Part 112

897 99 1
                                    

Unicode
အပိုင်း (၁၁၂)
ယဲ့ကျန်းက ထိုတံခါးစောင့် အနောက်မှလိုက်ကာ ခြံဝင်းထဲတွင်ရှိသော ရေကန်ငယ်လေးတစ်ခုထံသို့ ဝင်သွားသည်။ ရွှီလောင်က ရေကန်စပ်အနားတွင်ရှိသော အဆောင်ငယ်တစ်ခုတွင် ထိုင်နေ၏။
ကျောက်တုံးစားပွဲပေါ်တွင် ကျောက်စိမ်းဘုတ်ပြား ရှိနေသည်။ အနက်နှင့်အဖြူကျောက်တုံး အပိုင်းအစငယ်လေးများက စားပွဲတွင် ရှုပ်ပွနေ၏။
ဘုတ်ပြားပေါ်တွင်ရှိသော ထိုလူ၏မျက်ဝန်းများက အန္တရာယ်ရှိမှုအပြည့် တောက်ပနေသည်။
ရွှီလောင်မှလွဲပြီး မည်သူကမျှ သည်ဝန်းကျင်တွင်ရှိမနေခဲ့ပေ။ သူ ဧည့်ခံနေသည်ဆိုသော ဧည့်သည်ကိုလည်း မမြင်ရပေ။ ရွှီလောင်က မော့ကြည့်ပြီးမှ သူ၏အကြည့်က ယဲ့ကျန်း၏မျက်နှာထံ ရောက်သွားသည်။ ချက်ချင်းဆိုသလို သူ၏မျက်ဝန်းထဲ အံ့အားသင့်မှုက လင်းလက်သွားသည်။
သူ၏မှတ်ဉာဏ်ထဲတွင်ရှိသော တစ်စုံတစ်ရာကို သူ ပြန်သတိရသွား၏။
ဒီကောင်မလေးက ဘာလို့ ဒီလောက်အထိ တူနေတာလဲ၊ ငါ တစ်နေရာကများ မြင်ခဲ့ဖူးတာလား။
ယဲ့ကျန်းက ကြော့ရှင်းစွာ ဦးညွတ်လိုက်၏။
“ဒီသခင်မလေးက အရှင်ရွှီကို နှုတ်ဆက်ပါတယ်”
ရွှီလောင်က အသိပြန်ဝင်လာပြီး ယဲ့ကျန်းအား ထက်ရှစွာကြည့်သည်။
“မင်းက ဘယ်သူ့ရဲ့သမီးလဲ”
“ဒီမိန်းကလေးရဲ့အဖေကတော့ ယဲ့ …”
ယဲ့ကျန်းက ယဲ့ရီချင်၏ နာမည်ကို ထွက်မလိုဖြစ်သွားပြီးနောက် တုံ့ဆိုင်းသွားသည်။
“ဘယ်သူက လုလင်ကျစ်လဲ”
ရုတ်တရက် အရှင်ရွှီက ယဲ့ကျန်း၏စကားကို ဝင်ဖြတ်ပြောသည်။ သူ၏အသံက အေးစိမ့်သွား၏။ ယဲ့ကျန်းက လုလင်ကျစ်ကို လှည့်ကြည့်သည်။
“ကျွန်တော်က သူမရဲ့ဝမ်းကွဲအစ်ကိုပါ အရှင်ရွှီ”
လုလင်ကျစ်က အရှင်ရွှီလောင်ကို နှုတ်ဆက်သည်။ အဖိုးကြီးအရှင်ရွှီက လက်ရမ်းပြကာ မျက်လုံးကို မှိတ်လိုက်ပြီးနောက်ပြောသည်
“အရှင်လု ငါ မင်းနဲ့တွေ့ချင်နေတာကြာပါပြီ”
သူ၏လေသံကမူ လှောင်ရယ်သံအပြည့်နှင့် ဖြစ်သည်။
“အရမ်းကိုအရေးကြီးအရာရောက်တဲ့ ဧည့်သည်တော်တွေက ငါ့ရဲ့ အိမ်ရှေ့တံခါးဝကို ဘာကြောင့်များ ကိုယ်တိုင်ရောက်လာခဲ့ရတာပါလိမ့်”
