ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23
Chapter 17 (ကမ္ဘာနှစ်ခု တိုက််ခိုက်ကြခြင်း)နီဟီလမ် နယ်မြေထဲမှာတော့.. ဦးချိုပါ စစ်သူရဲကြီး သန်းပေါင်းများစွာဟာ ဆောက်တည်ရာမရ အသက်လု ထွက်ပြေးလို့နေကြပါပြီ။
“ဟင် .. ဒီလည်ဆွဲဝိုင်းနဲ့ ရန်သူကြီး… သူ့အကြည့်ခံရတဲ့ နယ်မြေက စစ်သူရဲတွေအားလုံး သေဆုံးကုန်ကြပြီ.. ။ သူက အရမ်းကြောက်ဖို့ကောင်းတယ်။ ပြေးဟေ့.. ပြေးဟ..။”
“စစ်သူကြီး တစ်ချက်တည်းနဲ့ သေသွားပြီ..”
အားလုံး အလဲလဲအပြိုပြို ဖြစ်နေကြပြီလေ။
အချိန်တိုလေးအတွင်းမှာပဲ ပထမ တပ်မဟာကြီးရဲ့ စစ်သူရဲကြီးပေါင်း ခြောက်ရာကျော်ဟာ စစ်သူကြီးနဲ့ အတူ သေဆုံးသွားခဲ့ပါပြီ။ ဦးချိုပါ စစ်သူရဲကြီးတွေလည်း ၀င်္ကပါကို ဆက်ပြီးတော့ မထိမ်းသိမ်းနိုင်ကြတော့ဘူးလေ။ ပြန်လည်းမတိုက်ခိုက်လိုကြတော့ပါဘူး။ စိတ်ဓာတ်ပျက်ပြားစွာနဲ့ ခြေဦးတည့်ရာ ထွက်ပြေးပျံသန်းသွားခဲ့ကြပါပြီ။
ဒီအချိန်မှာပဲ စစ်သူရဲကြီးတွေနှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာကနေ အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပါပြီ။ သူတို့ရဲ့့ မျိုးဆက်သွေးအမြူတေကနေ ထွက်ပေါ်လာတဲ့ စကားသံပါ။
“မိခင်ဘုရင်မကြီး ကိုယ်ပွား”
“မိခင်ဘုရင်မကြီး ကိုယ်ပွား”
“မိခင်ဘုရင်မကြီး ကိုယ်ပွား”
အသံဟာ ဆက်တိုက်ကို ပဲ့တင်သံထပ် ထွက်ပေါ်လာနေတယ်လေ။ ခြေဦးတည့်ရာ ပျံသန်းနေကြတဲ့ စစ်သူရဲကြီးတွေလည်း ရပ်တန့်သွားခဲ့ကြပါပြီ။ ဒီအသံဟာ သူတို့မွေးဖွားစဉ်ကတည်းကကို ရှိနေခဲ့တာပါ။ ချိုကျိုးကမ္ဘာရဲ့ စစ်သူရဲကြီးတွေဟာ မွေးဖွားလာစဉ်ကတည်းကကို မိခင်ဘုရင်မကြီးကိုယ်ပွားကို ဆင့်ခေါ်ဖို့ အသင့်ဖြစ်နေခဲ့ကြပြီလေ။ သူတို့ဘ၀မှာ ရှင်သန်နေရတဲ့ အဓိက အကြောင်းအရင်းကလည်း မိခင်ဘုရင်မကြီးကိုယ်ပွားအတွက်ပါ။ တခြားဂြိုလ်ကမ္ဘာပေါင်းများစွာက ကြောက်ရွံ့ခဲ့ရတဲ့ ချိုကျိုးကမ္ဘာရဲ့ ကြောက်စရာအကောင်းဆုံး အစွမ်းပဲလေ။