part 25

1.7K 166 1
                                    

Unicode

အပိုင်း (၂၅) သိက္ခာချ (၁)
ယဲ့ကျန်းက ရုပ်မဆိုးပေ။ သို့သော် မြို့တော်မှ သခင်မလေး များနှင့် နှိုင်းယှဉ်သော် အသားက မည်းနေသည်။ သို့တိုင်အောင် လုမိသားစုဝင်များထဲတွင် အလှပဆုံးသော သွင်ပြင် လက္ခဏာကို ပိုင်ဆိုင်ထားသူလည်း ဖြစ်၏။
နှမြောစရာ ကောင်းသော သူမ၏ မည်းနေသော အသားကိုသာ ဘေးဖယ် ထားလိုက်မည် ဆိုလျှင် သူမက အလွန် ကြည့်ကောင်းသော သူဖြစ်သည်။ ထို့အပြင် သိပ်မကြာခင်ကမှ ဖျားနာ ထားမှုကြောင့် အလွန် ပိန်ပါးနေသေး၏။ ကံကောင်းသည်မှာ သူမ၏ တက်ကြွသော မျက်ဝန်းတစ်စုံက သူမကို ပို၍ပင် လန်းဆန်းနေစေသည်။
သခင်မကြီးလုက သခင်မချန်း၏ စကားကြောင့် ဂုဏ်ယူစွာ ပြုံးသည်။
"တို့ရဲ့ မြေးမလေးတွေက သိပ်တော်ကြတာ၊ ယောင်ယောင်က နယ်မြို့လေးက ရောက်လာခါစလေ၊ ဒါကြောင့် ဆရာမရှန်းရဲ့ ကျောင်းသူ တစ်ယောက်ဆိုတာထက် မပိုပါဘူး"
ဆရာမချန်းက လုမိသားစုကို အထင်သေးသူ ဖြစ်သည်။ သခင်မကြီးလုကို ဥပမာထားပြီး ကြည့်ရသော် သူမက သူမ၏ မိသားစုက မည်မျှ လုပ်နိုင်စွမ်းအား ရှိကြောင်း ကြွားဝါ တတ်လွန်း၏။ သူမက ဇိမ်ခံ ပစ္စည်းများကိုသာ ဝတ်ဆင်သည်။ တစ်နှစ်ပတ်လုံး မြို့တော်မှ အခြားသော ကျော်ကြားသော မိသားစုဝင်များ အကြောင်းကိုသာ အမြဲတမ်း တွေးတောနေလေ့ ရှိ၏။ သို့သော် သူမ မသိသည်မှာ လူအများက သူမ၏ နောက်ကွယ်တွင် လှောင်ပြောင်နေခြင်းကိုသာလျှင် ဖြစ်သည်။
သို့သော် လုမိသားစုက အဆင့်မြင့် တော်ဝင် ကိုယ်လုပ်တော် တစ်ယောက်ကို မွေးပေးထားသည်။ လုလင်ကျစ်ကလည်း အင်ပါယာသစ်၏ ညာလက်ရုံး တစ်ယောက် ဖြစ်နေသေး၏။
သည်အသက်အရွယ် ငယ်ငယ်နှင့်တင် လုလင်ကျစ်က စစ်ဝန်ကြီး ဌာနတွင် လက်ထောက် ဝန်ကြီးတစ်ယောက် ဖြစ်နေခဲ့ချေပြီ။ ထို့ကြောင့် နှစ်နှစ်တာ အချိန် ကြာပြီးလျှင် သူက ဝန်ကြီးတစ်ယောက် ဖြစ်လာနိုင်သေး၏။
ယဲ့ကျန်းက မထင်ထားသည်မှာ သခင်မကြီးလုက သူမ၏ မြေးများကြားတွင် သူမအကြောင်း ကြွားပြလိမ့်မည်ကို ဖြစ်သည်။ သူမ၏ ပါးပြင်က အတန်ငယ် ပူပြင်းသွား၏။ အထူးသဖြင့် အာရုံစိုက်ခံရသောကြောင့် ဖြစ်သည်။ သို့သော် တိတ်ဆိတ်စွာ ပြုံးထားလေ၏။
အခြား တစ်ဖက်တွင် ဆရာမရှန်းက ယဲ့ကျန်းကို ပေါ့ပါးစွာ ကြည့်သည်။ တည်ငြိမ်မှုကို အသိအမှတ် ပြုပြီးနောက် သဘာဝဆန်သော တုံ့ပြန်မှုကို သဘောကျနေ၏။
သူတို့ အထဲ ဝင်လာသောအခါ တွေ့သမျှသော လူတိုင်းက ကြိုဆို နှုတ်ဆက်ကြသည်။ သူတို့က ဥယျာဉ်ထံသို့ သွားသော လမ်းတွင် မွှေးပျံ့သော ပန်းရနံ့က ပြန့်လွင့်လာပြီး လူတိုင်း၏ စိတ်ကို ညင်သာစွာ ဖမ်းစား ကြိုဆိုနေသည်။
