part 56

1.5K 149 2
                                    

Unicode
အပိုင်း (၅၆) မိခင်သောက(၁)
ထန်းကျန့်၏ပစ္စည်းက ယဲ့ကျန်း၏လက်ထဲရှိနေခြင်းကို လုကျင်း မမြင်လိုပေ။ ထို့ကြောင့် သူမက အကောင်းဆုံးကြိုးစားကာ ဖျောင်းဖျသွေးဆောင်ပြီး ရယူလိုနေခဲ့ခြင်းဖြစ်၏။
ဒါပေမဲ့ သခင်မကြီးလုကို ဘယ်လိုပြောရတော့မှာလဲ။
“ကြည့်ရတာ စတုတ္ထညီမက ကြာပွတ်တွေကို ကြိုက်တဲ့ပုံပဲ၊ ဒါပေမဲ့ သူမ ခက်ခက်ခဲခဲ နိုင်ထားတာကိုတော့ တတိယညီမဆီ သွားတောင်းလို့ဘယ်ဖြစ်ပါ့မလဲ၊ ဒီတော့ အစ်ကိုကြီးကပဲ နောက်ထပ် ငွေရောင်ကြာပွတ်တစ်ခုကို ရှာပေးပါ့မယ်”
လုလင်ကျစ်က ပြောသည်။ သူ၏မျက်နှာတွင် နွေးထွေးကာ ကြည်သာသောအပြုံးက ရှိနေခဲ့ပြီး လုကျင်း ငွေရောင်ကြာပွတ်ကို လက်လျှော့ရန် မျှော်လင့်နေသည်။
လုကျင်း၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။ စိတ်ထဲတွင်လည်း စိတ်ပျက်သွားရ၏။
“အဆင်ပြေပါတယ်၊ ညီမ အဲဒီလောက်ကြီး လိုချင်နေတာမဟုတ်ပါဘူး”
ယဲ့ကျန်းက သူမကိုကြည့်ပြီး အနိုင်ရသလိုပြုံးပြလိုက်သည်။
ယဲ့ကျန်း၏မျက်နှာမှ အပြုံးကို မြင်သောအခါ လုကျင်း၏ရင်ထဲ မသက်မသာဖြစ်သွားခဲ့ရကာ ရွံရှာလာမိ၏။
“အကြီးဆုံးအစ်ကိုက မင်းကို ကြာပွတ်အသစ်တစ်ချောင်းပေးမှာ၊ မင်းက မလုံလောက်ဘူးလား”
သခင်မကြီးလုက မေးသည်။ သည်ကိစ္စက ကောင်းမွန်စွာ အဆုံးသတ်သွားလျှင် အကောင်းဆုံး ဖြစ်သည်။
လုကျင်းက လိမ္မာနာခံစွာပြုံးပြီးနောက် လုလင်ကျစ်၏ ဆုံးဖြတ်ချက်ကို လက်ခံလိုက်သည်။
သိပ်မကြာခင်မှာပင် လုရှီမင်နှင့်ဇနီးက ရောက်လာသည်။ ထို့နောက် ကြာပွတ်အကြောင်း အနည်းငယ် ပြောပြီးသည်နှင့် ဘွဲ့ရသည့်အကြောင်းကို ချီးကျူးကြသည်
ထိုစုံတွဲက နှုတ်ဆက်ပြီးနောက်တွင် လုဖန်းက ချန်းချုံပင်းကို လေရှူရန် ခေါ်သွားသည်။ သူတို့က ယဉ်ကျေးသောစကားများကို စိတ်မဝင်စားသော်လည်း ပြောလိုက်ကြရ၏။ ထို့နောက် အကယ်ဒမီအကြောင်းကို ဆက်ပြောကြပြန်သည်။
ထမင်းစားခန်းထဲမှ ထွက်လိုက်သည်နှင့် ယဲ့ကျန်းက ဖေးရှီ၏ အနားတွင်သာ ထိုင်နေတော့သည်။ သူမသမီး၏ ရုတ်တရက် ပြောင်းလဲသွားခြင်းကိုလည်း ဖေးရှီက သိ၏။ သူမ၏သမီးက လှပသထက်လှပလာပြီး မျက်နှာတွင်လည်း အမြဲလိုလို ညင်သာသိမ်မွေ့သောအပြုံးက ရှိနေခဲ့သည်။
