part 37

1.6K 158 2
                                    

Unicode

အပိုင်း ၃၇။ ပြိုင်ပွဲ(၁)
မြင်းပေါ်မှ ဆင်းပြီးနောက် ယဲ့ကျန်းက လုရှန်းကျစ်နှင့်အတူ မီးခိုးရောင်ဝံပုလွေကို သွားယူသည်။ သူမ၏အမြွှာညီမနှင့်သူမက စိတ်နေသဘောထား ကွာခြားသည်။ သို့ရာတွင် သူတို့တွေ တစ်ခုတည်းသော တူညီသောအချက်မှာ သွေးကို ကြောက်ခြင်းဖြစ်သည်။ ယုန်အနားသို့ ရောက်သွားသည်နှင့် သူမ အော်လိုက်မိ၏။
“အစ်ကိုကြီး မြန်မြန် ညီမကို ယူပေး”
“ဘာလဲ သွေးကြောက်နေပြန်ပြီလား”
လုရှန်းကျစ်က သူမကိုစသည်။ သူမကို စုန်ချည်ဆန်ချည်ကြည့်ပြီးနောက်တွင် နားနားကပ်ကာ ခပ်တိုးတိုးပြောလာ၏။
“ယောင်ယောင် ဒီနေ့ ကြည့်ကောင်းနေတယ်လို့ ဒီအစ်ကိုကြီး ခံစားလိုက်မိပြီ၊ ကြည့်ရတာ မြို့ပေါ်မှာ မျောက်လို့အခေါ်ခံရဖို့ သင့်လျော်သေးတာပဲ”
ယဲ့ကျန်းက ဒေါသထွက်သွားကာ သူ့ကို စိုက်ကြည့်သည်။
“ညီမက မဟာအလှလေးနော်”
လုရှန်းကျစ်က အော်ရယ်တော့သည်။ သို့သော် သူက ခေါင်းကိုခါပြီးနောက် သူမ၏ပုခုံးကို ပုတ်လာ၏။ ထို့နောက် မည်းမှောင်နေသော မျက်နှာလေးကို ကြည့်ပြီးပြော၏သည်။
“လာပါ လာပါ၊ ဒီအစ်ကိုကြီးက ညီမလေးကို အမဲလိုက်ဖို့ခေါ်သွားပေးမယ်”
“အဟမ်း”
လုလင်ကျစ်၏ ညင်သာသော ချောင်းဆိုးသံက ထွက်လာသည်။ လျစ်လျူရှုခံထားရပြီး မေ့လျော့ခံထားရသော ခံစားချက်နှင့်အတူ ထိုနှစ်ယောက်ကိုကြည့်နေရင်းမှ နှောင့်ယှက်လိုက်တော့၏။ သူ၏အကြည့်က ယဲ့ကျန်းထံတွင်သာ ရှိသည်။ သည်ငယ်ရွယ်သောသခင်မလေးက သူ့ကို ထိုသို့တစ်ခါမှ မပြုံးပြခဲ့ဖူးပေ။ ထိုမျှကြည့်ကောင်းသော ပျော်ရွှင်နေသည့် အပြုံးက သူမ၏နှလုံးသားထဲမှ လာသော ခံစားချက်ကို ဖော်ထုတ်ပြသနေပြီး သူမ၏မျက်နှာကို တောက်ပသွားစေ၏။ သူမ၏အသားအရေက လုံလောက်အောင် မဖွေးဖြူနေသေးသည့်တိုင်အောင် သူမကို မြင်လိုက်ရရုံဖြင့် အကြည့်မလွှဲနိုင်အောင် ထင်ရှားလွန်းနေခဲ့သည်။
“အကြီးဆုံးအစ်ကို ရောက်လာတာပဲ”
လုရှန်းကျစ်က ရိုကျိုးစွာနှုတ်ဆက်သည်။