သူ စကားပြောသောလေသံက ပြင်းထန်နေ၏။
လုလင်ကျစ်ကလည်း သည်တစ်ကြိမ်တွင်ပင် ထိုအဖိုးကြီးက သူ့အား သဘောမကျကြောင်း တန်းသိလိုက်သည်။ သို့တိုင်အောင် သူက ရည်မွန်စွာ ပြုံးထားသေး၏။
“ကျွန်တော် အရှင်ရွှီရဲ့အကြောင်းတွေ အများကြီး ကြားထားဖူးပါတယ်၊ ဒီနေ့ ကိုယ်တိုင်ကိုယ်ကျ ကျွန်တော့်ရဲ့ဝမ်းကွဲတွေကို ခေါ်လာပြီး လာရောက် တွေ့ဆုံတာပါ”
သူက လုရှန်းကျစ်ကို ရွှီလောင်၏ ကျောင်းသားအဖြစ် လက်ခံစေလိုကြောင်း မပြောသေးပေ။ ထိုသို့ပြောလိုက်လျှင် သူ့အား ချက်ချင်းမောင်းထုတ်နိုင်၏။
လူအိုကြီးအရှင်ရွှီဆိုသူက နှာခေါင်းရှုံ့ကာ ပြောသည်။
“ငါ့ရဲ့အိမ်က ကျဉ်းပြီးသေးပါတယ်၊ အရှင်လုက နောက်တစ်ကြိမ်ကျမှပဲ အရှင့်ရဲ့ ကြီးမားလှတဲ့အိမ်တော်ကို ငါ့ကို ဖိတ်ခေါ်သင့်တယ်၊ ငါ့ရဲ့အိမ်တံခါးဝမှာ အခုလို လာမရှုပ်နေဘဲနဲ့ပေါ့လေ”
သည်လောက်ဖြင့် လုလင်ကျစ်အတွက် လုံလောက်သွားချေပြီ။ သူက အဝေးသို့ လှည့်ထွက်သွားပြီး သူ၏ဝမ်းကွဲများကိုလည်း တစ်ခါတည်း ခေါ်သွားရန်ကြံစည်သည်။
သို့သော် ယဲ့ကျန်း၏ချစ်စဖွယ်လေသံကို ကြားသောအခါ သူ ခြေလှမ်းများကို တန့်လိုက်မိသည်။
“ရှင် ကျွန်မတို့ကို မောင်းထုတ်လို့မရဘူး၊ ကျွန်မက ရှင့်ရဲ့ဘုတ်ပြားကစားပွဲကို ဖျက်ဖို့ရောက်လာခဲ့တာ”
“မင်းက သူ့ညီမ မဟုတ်ဘူးလား၊ သူ အခု ထွက်သွားတော့မယ် မင်း ဘာလို့ ကျန်နေရစ်မှာလဲ၊ ရိုင်းစိုင်းကြမ်းတမ်းပြီး ဖြောင့်မတ်မှန်ကန်မှုမရှိတဲ့လူတွေက ငါနဲ့ ဒီကစားပွဲကို ကစားဖို့တန်မယ်ထင်လို့လား”
ရွှီလောင်က အထင်တသေးမနှစ်မြို့စွာပြောသည်။
ယဲ့ကျန်းက ရယ်သည်။
“ကျွန်မ စကားမဆုံးသေးဘူးလေ၊ ကျွန်မတို့ ရှင်ဆန္ဒရှိတဲ့အတိုင်း ထွက်သွားပေးနိုင်တယ်၊ ဒါပေမဲ့ အရင်ဆုံးဘုတ်ပြားကစားပွဲတော့ တစ်ပွဲကစားရမှ ဖြစ်မယ်၊ ကျွန်မနိုင်ရင် ကျွန်မရဲ့အစ်ကိုကို ရှင့်ရဲ့ကျောင်းသားအဖြစ် လက်ခံရမယ် ဘယ်လိုလဲ”
ထိုင်ခုံတွင် ခပ်မတ်မတ်ထိုင်နေသော ရွှီလောင်က ယဲ့ကျန်း၏စကားများကြောင့် မျက်မှောင် ကြုတ်လိုက်သည်။