ဖေးရှီက သေချာနားမလည်သော်လည်း ရုတ်တရက် စိုးရိမ်သွားမိသည်။ အခြားစားပွဲတစ်ဖက်တွင် လုရှီမင်က သူ၏မိခင်နှင့် စကားလက်ဆုံကျနေကာ ရုံးတော်သို့ ဝင်ရောက်ရန် ဆွေးနွေးနေကြ၏။
“နှစ်ပေါင်းများစွာ လျစ်လျူရှုခံရပြီးတဲ့နောက်မှာ ကျွန်တော် ပညာသင်သားခြံဝန်းမှာ နေရာတစ်နေရာ ရှာနိုင်ပါ့မလား မသေချာပါဘူး၊ နောက်ဆုံးတော့ တရားရုံးနယ်ပယ်ကိုပဲ ဝင်ဖြစ်တော့မယ်ထင်တယ်”
သခင်မကြီးလု ပျော်ရွှင်သွားသည်။
ကောင်းကင်ကသာ သူမ၏သားက ငယ်ရွယ်ချိန်က မည်မျှ နာကျင်ခက်ခဲခဲ့ရကြောင်း သိပေလိမ့်မည်။ သူမ၏အငယ်ဆုံးသားက အင်ပါယာစာမေးပွဲကို သုံးကြိမ်တိုင်တိုင် အနိုင်ရခဲ့သော်လည်း အမြဲလိုလို လှည့်စားခံခဲ့ရ၏။ သူ၏နာမည်ကို မြို့အရှင်သား၏ နာမည်နှင့်အစားထိုးခံခဲ့ရသည်။ ဒါကိုလည်း အစ်ကိုအကြီးဆုံးက ခွင့်ပြုခဲ့သေး၏။
ထိုအရာများအပြင် လုရှီမင်နှင့်အကြီးဆုံးအစ်ကို၏ ဆက်ဆံရေးက ဆိုးရွားသွားခဲ့သည်။ လုရှီမင်က ခွင့်လွှတ်သည်ဟု မည်မျှပင် ပြောဆိုစေကာမူ သခင်မကြီးလုကမူ နာကျင်နေရသေးလေသည်။
သနားစရာကောင်းသော သခင်မကြီးလုက သူမ၏သားက ဝမ်းနည်းနာကျင်နေကြောင်း မြင်ရသည့်တိုင်အောင် မိသားစုအတွက်ကြောင့် လျစ်လျူရှုခဲ့ရသည်။ သူမ ရင်အနာဆုံးက လုရှီမင်က အကြီးဆုံးသား သေဆုံးသွားသည့်နောက်တွင် မြို့တော်မှ ထွက်ခွာသွားခြင်းကို ဖြစ်သည်။
“ကောင်းတယ်၊ မင်းအစ်ကိုလည်း ပျော်နေမှာပါ၊ မင်း အကောင်းဆုံးကြိုးစားမယ်လို့ မျှော်လင့်ပါတယ်”
သူမ၏ဘဝတွင် နောင်တအရဆုံးကိစ္စက သူမ၏သားအငယ်ဆုံး၊ အစ်ကိုအကြီးဆုံးနှင့် မုန်းတီးမှု၊ နောင်တတရားများ ပြည့်နှက်နေသော ကိစ္စကိုသာလျှင်ဖြစ်သည်။ လက်ရှိအချိန်တွင် လုရှီမင်၏အကြီးဆုံးအစ်ကိုက မရှိတော့ပေ။ သခင်မကြီးလုအနေဖြင့် လုရှီမင်က သူ၏အိပ်မက်နောက်လိုက်ကာ အစ်ကိုအကြီးဆုံး၏ မတရားမှုများကို ခွင့်လွှတ်ပေးနိုင်ရန်သာ မျှော်လင့်မိတော့၏။
“အမေ စိတ်အေးအေးထားပါ၊ ကျွန်တော် ကြိုးစားမှာပါ”
လုရှီမင်က ရယ်ပြီး သူ၏ဇနီးကို တစ်ချက်ကြည့်လိုက်သည်။
