အခန်း(၂၂၆)
မထင်မှတ်ထားသော အခြေအနေ။
အိပ်ရာပြင်ပြီးသည့်အချိန်အထိ Han Yunxi မှာ မြိန်ရည်ယှက်ရည် စားသောက်နေသေးကြောင်း Gu Qishao မှာ တွေ့လိုက်ရသည်။ ထို့ကြောင့် သူက မေးခွန်းများမေးနေခြင်းအား ရပ်တန့်လိုက်ပြီး တစ်ဖက်တွင်ထိုင်ကာ သူမက စားနေသည်အား ကြည့်နေသည်။ အေးစက်ဖျော့တော့သော အလင်းရောင်ထဲတွင် သူ၏ မှော်ဆန်သော အနီရောင်ဝတ်စုံနှင့် ဆွဲဆောင်မှုရှိသော မျက်နှာမှာ ဆန်းကြယ်သော နတ်ဆိုးတစ်ကောင်အလားပင်။ ထိုရှည်လျား ကျဉ်းမြောင်းသော မျက်ဝန်းများမှာ သူ၏ ရှေ့ရှိ သားကောင်အား ဝမ်းမြောက်စွာ ကြည့်နေသကဲ့သို့ ကြိမ်ဖန်များစွာ မှေးကျဉ်းသွားသည်။
သူက ကြည့်မိလေလေ သဘောကျနှစ်သက်မိလေလေ ဖြစ်ကာ ကျေနပ်မှုအား ခံစားရလေလေဖြစ်သည်။ သူ၏ နှုတ်ခမ်းထောင့်များမှာ အပေါ်သို့ ဆက်တိုက်မြင့်တက်လာသည်။ Han Yunxi မှာ ပြည့်တင်းအောင် စားသောက်နေသူဖြစ်သော်လည်း သူကသာ အပြည့်အဝ ကျေနပ်မှုအား ခံစားလိုက်ရသည်။ Han Yunxi မှာ စားသောက်ပြီး၍ ကြည့်လိုက်လျှင် မထိန်းချုပ်နိုင်ပဲ မျက်လုံးများ လှိမ့်လိုက်တော့သည်။ သူမ စားနေတဲ့ ပုံစံက ဆွဲဆောင်မှု ရှိလို့လား!!!! Gu Qishao မှာ သူ၏ အကြည့်များ ဝေဝါးလာသည်အထိ သူမအား ငေးကြည့်နေခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။
“ကျွန်မ ဗိုက်ပြည့်ပြီ.. ရှင်ပြန်လို့ရပြီ။” Han Yunxi မှာ ရေသောက်ရင်း မညှာမတာ ပြောလိုက်တော့သည်။
Gu Qishao မှာ သူမထံမှ ရက်စက်သော စကားများအား အမြဲတစေ စိတ်ဆိုးခြင်းမရှိ နားထောင်ပေးနေကြဖြစ်သည်။ သူက ရေရွတ်လိုက်သည်။ “ပြောပါဦး.. အဆိပ်ကောင်မလေး.. တကယ်လို့ မင်းက တစ်ယောက်ယောက်ကို ကြိုက်ရင် သူတို့ကို မြင်ရရုံနဲ့ ဗိုက်ပြည့်တယ်လို့ ခံစားရလောက်လား။"
ဖူး…….!!!!
Han Yunxi မှာ ရေများ ထွေးထုတ်မိသွားတော့သည်။ ဒါဘယ်လို ဆိုးဝါးတဲ့ အလင်္ကာကြီးလဲ…..!သူ့ကိုယ်သူများ လူသားစားတဲ့ မြေခွေးမိစ္ဆာလို့များ ထင်နေလား။
“တကယ်လို့ ရှင်အခု မပြန်ရင် အစောင့်တွေ ကင်းလှည့်တာနဲ့ တိုးပြီးမိသွားလိမ့်မယ်နော်..” သူမက သတိပေးလိုက်သည်။