“မင်းက ဒီအဖိုးကြီးကို နိုင်မယ်လို့ ဘာကြောင့်ထင်တာလဲ”
“ဒါဆိုလည်း စမ်းကြည့်လိုက်လေ”
ယဲ့ကျန်းက ချိုမြိန်စွာ ပြုံးသည်။
သူမက ရွှီလောင်ကို လုရှန်းကျစ်အတွက် မေးမြန်းခြင်းဖြစ်သည်။ သို့ရာတွင် သည်အဖိုးကြီးကို နိုင်လျှင်ပင် လုလင်ကျစ်က အခွင့်ကောင်းယူသွားမည်ကို လက်မခံနိုင်ပေ။
မဟုတ်ဘူး၊ သူ ထပ်ပြီး ရွှီလောင်ကိုသုံးပြီး အင်အားကြီးခွင့် မပြုနိုင်ဘူး။
“ငါ အခုကစားနေတာက ဘာဘုတ်ကစားပွဲလဲဆိုတာ မင်းပြောနိုင်မယ်ဆိုရင် ငါ မင်းနဲ့ကစားမယ်”
ရွှီလောင်က ပြောသည်။
ယဲ့ကျန်းက ဘုတ်ပြားကို တစ်ချက်ကြည့်ပြီးနောက် ပြောသည်။
“ကော့”
ကော့က သေဆုံးခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်က သည်လိုအခြေအနေတွင် မဖျက်ဆီးနိုင်လျှင်ပင် သွေးအန်နိုင်လောက်အောင် ပြင်းထန်သော ကစားပွဲမျိုးဖြစ်၏။ သည်ကစားပွဲကို သူမ၏ဖခင်ကိုယ်တိုင် ပြင်ဆင်ချခင်းခဲ့ခြင်းဖြစ်ပြီး အပြင်လူများ မသိနိုင်ပေ။
ရွှီလောင်၏မျက်ဝန်းက အနည်းငယ် တောက်ပသွားသည်။ သူက တံခါးစောင့်ကို အမိန့်ပေးလိုက်၏။
“လုမိသားစုရဲ့ ဒီသခင်ငယ်လေးနှစ်ယောက်အတွက် လက်ဖက်ရည်ခွက် သွားပြင်လိုက်”
လုလင်ကျစ်က ယဲ့ကျန်းကိုကြည့်သည်။ သူ၏နှလုံးသားအတွင်း သံသယများ ပြည့်နှက်နေသော်လည်း သူမအား ထွက်သွားရန် ပြောရန်မသင့်ပေ။ ထို့ကြောင့် လုရှန်းကျစ်ကိုသာ မျက်လုံးမှိတ်ပြလျက် သူမကိုသာ သည်နေရာတွင် ချန်ထားရစ်ခဲ့လိုက်၏။
“ထိုင်ပါအုံး သခင်မလေး”
ရွှီလောင်က ပြောသည်။
ယဲ့ကျန်းက ရွှီလောင်၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ ထို့နောက် ထိုအဖိုးကြီးကို ကြည့်၏။ သည်လူအိုကြီးက ယခင်က သူမကို မြေးမတစ်ယောက်အလား ဆက်ဆံပြုမူခဲ့ဖူးသူဖြစ်သည်။ သူမက မျက်လုံးမှိတ်ပြလျက် ရင်းနှီးစွာ ပြုံးပြလိုက်၏။
သည်အပြုံးကို မြင်သောအခါ ရွှီလောင်က ချက်ချင်းဆိုသလို သူမက မည်သူနှင့်တူနေကြောင်း မှတ်မိသွားသည်။
“မင်းက ငါ့ရဲ့မိတ်ဆွေဟောင်းရဲ့သမီးနဲ့ အတော်တူတာပဲ”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now