ဖေးရှီက လုရှီမင်ကို ကြည့်ကာ  ကြင်နာစွာ ပြုံးသည်။ သို့သော် သူမ၏နှလုံးသားထဲတွင် အချို့အကြောင်းပြချက်များကြောင့် ခါးသီးစွာရှိနေခဲ့၏။
သူမက အခြားတစ်ဖက်သို့ ကြည့်လိုက်သောအခါ ယဲ့ကျန်းက သူမ၏မျက်ဝန်းထဲမှ ဝမ်းနည်းမှုကို မြင်လိုက်ရသည်။ အခုနောက်ပိုင်း မည်သို့သောအကြောင်းအရာများက ဖေးရှီကို ဝမ်းနည်းစေကြောင်း သူမ နားမလည်တော့ပေ။ သူမ သည်ကိုယ်တွင် မွေးဖွားလာကတည်းက ကလဲ့စားချေမှုကိုသာ တွေးနေခဲ့ကာ အခြားသူများ၏ကိစ္စကို အာရုံမစိုက်ခဲ့ပေ။
သူမ၏စိတ် အနက်ရှိုင်းဆုံးအပိုင်း၌ နားလည်နေသည်မှာ ဖေးရှီ၏မိသားစုက  သူမကိုချစ်သည်။ သူမကိုလည်း အလွန်ဂရုစိုက်၏။ သူမက လုမိသားစုကို အလွန်မုန်းတီးနေမည်ဆိုလျှင်ပင် လုရှီမင်တို့ကို မုန်းတီးလိမ့်မည်မဟုတ်ပေ။ သူမအမြွှာညီအစ်မ၏ ဘဝကောင်းအတွက် သူတို့အပေါ် အကြွေးများစွာ တင်ထားလေသည်။ ထို့ကြောင့် ယဲ့ကျန်းက လုယောင်ယောင်၏ သည်မွေးစားမိဘများကို အလွန်ဂရုစိုက်ရန် ဆုံးဖြတ်ထားသည်။
စိတ်လှုပ်ရှားသွားသော သခင်မကြီးလုက လုလင်ကျစ်ကိုပြောသည်။
“မင်း မင်းရဲ့ဦးလေးနဲ့ သင့်တော်တဲ့အလုပ်ကို ချက်ချင်းရှာပေးလိုက်ပါ”
လုလင်ကျစ်ကလည်း စဉ်းစားပြီးနောက်တွင် သည်ကိစ္စကိုပြောရန် ဆုံးဖြတ်ထားသည့်အတွက် ခေါင်းညိတ်လိုက်သည်။
“စကားမစပ် မင်းရဲ့ဝမ်းကွဲတွေထဲက တစ်ယောက်က ဝန်ကြီးချုပ်ရွှီရဲ့ အာရုံစိုက်တာကို ခံထားရတယ်၊ မင်း ဘယ်လိုထင်လဲ”
“အဘွား ကျွန်တော့်ဝမ်းကွဲတွေရဲ့ လက်ထပ်ပွဲကိစ္စအတွက် ကျွန်တော့်ရဲ့ ထင်မြင်ချက်ကို စိုးရိမ်စရာမလိုပါဘူး”
လုလင်ကျစ်က ပြုံးသည်။
“ဒါဆိုရင် မင်းကရော ဘယ်တော့များ လက်ထပ်မှာလဲ”
သခင်မကြီးလုက သူ့ကို စိုက်ကြည့်သည်။
“မင်းရဲ့ညီငယ်တွေအားလုံးအကြောင်းကို ပြောနေပြီး မင်းကျတော့ ဘာလို့ နောက်ကနေ ကျန်ရစ်ခဲ့မှာလဲ၊ အားလုံး မင်းကို ကျော်တက်သွားကြပြီ”
လုလင်ကျစ်က သူ၏ညီငယ်များကို လက်ညှိုးထိုးကာ ပြော၏။
“အဘွား သူတို့ဘာသာပဲ သင့်တော်တဲ့ဇနီးတွေ အရင်ရှာပါစေ၊ ကျွန်တော်ကတော့ သူတို့နောက်မှ လက်ထပ်ရလည်း စိတ်ထဲမထားပါဘူး”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now