“ကျွန်တော် ယောင်ယောင်ကို အမဲလိုက်ဖို့ခေါ်သွားမလို့၊ ကျွန်တော် အစ်ကိုကြီးတို့ကို မနှောင့်ယှက်ပါဘူး”
“လင်ကျစ် ဒါက မင်းရဲ့ဝမ်းကွဲလား အာ”
ထန်းကျန်းက ယဲ့ကျန်းကိုသာ ကြည့်နေသည်။
သူ အထင်မမှားလျှင် ထိုကောင်မလေးက လုရှန်းကျစ်ကို အစ်ကိုကြီးဟုခေါ်လိုက်၏။ သို့ဆိုလျှင် သူတို့က ဆွေမျိုးဖြစ်ပေလိမ့်မည်။ အကြောင်းမူကား လုရှန်းကျစ်က လုလင်ကျစ်၏ဝမ်းကွဲမှန်း သူ သိထားလေသည်။
လုလင်ကျစ်က ထိုတစ်ခဏမှသာ ယဲ့ကျန်းကို မိတ်မဆက်ပေးရကြောင်း သတိထားမိပြီး မိတ်ဆက်ပေးလိုက်၏။
“ဒါက ငါ့ရဲ့စတုတ္ထညီငယ်နဲ့တတိယညီမပဲ၊ သူတို့က နယ်မြို့က ရောက်လာကြတာ”
“ညီမ”
ထန်းကျန်းက ထိုစကားကိုကြားသည်နှင့် မျက်ဝန်းက တောက်ပသွားသည်။ သူက ချက်ချင်းပင် ယဲ့ကျန်းကိုကြည့်ပြီး ရယ်လိုက်၏။
“လုသခင်မလေးက မြင်းစီးနဲ့လေးအတတ် တကယ်တော်တာပဲ”
ယဲ့ကျန်း၏နှုတ်ခမ်းထောင့်မှ အပြုံးက ကျုံ့သွားပြီး မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။ သူမက ရိုကျိုးစွာသာ တစ်ချက်ခေါင်းညိတ်ပြလိုက်၏။
“ကျေးဇူး အများကြီးတင်ပါတယ်”
“တတိယညီမ ငါတို့ ပြိုင်ရအောင်”
ယဲ့ကျန်းက ထန်းကျန်းကို ခပ်တင်းတင်းကြည့်လိုက်သည်။ သူမကို သူ၏ညီမအလား ခေါ်နေခြင်းကို သဘောကျခြင်းမရှိပေ။
ပြန်ဖြေရမည့်အစား သူမက နောက်လှည့်ပြီး လုရှန်းကျစ်ကို ကြည့်လိုက်၏။ ပြောရလျှင် သူမက မိန်းမငယ်လေးတစ်ယောက်မျှသာ ဖြစ်သည်။ သည်လိုဖိတ်ကြားချက်ကို ရသောအခါ သဘာဝကျကျပင် သူမ၏ စီနီယာများ၊ အစ်ကိုကြီးများကသာ ဦးစွာလက်ခံသင့်သည်။
နောင်တပြည့်နေသောအမူအရာမျိုးဖြင့် လုရှန်းကျစ်က သူ၏ညီမလေးက ပြိုင်ပွဲများကို ဘယ်တော့မှ ဂရုစိုက်ခြင်း မရှိကြောင်း နားလည်နေသည်။ သူ၏ညီမက ဝင်ပြိုင်ချင်ကြောင်း သူ နားလည်၏။ သို့ရာတွင် သူတို့၏မိခင်ထံမှ အဆူခံရမည်ကို စိုးရိမ်နေသည်ဟု ခံစားနေရသည်။ ထို့ကြောင့် သည်လိုကူကယ်ရာမဲ့စွာကြည့်လာသည်ဟု ခံစားရ၏။
