှန်းကျစ်သည်လည်း သူ့ညီမ၏ မကြင်နာတတ်ပုံကို တွေးကာ အသာချောင်းဟန့်သည်။
“ ညီမလေး အစ်ကိုတို့ သွားရတော့မယ်”
ထန်းကျန့်လည်း သည်လိုအခြေအနေမျိုးတွင် စခန်းသို့ မပြန်ချင်ပါပေ။ သူက သည်မီးပုံတွင်သာ ထိုင်ပြီး အလှလေးနှင့်အတူ အသားကင်စားရင်း စကားပြောချင်သည်။ သို့သော် ဧကရာဇ်င ချက်ချင်းပြန်လာရန် မှာထားသည်။ ထို့ကြောင့် ဂိတ်ဘက်သို့သာ လျှောက်သွားလိုက်ရသည်။
မီးပုံနှင့် ဝေးသထက် ဝေးလာပြီးနောက် သူတို့ဖြတ်လာခဲ့သော လမ်းတို့ပင် မှောင်နေသည်။ လုရှန်းကျစ်က ခဲလုံးကို ခလုတ်တိုက်သည်။
“ အစ်ကိုကြီး သတိထားလေ”
ယဲ့ကျန်းက လှမ်းအော်သည်။
“ တတိယညီမ ဘာလို့ စတုတ္ထညီလေးကိုပဲ ဂရုစိုက်နေတာလဲ”
သူက သူမ အာရုံစိုက်တာ ခံရဖို့ ကြာပွတ်ကိုတောင် ရင်းထားတာလေ။ အခုတော့ လျစ်လျူရှုခံရပြီလား။
ယဲ့ကျန်းက သူ့ကို မထူးခြားသလို စိုက်ကြည့်သည်။
“အမတ်ထန်းကတော့ ဖြည်းဖြည်းလျှောက်ဖို့ လိုမယ်မထင်ဘူး။ ရှင့်ရဲ့ မျက်နှာက ကျောက်တုံးထက်တောင် မာနေဦးမယ်ဆိုတာ ကျွန်မ သိတယ်”
လုရှန်းကျစ်က သူ့ညီမ၏ မှတ်ချက်ကြောင့် စိုက်ကြည့်ပေးလိုက်သည်။ ကံကောင်းသည်မှာ လုရှီမင်နှင့် ဖေးရှီတို့က အနည်းငယ်လှမ်းနေသည့်အတွက် မကြားကြပေ။ သူ ထန်းကျန့်ကို လှည့်ကြည့်ကာ တောင်းပန်လိုက်သည်။
“ တစ်မျိုးမထင်ပါနဲ့ အမတ်ထန်း ကျွန်တော့်ညီမက ဒီလိုပဲ။ တအားဆိုးတာ၊ စကားလည်း များတယ်”
သူတို့ကို လှမ်းမြင်သော လုရှီမင်နှင့် ဖေးရှီက ပြုံးသည်။ အနားသို့ လျှောက်လာပြီး လူငယ်များကို တံခါးထိ လိုက်ပို့သည်။
ထန်းကျန့်က ယဉ်ကျေးစွာ ပြောသည်။
“ တတိယဦးလေး ကျွန်တော့်ကို လိုက်ပို့ဖို့ မလိုပါဘူး။ ကျွန်တော်နဲ့ လင်ကျစ်က ညီအစ်ကိုတွေလို နေတာပါ။ ဒါကြောင့် သူ့ဦးလေးကလည်း ကျွန်တော့်ဦးလေးပါပဲ”
လုရှီမင်က ကူကယ်ရာမဲ့သလို ပြုံးလိုက်သည်။
သူ အမတ်မင်းရဲ့ ဦးလေးအဖြစ် မခံယူရဲပါဘူး။
သူတို့ ပြန်ဝင်လာသောအခါ ဥယျာဉ်ထဲသို့ ပြန်သွားလိုက်ကြသည်။ ဆရာမရှန်းက ခုံပေါ်ထိုင်ကာ ကုချင်းကို ပွေ့တင်ထားသည်။ သူမက မီးရောင်အောက်တွင် အတွေးလွန်နေဟန်ဖြစ်နေသည်။
သူမ ဆရာမရှန်း၏ အနားတွင် ဝင်ထိုင်လိုက်သည်။
“ ဆရာမရှန်း တီးတာ တကယ်ကောင်းတာပဲ”
ဆရာမရှန်းက ပြန်မဖြေဘဲ ယဲ့ကျန်းကိုသာ စိုက်ကြည့်လာသည်။
“နင်က ကောင်းကောင်းလည်း ကနိုင်တယ်။ ဘာလို့ ကုချင်း မတီးတတ်တာလဲ”
...
Zawgyi

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now