အပိုင်း ၁၄၃
ကောင်ငယ်လေးက မြေတွင်လဲနေပြီး ထိန်းချုပ်၍မရအောင် ဆက်တိုက်တုန်ယင် နေသည်။ သူက အသက် ၅ နှစ်၊ ၆ နှစ်အရွယ်သာရှိနေသေးကာ ပါးပြင်များက နီရဲလျက် နာကျင်မှုကို ခံစားနေရဟန်ရပြီး တစ်ကိုယ်လုံးက တသိမ့်သိမ့်တုန်လျက် ပါးစပ်မှပင် အမြှုပ်အနည်းငယ် ထွက်နေလေပြီ။
သူမကို ဆီးကြိုသော မြင်ကွင်းကြောင့် ကြောင်အပြီး အနားတွင် ဒူးတစ်ဖက် ထောက်ထိုင်ကာ ခေါင်းကိုမော့လျက် ဘေးဘက်သို့မှီထားစေသည်။ သည်နည်းအားဖြင့် ပါးစပ်ထဲမှ အမြှုပ်များကို အရင်ထွေးထုတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူမက ငွေရောင်လက်ကိုင်ပဝါကို ထုတ်လိုက်ပြီး သူ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး အင်္ကျီကော်လံကို အနည်းငယ်ဖွင့်ကာ အသက်ကို အနည်းငယ်ရှူစေသည်။
ငါ ဘာလုပ်ရမလဲ။
ယဲ့ကျန်းက အနည်းငယ်စိုးရိမ်နေသည်။ သူမ၏ ဆေးပညာစွမ်းရည်က လိုအပ်ချက်များစွာ ရှိနေသေးသည်။ လက်ရှိအချိန်တွင် သူမက ညီမဖြစ်သူ၏မှတ်ဉာဏ်ကိုသာ အားကိုးနေရသော်လည်း ညီမဖြစ်သူကိုယ်တိုင်ကလည်း မည်သူ့ကိုမျှ မကုသခဲ့ဖူးသေးချေ။
"တတိယသခင်မလေး ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ"
ဘေးဘက်တွင် သူမနည်းတူဒူးထောက်နေသည့် သိုက်မေ့က ခပ်တိုးတိုးပြောသည်။
ပတ်ဝန်းကျင်မှ အမှားမခံနိုင်သည်ဆိုသော ရေရွတ်သံကို ကြားချိန်တွင် ယဲ့ကျန်းက ကောင်ငယ်လေးထံမှတစ်ဆင့် မော့ကြည့်လိုက်သည့်အခါ ပတ်ဝန်းကျင်တွင်စုရုံးနေသည့် လူအုပ်ကို မြင်လိုက်ရသည်။ အချို့က သူမကိုလက်ညှိုးထိုးပြီး သူမကို မှတ်မိသွားဟန်ရသည်။ ထိုအခါမှသာ သူမ၏မျက်နှာကို ပဝါဖြင့် မအုပ်ထားကြောင်း သတိရလိုက်သည်။
သို့သော် ထိုအခြေအနေကို စိုးရိမ်ရန် အချိန်မရှိတော့ချေ။ သူမက ကလေးသို့သာ အာရုံပို့ထားလိုက်တော့သည်။ ထိုကောင်လေးက ပြန်လည်တည်ငြိမ်ဖြစ်ကြောင်း သိလိုက်ရသည်။
"ပထမဆုံးတစ်ချက်အနေနဲ့ သူ့ကို ရထားလုံးထဲကို ကူတွဲပြီးပို့ပေးကြပါ၊ သိပ်မကြာခင်မှာ သူ့မိသားစု ရောက်လာလောက်တယ်"