“ကောင်းပြီ၊ အစ်ကိုကြီးက မင်းနဲ့အတူရှိတယ်၊ ညီမလေး ဘာလုပ်နိုင်လဲ သူတို့ကို ပြလိုက်ရအောင်”
လုရှန်းကျစ်က  ယဲ့ကျန်းကို မျက်လုံးမှိတ်ပြသည်။ သူ၏ညီမက ပြိုင်ချင်နေသည်ကို သူက ကူညီပေးသည့်အတွက် သူ လုပ်တာကောင်းသည်ဟု ခံစားမိနေ၏။ သူတို့နယ်မြို့တွင်ဆိုလျှင် အခြားသူများနှင့်အတူ အမဲလိုက်ထွက်ချိန်တိုင်း ဖေးရှီကို သူတို့ ပြောပြခဲ့ခြင်းမရှိပေ။ သည်တစ်ကြိမ်တွင်မူ ကွာခြားသည်ဟု သူ ခန့်မှန်းလိုက်၏။
ယဲ့ကျန်းက သူ့ကို စိုက်ကြည့်ကာ ဖိအားများသလို ခံစားလိုက်ရ၏။
ငါ ဒီလိုဆိုလိုတာ မဟုတ်ဘူးလေ၊ ဒီအကောင်တွေနဲ့ လုံးဝ အချိန်မဖြုန်းချင်ဘူး ဟုတ်ပြီလား၊ ပြိုင်ဖို့မဆိုထားနဲ့ အဲဒီလူရဲ့ကျွန်တွေကို ဂရုကိုမစိုက်ချင်တာ။
“ဘာပဲဖြစ်ဖြစ် ယောင်ယောင်ကို သူနဲ့ပြိုင်ခိုင်းလိုက်ပါ”
လုလင်ကျစ်ကလည်း ဝင်ပြောလာသည်။
ယဲ့ကျန်းက ထန်းကျန်းကို ပေါ့ပါးစွာ ကြည့်လိုက်၏။ သူမ ကန်းနေခြင်းမဟုတ်ပေ။ သဘာဝကျကျပင် ထန်းကျန်းက သူမကို ကျေနပ်အောင်လုပ်ပြီး ချဉ်းကပ်လိုနေကြောင်း နားလည်လိုက်၏။
“ပြိုင်တာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ နိုင်ရင် ဘာရမှာလဲ”
“တတိယညီမက ဘာလိုချင်လို့လဲ”
ထန်းကျန်းက ရှက်ရွံ့စွာပြောသည်။ ယဲ့ကျန်းက သူ၏ဟန်ဆောင်နေခြင်းကို ဂရုမစိုက်ပေ။ သူ့ကိုသာ သေချာကြည့်လိုက်ပြီးနောက် သူ၏ကြည်သာသောအမူအရာကို သတိထားလိုက်မိသည်။
“ကျွန်မကို တတိယညီမဆိုပြီးတော့ ရင်းနှီးသလို မခေါ်နေပါနဲ့၊ ကျွန်မအစ်ကိုတွေ ဒီမှာရှိတယ်”
ထန်းကျန်းက ဝမ်းမနည်းသွားဘဲ ရယ်သည်။
“လုလင်ကျစ်နဲ့ငါက သွေးသောက်ညီအစ်ကိုတွေပဲ၊ သူ့ညီမက ငါ့ညီမပဲပေါ့”
ယဲ့ကျန်းက သူ့ကို အေးစက်စွာ စိုက်ကြည့်သည်။ တစ်စုံတစ်ရာကို သတိထားမိသွား၏။ နေရောင်အောက်တွင် တောက်ပသောအလင်းများ ဖြာထွက်နေသော ငွေရောင်ကြာပွတ်ဖြစ်သည်။ ဒါက သူ၏ခါးတွင်ရှိနေ၏။
“ကျွန်မနိုင်ရင် အဲဒီငွေရောင်ကြာပွတ်ကို ကျွန်မကို ပေးရမယ်”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now