part 12

2.1K 200 2
                                    

unicode

အပိုင်း(၁၂) သူမ၏ လက်ဖဝါးမှ ဝိညာဉ်(၁)
ညက နက်လာသည်။ ညီအစ်ကိုများက အချင်းချင်း စကားစမြည် ပြောကာ ဝိုင် သောက်နေကြလေရာ ည အလွန်နက်လာသည် အထိ ရောက်သွားခဲ့၏။ ထိုအချိန်တွင် ယဲ့ကျန်းက သူမ၏ အခန်းအတွင်း တစ်ယောက်တည်း ရှိနေသည်။ သူမ၏ အစေခံက သူမကို ညအိပ်ဝတ်စုံ လဲပေးပြီးသည်နှင့် အစေခံကို အပြင်တွင် စောင့်ဆိုင်း ခိုင်းထားလိုက်၏။
သက်သောင့်သက်သာ ရှိသော အိပ်ရာခင်း များ၏ အောက်တွင် အနားယူနေပြီး မောပန်းနွမ်းနယ်မှုက သူမကို လွှမ်းခြုံလာသည်။ သူမ၏ ညာလက်မှ ရင်းနှီးကျွမ်းဝင်သော တဆစ်ဆစ်နာကျင်မှုကို ခံစားလျက် သူမ၏ အိပ်မက်များထဲ ပျောက်ဆုံး သွားခဲ့၏။ သူမ ဝေဝါးစွာ ထထိုင်ပြီးနောက် ညာဘက်လက်ဝါးကို စိုက်ကြည့်လိုက်သည်။
ယခင်က ကဲ့သို့ သူမ၏ ညာလက်ဖဝါးပေါ်တွင်ရှိသော မီးတောက်ဖီးနစ် ဆေးမင်ကြောင်မှာ နောက်ထပ် အနီရောင် ရေတစ်စက်ကို ထုတ်ပေးလာသည်။ သူမ အေးခဲသွား၏။ အေးစိမ့်မှုက ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။ သူမ၏ ဝိညာဉ် ကူးပြောင်းလာခြင်းက မှော်ဆန်သည်။ ဒါက အခြားသော ထူးခြားသည့် တစ်စိတ် တစ်ပိုင်း ဖြစ်နေခဲ့၏။
သူမ လက်ချောင်းလေးဖြင့် ထိုရေစက်လေးကို ထိတွေ့လိုက်သည်။ ထိုရေစက်လေးက လုလင်ကျစ်ကို မတွေ့ခင် ဝန်ထုပ်ဝန်ပိုး ကြီးကဲ့သို့ ခံစားရပြီး စိတ်အခြေအနေ မတည်ငြိမ်ဘဲ လက်ဖဝါးကို လက်သည်းနှင့်  ကုတ်ခြစ်မိသော ဒဏ်ရာထံသို့ စီးဝင်သွားခဲ့၏။ ထိုဒဏ်ရာများကို သူမ ယခင်က သတိပင် မထားခဲ့ပေ။ နာကျင်ရကောင်းမှန်းပင် မသိခဲ့ပေ။
သို့သော် လက်ရှိ အချိန်တွင်မူ သူမ၏ အာရုံက ထိုဒဏ်ရာထံသို့ ရောက်သွားသည်။ ဒဏ်ရာ၏  တည်ရှိမှုကြောင့် မဟုတ်ဘဲ ဒဏ်ရာ၏ ပျောက်ကင်းမှုကြောင့် ဖြစ်၏။ သူမ မျက်လုံး ပြူးသွားတော့သည်။ အလွန် ထိတ်လန့်သွားရ၏။
ဘာဖြစ်သွားတာလဲ။
သူမ လက်ဖဝါးကို ပြန်ကြည့်သည်။
ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား။
သူမ၏ လက်သည်းများ ထိုးစိုက်မှုကြောင့် သွေးလွှမ်းသော ဒဏ်ရာက ယခုအခါ ဖျော့တော့သော အမာရွတ်မျှကိုသာ မြင်ရ၏။
မဖြစ်နိုင်ဘူး။
ယဲ့ကျန်း ရေရွတ်လိုက်သည်။
သူမ၏ ဘယ်ဘက် လက်ဖဝါးပေါ်မှ ဒဏ်ရာက သူမ၏ လက်သည်းများ အရေပြား အတွင်းသို့ ထိုးစိုက်ကာ အနည်းငယ် ပဲ့ထွက်သွားချိန်တွင် သွေးများ ထွက်လာသည် အထိ စူးရှသော နာကျင်မှုကို ခံစားခဲ့ရကြောင်း ရှင်းလင်းစွာ မှတ်မိနေသေး၏။ ဒါက ထင်ယောင်ထင်မှား မဟုတ်ပေ။
ယဲ့ကျန်း အလွန် အံ့ဩကာ မတည်မငြိမ် ဖြစ်လာခဲ့သည်။ ဘာတွေ ဖြစ်နေမှန်း သူမ နားမလည် နိုင်တော့ပေ။ ယခင်က သွေးလွှမ်းခဲ့သော ထိုလက်ဖဝါးက ယခုအခါ ဒဏ်ရာ ကင်းမဲ့နေသည်။ ဒါက အလွန် ထိတ်လန့်ဖွယ် ကောင်းလွန်းလှကာ သူမ အော်ဟစ်မိသွား၏။
ထိုအခိုက် အတွေးတစ်ချက်က သူမကို ရိုက်ခတ်သွားသည်။ သူမက ရှင်းရှင်းလင်းလင်းဖြင့် နောက်ထပ် ရေစက်တစ်စက် ဖြည်းညင်းစွာ ထွက်ပေါ်လာသော ဖီးနစ်ရုပ်ပုံလေးကို ကြည့်လိုက်၏။
ခုန်နှုန်း မြန်နေသော နှလုံးသားနှင့်အတူ သူမ၏ ဘယ်ဘက် လက်ဖဝါးပေါ်မှ အခြားသော ဒဏ်ရာထံသို့ ရေစက်လေးကို ကျဆင်းစေလိုက်သည်။ ဒါက ရေတစ်စက် မျှသာ ဖြစ်သော်လည်း ဒဏ်ရာ တစ်ခုလုံးကို စိုရွှဲ သွားစေရန် လုံလောက်နေ၏။ ထိုဒဏ်ရာက သွေးထွက် ရပ်တန့်သွားသည်။ ပဲ့ထွက်နေသော အရေပြားက စတင် ပြန်စေ့ပိတ်လာ၏။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now