သူတို့၏ အရှေ့တွင် ရှိသော ပန်းပင်လယ်ထဲတွင် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားကြသော လူအုပ် နှစ်ဖွဲ့ သုံးဖွဲ့ခန့် ရှိနေသည်။ သည်ပြောင်ကွင်းပြင်တွင် အလှ ဆင်ထားသော ဝါးတောက သဘာဝဆန်ကာ သာယာလွန်း၏။ တွေ့ဆုံပွဲ အနေဖြင့် ပြင်ဆင်ထားသော စားပွဲဝိုင်းများတွင်လည်း အရသာ ရှိသော သစ်သီးနှင့် ဝိုင်များက ပြည့်နှက်နေသည်။
သခင်မကြီးလု ရောက်လာသည်နှင့် လူအုပ်က ငြိမ်သက်သွားတော့၏။
သိပ်မကြာခင်မှာပင် တောက်ပသော ဝတ်စုံပြာကို ဝတ်ဆင်ထားသော အမျိုးသမီးငယ် တစ်ယောက်က အနား ကပ်လာပြီး ပြောသည်။
"သခင်မကြီးလု သခင်မကြီးလု နောက်ဆုံးတော့ ရောက်လာပြီပဲ။ သခင်မဝူက သခင်မကြီးလု အကြောင်းကို ပြောနေတာ ကြာပြီ။ ဒီနေ့ သခင်မကြီးလု မလာတော့ဘူး လို့တောင် ထင်နေကြတာ"
"သခင်မကြီးဝူက ဒီလိုတော့ မနောက်သင့်ပါဘူး၊ ဒီ သခင်မအိုကြီးက သခင်မကြီးဝူ ဒီနေ့ ကျင်းပတဲ့ ပန်းရှုစားခြင်း တွေ့ဆုံပွဲကို မလာပဲ ဘယ်နေရဲပါ့မလဲ"
သခင်မအိုကြီးက ပျော်ရွှင်စွာ ပြန်ဖြေသည်။
နှစ်တိုင်းလိုလို မတူကွဲပြားသော သူများက ဒီတွေ့ဆုံပွဲကို ကျင်းပလေ့ ရှိကြသည်။ သို့သော် ထိုသူများ အားလုံးကို မိဖုရားခေါင်ကြီး ကိုယ်တိုင် ရွေးချယ် ထားခြင်းလည်း ဖြစ်၏။
ပုံမှန်တိုင်း ဆိုလျှင် ထိုကဲ့သို့သော သူများကို ဧကရီက ရွေးချယ်ရခြင်း ဖြစ်သည်။ ဒီနှစ်တွင် နန်းတော်တွင် ဧကရီ မရှိသေးပေ။ ထို့ကြောင့် အနောက် နန်းဆောင်ကို ထိန်းချုပ်သူက တော်ဝင် ကိုယ်လုပ်တော် လုဝူရှန်း ဖြစ်နေ၏။
ဝမ်ဖေးက အနာဂတ်မှာ ဧကရီ မဖြစ်လာဘူးလို့ ဘယ်သူကများ သိထားမှာလဲ။
ယဲ့ကျန်းက မည်သူကမှ လုမိသားစုကို ရန်မစဝံ့သော အကြောင်းပြချက်ကို နားလည်သည်။
ပြောရလျင် လူတိုင်းက အကောင်းဆုံး ဘက်တွင်သာ ရှင်သန် လိုကြသည်။ ဒါက ယခင် ယဲ့မိသားစုတွင် မိတ်ဆွေ များသည်နှင့် အလားတူစွာပင် ဖြစ်၏။
ယဲ့ကျန်းက သခင်မကြီး လုနောက်မှ အမြှီးကဲ့သို့ လိုက်သည်။ တိတ်ဆိတ် စွာဖြင့်ပင် လူအုပ်ထဲတွင် ရောနှောနေကာ ကပ်ပါသွား၏။
ဝါးတောထဲတွင် ရှိသော သခင်မများက သခင်မကြီးလုကို မြင်သောအခါ တစ်ယောက်ပြီး တစ်ယောက် လာရောက် နှုတ်ဆက်ကြသည်။
ယဲ့ကျန်းက သည်မြင်ကွင်းကို မြင်သောအခါ ရင်နာလာသည်။
မြို့တော်က အထက်တန်းလွှာ အမျိုးသမီးတွေက ဘယ်အချိန်က ဒီလို နှုတ်ဆက်ဖို့ လိုအပ်သွားတာလဲ။ လုမိသားစုက တော်ဝင် နန်းတော်ကို ဝင်ရောက်နိုင်ပြီး လုဝူရှန်းက ဝမ်ဖေး ဖြစ်သွားရုံနဲ့ သူတို့အားလုံး ယဲ့မိသားစုကို မေ့သွားကြတာပဲ။
သခင်မကြီးလု၏ မျက်နှာကို ကြည့်ပြီးနောက် ယဲ့ကျန်းက သခင်မကြီးလုဟာ အခြားသူများနှင့် နှုတ်ဆက်နေချိန်တွင် ကျေနပ် အားရသော အပြုံးကို မဖုံးဖိနိုင်ကြောင်း မြင်လိုက်ရသည်။
ယဲ့ကျန်း ဝမ်းနည်း သွားရ၏။ အထူးသဖြင့် သူမ အတွက် ဖြစ်သည်။ သူမ အမြဲအတူ ရှိပြီး သူမကြောင့် ချီးကျူး ခံရသော စကားများကို သူမ၏ မိသားစု အစစ်အမှန်က မကြားနိုင်တော့ပေ။
သို့ရာတွင် ယဲ့ကျန်း ဝန်ခံရမည်မှာ လုမိသားစုက ပိုကောင်းမွန်သော ဘက်ခြမ်းတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ မည်သူကမှ ချင်မင်းဆက်တွင် ခန့်မှန်း၍ မထားသော နိမ့်ကျသည့် မင်းသားတစ်ပါးက ဧကရာဇ်ဖြစ်ကာ ထီးနန်းကို ပိုင်ဆိုင် နိုင်မည်ဟု မထင်ထားလောက်ပေ။
လုဖန်းနှင့် လုကျင်းတို့က သခင်မ အများစုမှ လာရောက် နှုတ်ဆက်ကြောင်း မြင်သောအခါ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ အားလုံး၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများကို မြင်ရ၏။ သူတို့က ထိုမြင်ကွင်းကို သဘောကျနေသည်။ သူတို့က ရှေ့ တစ်လှမ်း တိုးပြီးနောက် လမ်းကြောင်းဖောက်ကာ ယဲ့ကျန်းကို အနောက်သို့ သိသိသာသာ တွန်းပို့ ထားလိုက်၏။
မြေးမများ၏ လုပ်ဆောင်မှုကို မြင်သောအခါ သခင်မကြီးလုက ဂုဏ်ယူစွာ ပြုံးပြီး ပြောသည်။
"ဒါက တို့ မြေးမတွေလေ၊ သခင်မတွေကို နှုတ်ဆက် လိုက်ကြပါ၊ မြန်မြန်"
"သခင်မတို့ကို နှုတ်ဆက်ပါတယ်"
သူတို့ နှစ်ယောက်လုံးက ညင်သာ သိမ်မွေ့စွာ ပြုံးလျက် နှုတ်ဆက်လိုက်ကြသည်။ လူအများ အမြင်တွင် မျက်နှာသာ ရရန် ပြုမူ နေကြ၏။
ယဲ့ကျန်းက နောက်မှ လိုက်ကာ နှုတ်ဆက်သည်။ သူမက နောက်တွင် တိတ်ဆိတ်စွာ ရပ်နေသည့် တိုင်အောင် စကားတစ်ခွန်းမှ မဆိုပေ။
"ဒါက သခင်မကြီးလုရဲ့ မြေးမတွေလား၊ အားလုံးက ဝမ်ဖေးလုလိုမျိုး အရမ်း လှပကြတာပဲ။ သခင်မကြီးလုရဲ့ မြေးမတွေက မျှော်လင့်ထားတဲ့ အတိုင်း ပြည့်စုံလွန်းကြပါတယ်။ သူတို့ ဘယ်လောက်ထိ မြင့်မြင့် သွားနိုင်ကြမှာများလဲ"
သခင်မကြီးလုက ပြုံးပြီး ပြောသည်။
"သူတို့ ဘယ်လောက်ထိ မြင့်မြင့် သွားနိုင်မလဲ ဆိုတာက အရေးမကြီးပါဘူးလေ။ တို့ရဲ့ ချစ်ရတဲ့ လုဝူရှန်းက အမြင့်ဆုံး နေရာတစ်ခုကို ရောက်နေခဲ့ပြီးပြီပဲ"
သခင်မကြီးလုက သင့်လျော်သော စကားဖြင့် ပြန်ဖြေသည်။
သခင်မကြီးဝူ၏ အကြည့်က သခင်မကြီးလု၏ အနားသို့ ရောက်သွားပြီး ယဲ့ကျန်း၏ မျက်နှာပေါ်သို့ ရောက်သွားသည်။ သူမ မျက်လုံးပြူးကာ အံ့ဩသွား၏။
"ဒီကောင်မလေး ကြည့်ရတာ တို့ တစ်ခါမှ မမြင်ဖူးသလိုပဲ"

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now